ရခိုင်အရေးနှင့် ပတ်သက်၍ ကိုဖီအာနန်ကော်မရှင်၏ အဆိုပြု ၈၈ ချက်အနက် ၈၁ ချက် အကောင်အထည်ဖော်ထားပြီး ကျန်အချက်များသည် ရေရှည်ဆောင်ရွက်ရမည့် ကိစ္စများဖြစ်သည့်အတွက် တစ်လှမ်းချင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ရခိုင်အရေးနှင့် ပတ်သက်၍ ကိုဖီအာနန်ကော်မရှင်၏ အဆိုပြု ၈၈ ချက်အနက် ၈၁ ချက် အကောင်အထည်ဖော်ထားပြီး ကျန်အချက်များသည် ရေရှည်ဆောင်ရွက်ရမည့် ကိစ္စများဖြစ်သည့်အတွက် တစ်လှမ်းချင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 7 August 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး သြဂုတ် ၆ ရက်က တွေ့ဆုံဆွေးနွေးနေမှုကို တွေ့ရစဉ် (Photo: MOFA Myanmar)

ရခိုင်အရေးနှင့်ပတ်သက်၍ ကိုဖီအာနန်ကော်မရှင်၏ အဆိုပြု ၈၈ ချက်အနက် ၈၁ ချက်အား အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ကျန်အချက်များသည် ရှေရှည်ဆောင်ရွက်ရမည့် ကိစ္စများဖြစ်သည့်အတွက် တစ်လှမ်းချင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ် ၆ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံတော်၏အတိုင်ပင်ခံံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Taro Kono အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးတွဲသတင်းစာ ရှင်းလင်းရာတွင် ဂျပန်သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒေါက်တာကိုဖီအာနန်ရဲ့ ကော်မရှင်ကဆိုရင် ၈၈ ချက် အဆိုပြုထားပါတယ်။ အဲဒီထဲမှာဆိုရင် ကျွန်မတို့အနေနဲ့ ၈၀ ကျော်ပြီးပါပြီ။ ၈၁ ချက် အကောင်အထည်ဖော်ဖို့ ပြီးသွားပါပြီ။ ကျန်တဲ့ ခြောက်ချက်၊ ခုနစ်ချက်က အစကတည်းက ကော်မရှင်ကနေပြီးတော့ တချို့ကိစ္စတွေက ရှေရည်ကိစ္စတွေမို့လို့ တစ်လှမ်းချင်း တစ်လှမ်းချင်းလုပ်ရမယ်လို့ ပြောထားပြီး ဖြစ်ပါတယ်။ ဒီအတိုင်းပဲ တစ်လှမ်းချင်း တစ်လှမ်းချင်း လုပ်ရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကိုဖီအာနန်၏ အစီရင်ခံစာသည် ရေတို၊ ရေရှည် ကိုင်တွယ်ဆောင်ရွက်ရမည်ကို တွေ့ရှိနိုင်ပြီး နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားဥပဒေသည် တစ်လှမ်းချင်း လုပ်ဆောင်ရမည့် ကိစ္စဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျွန်မတို့ဟာ ရေရှည်အတွက် ဘာလုပ်ရမလဲဆိုတာ ကျွန်မတို့ရဲ့ အစိုးရတက်ပြီးကတည်းက ရခိုင်ပြည်နယ်တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးအတွက်ဆိုပြီးတော့ ဗဟိုကော်မတီတစ်ခု ဖွဲ့ပါတယ်။ အဲဒီဗဟိုကော်မတီဟာ ရခိုင်ရဲ့ ရေရှည်ပြဿနာတွေ ဖြေရှင်းရေးကို လိုတယ်ဆိုတာကို သဘောပေါက်လို့ ဖွဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဗဟိုကော်မတီက အလုပ်မစခင်ပဲ ပထမဦးဆုံး အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာပြီးတော့ အခြားကိစ္စတွေ ပေါ်လာတာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ တစ်လှမ်းချင်း တစ်လှမ်းချင်း ပြဿနာတွေကို ဖြေရှင်းသွားရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့တွင် ပါဝင်သူများသည် အရည်အချင်းပြည့်စုံပြီး ၎င်းတို့၏ လုပ်ပိုင်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ပေးသွားမည်ဖြစ်ကာ လိုအပ်ပါက ဂျပန်နိုင်ငံနှင့် အခြားမိတ်ဆွေနိုင်ငံများမှ နည်းပညာဆိုင်ရာ အထောက်အကူများ ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့အစိုးရအနေနဲ့ အမျိုးမျိုးသောအမြင်တွေကို နားထောင်ရပါတယ်။ ပြင်ပက ပုဂ္ဂိုလ်များကတော့ ကိုယ်ကြိုက်တဲ့အမြင်၊ ကိုယ်စိတ်ဝင်စားတဲ့အမြင်ကိုပဲ ကြည့်လို့ရပါတယ်။ ပြည်တွင်းမှာရှိတဲ့ အစိုးရဆိုတာ အမြင်အားလုံးကို စဉ်းစားရပါတယ်။ ထည့်သွင်းပြီးတော့ အဲဒီဟာ အားလုံးပေါ်မှာ ဖြေရှင်းနိုင်မယ့် အဖြေတစ်ခုကို ရှာရပါတယ်။ အဲဒီလိုမျိုး ကိစ္စတွေအတွက် ခိုင်ခိုင်မာမာ ဆောင်ရွက်ပေးရမယ့်အချိန်မှာ ရှိပါတယ်။ ဒီလို ဆောင်ရွက်နိုင်မှ ပိုပြီးတော့ များများစားစား လုပ်ရမယ်ဆိုတဲ့အသံတွေ ကြားပါလိမ့်မယ်။ သို့သော်လူ့အသိုင်းအဝိုင်း နှစ်အခုအကြား အဖြေတစ်ခုရရှိဖို့ကိစ္စက အကောင်အထည်ဖော်ဖို့အတွက် နှစ်ရှည်ဆောင်ရွက်သွားဖို့ ကိစ္စတွေ ရှိပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ်ကိစ္စသည် နက်နဲရှုပ်ထွေးသည့်ကိစ္စဖြစ်ပြီး လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်မှုသာမက ပြည်နယ်တစ်ခုလုံး၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယင်းကိစ္စများအတွက် ခိုင်ခိုင်မာမာ ဆောင်ရွက်သည့် အခြေအအနေတွင်ရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Taro Kono က ပြောကြားသည်။

“ဂျပန်အစိုးရအနေနဲ့ ဒီလိုမျိုး ခက်ခဲတဲ့ကိစ္စတွေကို ဖြေရှင်းဆောင်ရွက်တဲ့ မြန်မာအစိုးရနဲ့အတူ စဉ်းစားပြီးတော့ အတူဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

ထို့ပြင် မြန်မာအစိုးရအနေဖြင့် လိုအပ်သည့်ကိစ္စရပ်များ ဆောင်ရွက်သွားနိုင်မည်ဆိုပါက ဂျပန်နိုင်ငံအနေဖြင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအား ဆောင်ရွက်ချက်များကို ရှင်းပြနိုင်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent