ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ကုန်ကျစရိတ်လျှော့ချပြီး မူရင်းကုန်ကျစရိတ် ဒေါ်လာ ၇ ဒသမ ၃ ဘီလျံကို အဆင့်လေးဆင့်ခွဲ၍ ပထမအဆင့်တွင် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဖြင့် စတင်မည်

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ကုန်ကျစရိတ်လျှော့ချပြီး မူရင်းကုန်ကျစရိတ် ဒေါ်လာ ၇ ဒသမ ၃ ဘီလျံကို အဆင့်လေးဆင့်ခွဲ၍ ပထမအဆင့်တွင် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဖြင့် စတင်မည်
Published 4 August 2018

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ငန်းခွင်တစ်နေရာကို ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)

တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံထားသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး ကုန်ကျစရိတ်အား လျှော့ချမည်ဟု စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားခဲ့သည်ဟု Reuter သတင်းဌာနတွင် ဖော်ပြခဲ့သည်။

ထိုသို့ လျှော့ချရာတွင် မူရင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလျံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါးအထိ လျှော့ချသွားမည်ဟုသိရပြီး ဤသို့လျှော့ချခြင်းမှာ မြန်မာအစိုးရအနေဖြင့် လွန်မင်းစွာ အကြွေးနွံနစ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အရွယ်အစားအား ကြီးမားစွာလျှော့ချမည်ဟု ဦးဆက်အောင်က ပြောကြားခဲ့သလို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သော Sean Turnell ကလည်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလျံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံအထိလျှော့ချမှသာ မြန်မာနိုင်ငံအတွက် လက်တွေ့ကျပြီး ယုတ္တိရှိသောစီမံကိန်း တစ်ခုဖြစ်လာမည်ဟု Reuter သတင်းဌာနသို့ ပြောကြားသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတွင် တရုတ်နိုင်ငံအစိုးရဘက်မှ အဓိကလုပ်ဆောင်မည်ဖြစ်သည့် CITIC အဖွဲ့အစည်းက အဆိုပါအမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ကုန်ကျစရိတ်အား စီမံကိန်း၏ အဆင့်လေးဆင့်၌ ပထမအဆင့်အတွက်သာ အသုံးချမည်ဖြစ်ပြီး နှစ်နိုင်ငံညှိနှိုင်းမှုများ ဆက်လက်လုပ် ဆောင်မည်ဟု ပြောကြားခဲ့သော်လည်း စီမံကိန်း၏ကျန်သည့်အဆင့်များအတွက် အသေးစိတ်ရှင်းလင်းပြောကြားမှု မရှိချေ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Geng Shaung က ဘေဂျင်းမြို့တွင် လုပ်ဆောင်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အကောင်အထည်ဖော်မည့် မြန်မာနှင့် တရုတ်ကုမ္ပဏီများအကြား စီးပွားရေးနှင့်ပတ်သက်သော ညှိနှိုင်းမှုများရှိနေဆဲဖြစ်ပြီး တိုးတက်သည့်အခြေအနေရှိကြောင်း ပြောကြားသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် မူရင်းအစီအစဉ်များအရ ၂၅ မီတာအနက်ရှိပြီး သင်္ဘော ၁၀ စင်း ဆိုက်ကပ်နိုင်ရန်ဖြစ်သော်လည်း ကုန်ကျစရိတ်လျှော့ချပြီးနောက်ပိုင်းတွင် သင်္ဘောနှစ်စင်း ဆိုက်ကပ်နိုင်မည့်နေရာကိုသာ တည်ဆောက်သွားမည်ဖြစ်ကြောင်း အင်တာဗျူးတစ်ခုတွင်  ဦးဆက်အောင်က ပြောကြားခဲ့သည်ဟု သိရသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ မဟာဗျုဟာစီမံကိန်း One Belt One Road ၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဆိုပါစီမံကိန်းတွင် ပါဝင်ပတ်သက်သည့်နိုင်ငံများသည် အကျိုးအမြတ်များစွာ ခံစားရမည်ဖြစ်သည်ဟု တရုတ်က ကြွေးကြော်ခဲ့သည်။ ထိုသို့ ကြွေးကြော်သော် လည်း တရုတ်နိုင်ငံ၏ စီမံကိန်းကြီးအား ဖော်ဆောင်နိုင်ရန် စီမံကိန်းတွင် ပါဝင်သော နိုင်ငံများက တရုတ်နိုင်ငံမှ ကြွေးမြီများစွာ ချေးယူရမည့်အပေါ်  စီးပွားရေးပညာရှင်များနှင့် ကျွမ်းကျင်သူများက မေးခွန်းများထုတ်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ပဋိပက္ခ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ရယူရေးအပါအဝင် အခြားကိစ္စများအတွက် အနောက်တိုင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ဖိအားပေးမှုများကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် သံတမန်ရေးရာအကူအညီများအပေါ် အားကိုးခြင်းများ တိုးမြင့်လာသည့်အတွက် မြန်မာအစိုးရအနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို နူးညံ့သိမ်မွေ့ပါးနပ်စွာ ကိုင်တွယ်ရမည်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဝေဖန်ထားသည်။

“လက်ရှိအချိန်မှာ တရုတ်နိုင်ငံအပေါ် လွန်မင်းစွာအားကိုးခြင်းအပေါ် စိုးရိမ်ပူပန်မှုတွေကို တွေ့ရတယ်။ အစိုးရထဲမှာလည်း ဒီကိစ္စအတွက် ငြင်းခုံမှုတွေ ရှိနေတယ်” ဟု ကမ္ဘာ့ကုလသမဂ္ဂ၏ သံသမန်ဟောင်းနှင့် ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာဆန်းစစ်သူ Richard Horsey က ပြောကြားခဲ့ကြောင်း Reuter သတင်းဌာနက ဖော်ပြထားသည်။

ကျောက်ဖြူဒေသသည် တရုတ်နိုင်ငံ၊ ယူနန်ဒေသသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပို့ဆောင်သည့် မိုင် ၄၈၀ အရှည်ရှိသော ပိုက်လိုင်းစတင်သည့်နေရာဖြစ်ပြီး ကျောက်ဖြူရေနက်စီမံကိန်းအား ဖော်ဆောင်နိုင်ပါက အရှေ့အလယ်ပိုင်းမှ တင်သွင်းသော ရေနံ နှင့် အခြား စွမ်းအင်သွင်းကုန်များအတွက် မလက္ကာ ပင်လယ်ရေလက်ကြား မဟုတ်ဘဲ အခြား ရွေးချယ်စရာရေလမ်းကြောင်းတစ်ခု ပေါ်ပေါက်လာမည်ဖြစ်သည်။

မူရင်းအစီအစဉ်အရ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ဆိပ်ကမ်း၊ စပိန်နိုင်ငံ Valencia မြို့ဆိပ်ကမ်းများအား ပြိုင်ဆိုင်နိုင်သည့် ကွန်တိန်နာသိုလှောင်နိုင်မ ှုစွမ်းရည်ရှိမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားသော ဆိပ်ကမ်းဆောက်လုပ်ရေးနှင့် တွဲဖက်တည်ဆောက်မည့် အထူးစီးပွားရေးဇုန်အား ၂၀၁၈ ခုနှစ်တွင် စတင်ရမည်ဖြစ်သည်။ အဆိုပါစီမံကိန်းများတွင် ဧက ၄၂၀၀  အကျယ် အဝန်းရှိမည်ဖြစ်သော အထူးစီးပွားရေးဇုန် ဆောက်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံ ကုန်ကျမည်ဖြစ်ပြီး ရေနံသန့် စင်ရေးလုပ်ငန်းများနှင့် အထည်အလိပ် စသည့် စက်မှုလုပ်ငန်းများကို ဆွဲဆောင်နိုင်မည့်နေရာဖြစ်သည်ဟု သိရသည်။

သီရိလင်္ကာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ရယူထားသောအကြွေးများကို မပေးဆပ်နိုင်သဖြင့် ယခုနှစ်အတွင်း အချက်အချာကျသော ဟန်ဘန်တိုတာဆိပ်ကမ်းအား တရုတ်နိုင်ငံသို့ အပ်နှံလိုက်ရခြင်းကို ဥပမာယူပြီး မြန်မာနိုင်ငံသည် တရုတ်၏ အကြွေးထောင်ချောက်များကို သတိထားရမည်ဖြစ်သည်။

“စီမံကိန်းအရွယ်အစားကို ပြန်ပြီး ညှိနှိုင်းမယ်ဆိုရင် ဘဏ္ဍာရေးအန္တရာယ်ကို အများကြီးလျှော့ချနိုင်ပြီး အကြွေးလွန်ကဲစွာ များပြားခြင်းနဲ့ အချုပ်အခြာအာဏာနဲ့ သက်ဆိုင်တဲ့အရာတွေကို ပိုပြီး ထိန်းချုပ်နိုင်လိမ့် မယ်။ ဒီလိုလုပ်နိုင်ခဲ့ရင် တရုတ်နိုင်ငံရဲ့ သြဇာအာဏာကို သိပ်ပြီးမလွန်ဆန်နိုင်တဲ့ နိုင်ငံအသေးလေးတွေ အတုယူနိုင်တဲ့ ပုံစံတစ်ခု ဖြစ်လာလိမ့်မယ်” ဟု Sean Turnell က ပြောကြားသည်။

ထို့အတူ တရုတ်နိုင်ငံဆီမှ ရယူသောအကြွေးများနှင့်ပတ်သက်ပြီး မြန်မာအစိုးရ အနေဖြင့် အချုပ်အခြာအာဏာကို ထိပါးမည့် အာမခံမှုများလုပ်ဆောင်မည်မဟုတ်ဟု ပြောကြားခဲ့ပြီး ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း ကုန်ကျစရိတ်များ ဆန်းစစ်နိုင်ရန် နိုင်ငံတကာအဆင့်မီ အတိုင်ပင်ခံကုမ္ပဏီတစ်ခု ငှားရမ်းမည်ဖြစ်သောကြောင့် အဆိုပါစီမံကိန်း၏အချိန်ဇယားလည်း ထပ်မံရွှေ့ဆိုင်းသွားမည်ဟု ဦးဆက်အောင်က ပြောကြားသည်။

“စာချုပ်အသစ်ချုပ်ရင် ဒီစီမံကိန်းကို သရုပ်ဖော်နိုင်ဖို့ ယူရတဲ့ချေးငွေတွေက ပုဂ္ဂလိကကဏ္ဍထဲမှာ အကုန်အပြီးသတ်မှာဖြစ်ပြီး မြန်မာအစိုးရကို လာထိခိုက်မှာ မဟုတ်ပါဘူး။ လောလောဆယ်တော့ ကျွန်တော့်အတွက် အရေးကြီးဆုံး ဦးစားပေးလုပ်ဆောင်ရမှာကတော့ မြန်မာအစိုးရအနေနဲ့ အကြွေးဝန်တွေ မပိအောင်ဘဲ ဖြစ်ပါတယ်” ဟု ဦးဆက်အောင်က ပြောကြားသည်။

သို့သော် ကျောက်ဖြူရေနက်စီမံကိန်း ကုန်ကျစရိတ်များ ဆန်းစစ်နိုင်ရန် နိုင်ငံတကာ အဆင့်မီ အတိုင်ပင်ခံကုမ္ပဏီတစ်ခု ငှားရမ်းရေးအတွက် နှစ်ဦးနှစ်ဖက်စလုံးက ဆွေးနွေးခဲ့ခြင်းမရှိကြောင်း စီမံကိန်းအကောင်အထည်ဖော်မည့် CITIC က ပြောကြားသည်။

မြန်မာအစိုးရအနေဖြင့် ကျောက်ဖြူရေနက်စီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် တရုတ်နိုင်ငံကိုယ်စားလှယ်များက သဘောထားတင်းမာမှုမရှိဘဲ ဆွေးနွေးရန် အဆင်ပြေခဲ့ပြီး စီမံကိန်း၏ကုန်ကျစရိတ်လျှော့ချခြင်း အပါအဝင် အခြားပြုပြင်ပြောင်းလဲမှုများ ပါဝင်သော စာချုပ်အသစ်ကို တရုတ်ဘက်မှ အကြမ်းဖျင်းသဘောတူညီခဲ့ပြီး ဖြစ်သော်လည်း တရားဝင် သဘောတူမှုမရှိသေးကြောင်း သိရသည်။

စီမံကိန်းနှင့်ပတ်သက်၍ CITIC အဖွဲ့သည် ၂၀၁၅ ခုနှစ် ယခင်အစိုးရလက်ထက်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တင်ဒါအောင်မြင်ခဲ့ပြီးနောက်ပိုင်း တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်သော အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သည်ဟု ဦးဆက်အောင်က ဆက်လက်ပြောကြားသည်။

“အရင်အစိုးရက စတာနဲ့ အကြီးကြီးလုပ်ချင်ခဲ့ပေမယ့် ကျွန်တော်တို့ကတော့ အသေးလေးကနေစပြီး လိုအပ်သလိုပဲ ချဲ့သွားမှာပါ”  ဟု ဦးဆက်အောင်က ပြောကြားသည်။

ကျောက်ဖြူရေနက်စီမံကိန်းနှင့် တွဲဖက် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်အကြောင်း မေးမြန်းရာတွင်  ဦးဆက်အောင်နှင့် Sean Turnell တို့က ဆိပ်ကမ်း၏အောင်မြင်မှု အခြေအနေကို သုံးသပ်ပြီးမှ နောက်တစ်ဆင့် သွားရမည့်အစီအစဉ်များကို သတ်မှတ်မည်ဟု ပြောကြားခဲ့ကြောင်း Reuter သတင်းဌာနက ဖော်ပြခဲ့သည်။

Most Read

Most Recent