<

အောင်ရဲထွေးအမှုတွင် ပြန်လွတ်သူသုံးဦးကို တရားဆက်လက် စစ်ဆေးနိုင်ရန် တိုင်းတရားလွှတ်တော်က သမ္မာန်စာ ပေးပို့ရာတွင် ကျော်ဇောဟန်က သမ္မာန်စာ လက်ခံထားပြီး အမှုရင်ဆိုင်ရန် တိုင်းတရား လွှတ်တော်က ရက်သတ်မှတ်မည် ဖြစ်ကြောင်း သိရ

ဝိုင်းဝန်းရိုက်နှက်ခံရပြီး သေဆုံးခဲ့သည့် သရုပ်ဆောင် အောင်ရဲထွေး၏ လူမှုကွန်ရက် စာမျက်နှာအား တွေ့ရစဉ်

အောင်ရဲထွေးအမှုတွင် ပြန်လွတ်သူသုံးဦးကို တရားဆက်လက် စစ်ဆေးနိုင်ရန် တိုင်းတရားလွှတ်တော်က သမ္မာန်စာ ပေးပို့ရာတွင် ကျော်ဇောဟန်က သမ္မာန်စာ လက်ခံထားပြီး အမှုရင်ဆိုင်ရန် တိုင်းတရား လွှတ်တော်က ရက်သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သမ္မာန်စာအား သြဂုတ် ၂ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် ငမိုးရိပ် (၅) လမ်းရှိ ကျော်ဇောဟန်၏ နေအိမ်သို့ သွားရောက် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းတရားလွှတ်တော်က ပေးပို့သည့် သမ္မာန်စာအား ၎င်း၏ဖခင် ဦးစိုးထိုက်ကိုယ်တိုင် လက်ခံထားကြောင်း သိရသည်။

ထို့ပြင် ကျော်ဇောဟန်မှာ မည်သည့်နေရာကိုမျှ ထွက်ခွာသွားခြင်း မရှိဘဲ မိသားစုနှင့်အတူ နေထိုင်လျက်ရှိကြောင်း သိရသည်။

အမှုအား တရားဆက်လက် ရင်ဆိုင်ရာတွင် ကျော်ဇောဟန်၏ ရှေ့နေအဖြစ် ဦးချစ်ကိုကိုကသာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပြီး အမှုရင်ဆိုင်ရန်အတွက် တိုင်းဒေသကြီး တရားလွှတ်တော်မှ တရားဝင် နေ့ရက် သတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲထွေးအမှုနှင့် ပတ်သက်ပြီး ပြန်လွတ်ခဲ့သူ သုံးဦးမှာ သန်းထွဋ်အောင် (ခ) သားကြီး၊ လှည်းတန်းနေ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန် (ခ) ကျော်ဇောတို့ဖြစ်ပြီး ကျန်သူနှစ်ဦးမှာ သမ္မာန်စာ လက်ခံထားခြင်း ရှိ မရှိနှင့် ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးပေ။

သြဂုတ် ၃ ရက်တွင် ပုဇွန်တောင်မြို့နယ်ရှိ ရွှေဘုန်းပွင့် စေတီတော်တွင် ကျော်ဇောဟန်က အလှူတစ်ခု လာရောက် ပြုလုပ်ခဲ့ပြီး အမှုမှာ အခန့်မသင့်၍ ဖြစ်သွားခြင်း ဖြစ်ကြောင်း၊ အောင်ရဲထွေးနှင့် ရန်ငြိုးရန်စ မရှိကြောင်း ကျော်ဇောဟန်က ပြောကြားခဲ့သည်ဟု Mizzima သတင်းစာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ဟာသဗီဒီယိုကလစ်များ တင်ခြင်းကြောင့် ပရိသတ်အားပေးမှု ရရှိလာသည့် သရုပ်ဆောင် အောင်ရဲထွေးမှာ နှစ်သစ်ကူးညတွင် သုဝဏ္ဏမြို့နယ်ရှိ The One Entertainment သို့ သူ၏ချစ်သူနှင့်အတူ သွားရောက်လည်ပတ်ရာမှ လူတစ်စုက ရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့သည်။

အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သူများအား ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ရိုက်နှက်မှု ဖြစ်ပွားအပြီး တစ်ရက်အကြာ ဇန်န၀ါရီ ၃ ရက်တွင် သန်းထွဋ်အောင် (ခ) သားကြီး ဆိုသူအား သူ၏ဖခင်က ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်။

သရုပ်ဆောင် အောင်ရဲထွေးအား အုပ်စုဖွဲ့ရိုက်နှက်ခဲ့ကြောင်း သန်းထွဋ်အောင် (ခ) သားကြီးက ၀န်ခံခဲ့ပြီး အုပ်စုဖွဲ့ ရိုက်နှက်မှုတွင် ၎င်းနှင့်အတူ ပါဝင်သည့် လှည်းတန်းနေ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန် (ခ) ကျော်ဇောတို့လည်း ပါဝင်ကြောင်း ထွက်ဆိုခဲ့သည်။

အမှုမှ ကျူးလွန်သူများကို ရဲစခန်းသို့ မိဘများကိုယ်တိုင် လာရောက် အပ်နှံခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကလည်း လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

သို့သော် ခုနစ်လခန့် အကြာတွင် တရားလိုဘက်မှ အမှုရုပ်သိမ်းသည် ဟုဆိုကာ ဖမ်းဆီးထားသူများမှာ ပြန်လည် လွတ်မြောက်အပြီးတွင် အများပြည်သူက ၀ိုင်းဝန်းကန့်ကွက်မှုများ ရှိခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း ပဲခူးတိုင်း အစိုးရအဖွဲ့နှင့် လည်းကောင်း၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် လည်းကောင်း တွေ့ဆုံစဉ်တွင် လတ်တလော ဖြစ်ပေါ်ခဲ့သော ပြည်သူအချင်းချင်း ကျေအေးခဲ့သည့် အမှုသည် လက်ခံနိုင်စရာ မရှိဘဲ တရားစီရင်ရေး မဏ္ဍိုင်ကို တိမ်းစောင်းသွားစေနိုင်သည့် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစစ်ဆေးမည်ဟု ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားမှုများ အပြီးတွင် သရုပ်ဆောင်အောင်ရဲထွေး အမှုအား ပြန်လည်စစ်ဆေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သမ္မတရုံးမှ ညွှန်ကြားအပြီးတွင် ပြည်ထောင်စုရှေ့နေရုံး၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးမှ ပြင်ဆင်မှု လျှောက်ထားချက်ကို ဇူလိုင် ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်သွင်းခဲ့ရာ တိုင်းဒေသကြီး တရားလွှတ်တော်က ရာဇ၀တ်ပြင်ဆင်မှု အမှတ်၂၉၆(ခ)/၂၀၁၈ ဖြင့် အမှုကို လက်ခံကာ ဆက်လက် ကြားနာမည်ဖြစ်ပြီး လွတ်မြောက်ခဲ့သူများမှာ အချုပ်လွတ်ဖြင့် တရားရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အမှုမှ ပြန်လည်လွတ်မြောက်သူ သုံးဦးထံ သမ္မန်စာ ပေးပို့ထားပြီး အမှုအား ထပ်မံစစ်ဆေးမည် ဖြစ်သည်။

ဇူလိုင် ၃၀ ရက်တွင် သမ္မန်စာ ပေးပို့ထားပြီး ဖြစ်သည်ဟု ရန်ကုန်တိုင်း တရားလွှတ်တော်က မီဒီယာများအား ထုတ်ပြန်ထားခြင်းကြောင့် အမှုအခြေအနေများကို ထပ်မံသိရှိနိုင်ရန် တိုင်းတရား လွှတ်တော်သို့ သွားရောက် မေးမြန်းခဲ့သော်လည်း မေးမြန်းလိုသည့် အကြောင်းအရာများကို စာဖြင့်တင်ရမည်ဖြစ်ပြီး တနင်္လာနေ့မှသာ ဖြေကြားနိုင်မည် ဖြစ်ကြောင်း တိုင်းတရားလွှတ်တော်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။

ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သမ္မတအိမ်တော်၌ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့အား ခေါ်ယူတွေ့ဆုံခဲ့သည်။

ယင်းသို့ခေါ်ယူ တွေ့ဆုံခဲ့ရာတွင် အမှုရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွှယ် ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျစိစစ်ကာ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း သြဂုတ် ၃ ရက်တွင် အောင်ရဲထွေးအမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တ ရားရုံး၊ ရာဇ၀တ်ကြီးမှု အမှတ် ၃၄။၂၀၁၈ တရားလို ဦးသန့်ဇင်ဦးက တရားခံ သန်းထွဋ်အောင်(ခ) သားကြီးပါ သုံးဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ စွဲဆိုထားသည့် သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့် အမှုကိစ္စနှင့် ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ တရားခံများအပေါ် စွဲဆိုထားသည့် ပြစ်မှုအား ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဂျာနယ်နှင့် သတင်းမီဒီယာများတွင် အဂတိလိုက်စားမှု ရှိနိုင်ကြောင်း သတင်းများ ပျံ့နှံ့ဖြစ်ပေါ်နေကြောင်း၊ အများပြည်သူများအတွင်း ပျံ့နှံ့နေသော အထက်ပါ သတင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုကျူးလွန်မှုရှိကြောင်း သင်္ကာမကင်းဖွယ်ရာ ဖြစ်ခြင်းအတွက် ခိုင်လုံသည့် အထောက်အထား ရှိနိုင်သည်ဟု ယုံကြည်ရန် အကြောင်းပေါ်ပေါက်သဖြင့် ကော်မရှင်အဖွဲ့ဝင် အားလုံးက တညီတညွတ်တည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃(ဂ)အရ ကျော်စောသတင်းအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပြီး ယင်းဥပဒေပုဒ်မ ၁၇(ဈ) အရ ကော်မရှင်သို့ သတင်းပေးပို့ချက်အဖြစ် အတည်ပြု သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အောင်ရဲထွေးအမှုနှင့် ပတ်သက်ပြီး အရှေ့ပိုင်းခရိုင် တရားရုံး၏ အမှုစီရင်ချက်တွင် ဖော်ပြချက်အရ တရားစွဲ အဖွဲ့အစည်းမှ အမှုအား ရုပ်သိမ်းရာတွင် ကန့်ကွက်မှုများ ရှိနေသော်လည်း တရားလိုပြသက်သေ အားနည်းခြင်းကြောင့် ပုဒ်မ ၃၀၂ ဖြင့် စွဲဆိုထားသည့် ယင်းဖြစ်စဉ်အား ရာဇ၀တ် ကျင့်ထုံးပုဒ်မ ၄၉၄ (က) အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ပြီး တရားခံများအား ပြန်လွှတ်ပေးကြောင်း၊ အမှုအား ခရိုင်နှင့် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ အမှုရုပ်သိမ်းကြောင်း တင်ပြလျှောက်ထား ခဲ့ခြင်းဖြစ်သည်။

 

August 4, 2018














Copy Protected by Chetan's WP-Copyprotect.