၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လကုန် (ယာယီ) တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၄၆၇၅ ဒသမ ၂ သန်းနှင့် သွင်းကုန်တန်ဖိုး ၁၈၆၄၈ ဒသမ ၆ သန်း ရှိသည့်အတွက် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃၉၇၃ ဒသမ ၄ သန်း ဖြစ်ပေါ်ခဲ့

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လကုန် (ယာယီ) တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၄၆၇၅ ဒသမ ၂ သန်းနှင့် သွင်းကုန်တန်ဖိုး ၁၈၆၄၈ ဒသမ ၆ သန်း ရှိသည့်အတွက် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃၉၇၃ ဒသမ ၄ သန်း ဖြစ်ပေါ်ခဲ့
Published 5 August 2018

နယ်စပ်စခန်းများအနက် ဒုတိယကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီ နယ်စပ်စခန်းမှ ဝင်ရောက်လာသည့် ထိုင်းကုန်စည်များ တင်ထားသော ကားများကို မြဝတီချစ်ကြည်ရေးတံတားတွင် ယခုနှစ်အတွင်း တွေ့ရစဉ် (ဓာတ်ပုံ - ကိုရွှေသိန်း)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လကုန် (ယာယီ) တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ် လာ ၁၄၆၇၅ ဒသမ ၂ သန်းနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၆၄၈ ဒသမ ၆ သန်းရှိသည့်အတွက် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၃၉၇၃ ဒသမ ၄ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာ တွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လကုန် (ယာယီ) တွင် ပို့ကုန်အနေဖြင့် လျာထားချက်၏ ၁၀၄ ဒသမ ၈ ရာခိုင်နှုန်း တင်ပို့နိုင်ခဲ့ကြောင်း၊ အများဆုံးတင်ပို့သည့် ကုန်စည်များအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ချုပ်ပြီးအထည်၊ ဆန်၊ ကျောက်စိမ်း၊ သတ္တုနှင့် သတ္တုရိုင်း၊ ငါး နှင့် မတ်ပဲတို့ဖြစ်ပြီး အများဆုံးတင်ပို့သည့် နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ဖြစ်ကြောင်း၊ သွင်းကုန်တွင် အများဆုံးတင်သွင်းသောပစ္စည်းများမှာ ရေနံထွက်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော် ယာဉ်ပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ နှင့် ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများဖြစ်ပြီး အများဆုံးတင်သွင်းသည့်နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လကုန် (ယာယီ) တွင် အများဆုံးကုန်သွယ်ဖက်နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် မလေးရှားနိုင်ငံများဖြစ်ကြောင်း၊ စက်မှုကုန် ချောပစ္စည်း အမေရိကန်ဒေါ်လာ ၃၄၄၂ ဒသမ ၁ သန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ အမေရိကန်ဒေါ်လာ ၃၃၂၇ ဒသမ ၇ သန်း၊ လယ်ယာထွက်ကုန်ပစ္စည်း အမေရိကန်ဒေါ် လာ ၃၀၈၀ ဒသမ ၅ သန်း၊ သတ္တုနှင့် တွင်းထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၇၇၉ ဒသမ ၃ သန်း၊ ရေထွက်ပစ္စည်း အမေရိကန် ဒေါ်လာ ၆၉၇ ဒသမ ၇ သန်း၊ သစ်တောထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၂၁၁ ဒသမ ၁ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်း အမေရိကန်ဒေါ် လာ ၆၀ ဒသမ ၈ သန်း၊ အခြားပစ္စည်း အမေရိကန်ဒေါ်လာ ၂၀၅၁ ဒသမ ၀ သန်း အများဆုံးတင်ပို့နိုင်ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၄၆၇၅ ဒသမ ၂ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်သွယ်ရေးမူဝါဒအပြောင်းအလဲများကြောင့် ပို့ကုန်အပေါ်သက်ရောက်နိုင်မည့် အခြေအနေများကို လေ့လာ၍ ကုန်ကြမ်းသာမက တန်ဖိုးမြင့်ထွက်ကုန်များပါ ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအား အရင်းအနှီးပံ့ပိုးပေးခြင်း၊ ကမ္ဘာ့ဈေးကွက်တွင် ဈေးကွက်ရရှိနိုင်မည့်သီးနှံများ စိုက်ပျိုးနိုင်ရေး ပံ့ပိုးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရန် ပို့ကုန်သွင်းကုန်လိုင်စင်များအား ဈေးနှုန်းစိစစ်ခြင်းမပြုဘဲ ကုမ္ပဏီများမှ တင်ပြသည့်ဈေးနှုန်းနှင့် ကုန်ပစ္စည်းတန်ဖိုး မှန်ကန်ကြောင်း ဝန်ခံကတိဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ တင်ပြလာသည့် Invoice နှင့် Sale Contact ပါ ဈေးနှုန်းများဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်များ ခွင့်ပြုထုတ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း ယင်းအစီရင်ခံစာအရ သိရသည်။

ပြည်ပမှတင်သွင်းလာသည့် ကုန်စည်ကြောင့် ပြည်တွင်းရှိ အလားတူကုန်စည်ထုတ်လုပ်သူများ ထိခိုက်နစ်နာမှုဖြစ်ပေါ်ခြင်းမှ ကာကွယ်ကုစားနိုင်ရန်အတွက် သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ (မူကြမ်း) နှင့် လျှော့ဈေးဖြင့် စုပုံတင်ပို့ခြင်းနှင့် အစိုးရထောက်ပံ့မှု ရယူတင်ပို့ခြင်းကြောင့်ဖြစ် ပေါ်လာသော ပြည်တွင်းကုန်စည်ထုတ်လုပ်သူများ၏ ထိခိုက်နစ်နာမှုကို ကာကွယ်ကုစားပေးမှုဥပဒေကြမ်း (မူကြမ်း) တို့အား ရေးဆွဲလျက်ရှိကြောင်း၊ WTO သတ်မှတ်ချက်နှင့် အညီ မိမိနိုင်ငံသားလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ကာကွယ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ထို့အပြင် ပြည်တွင်းလိုအပ်ချက်အား ပြည်တွင်းမှာပင် ထုတ်လုပ်နိုင်ရန်နှင့် အခြေခံစီးပွားရေးပုံသဏ္ဌာန်ပြောင်းလဲပြီး သွင်းကုန်ပမာဏလျှော့ချနိုင်ရန်နှင့် ပို့ကုန်၊ တိုးမြှင့်တင် ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာနှင့် မွေးမြူရေးကဏ္ဍတို့၏ စိုက်ပျိုးထုတ်လုပ်တင်ပို့မှုတွင် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ခွင့်ပြုရန် မူဝါဒချမှတ်ခဲ့ခြင်း၊ သီးနှံအမျိုးအစားအလိုက်  စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးပေး ခြင်း၊ နှစ်လတ်ချေးငွေများ ထုတ်ချေးခြင်း၊ သားငါးကဏ္ဍတွင် အထူးကုန်စည်ခွန်ဥပဒေကို ဖယ်ရှားပေးခြင်း၊ မွေးမြူရေးထုတ်ကုန် လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ပေးခြင်း၊ စပါးစိုက်တောင်သူလယ်သမားများ၏ အကျိုးစီးပွား မြှင့်တင်ဖော်ဆောင်ပေးနိုင်ရန် မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးနှီးနှောဖလှယ်ဆွေးနွေးပွဲများ ကျင်းပခြင်း၊ စွန့်ဦးတီထွင်မှုလုပ်ငန်းများဖြစ်သည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အား ပေးမြှင့်တင်ခြင်းနှင့် SME နှစ်ဆင့်ချေးငွေထုတ်ချေးပေးခြင်း၊ ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များအား နိုင်ငံတကာအဆင့်ပို့ကုန်ဆိုင်ရာ ဘဏ်ဝန်ဆောင်မှုများ ရရှိခံစားနိုင်စေရန်အတွက် နိုင်ငံခြားဘဏ်များအား လက်လီဘဏ် ဝန်ဆောင်မှုနှစ်ရပ် လုပ်ကိုင်ခွင့်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent