ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များက မောင်တောမြို့ပေါ်အထိ ပိတ်ဆို့တိုက်ခိုက်မှုများရှိလာ

ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များက မောင်တောမြို့ပေါ်အထိ ပိတ်ဆို့တိုက်ခိုက်မှုများရှိလာ
Published 27 August 2017

မောင်တောမြို့ နံ့သာတောင်ရွာသူရွာသားများ တောင်ပြိုလက်ဝဲမြို့သို့ ပြောင်းရွှေ့လာသည်ကို သြဂုတ် ၂၆ ရက်က တွေ့ရစဉ်

မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသားကျေးရွာများမှ ဒေသခံများ စစ်တွေမြို့ပေါ်သို့ တိမ်းရှောင်ထွက်ပြေးနေကြပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိ

ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များက မောင်တောမြို့ပေါ်အထိ တိုက်ခိုက်မှုများရှိလာပြီး မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသားကျေးရွာများမှ ဒေသခံများ စစ်တွေမြို့ပေါ်အထိ တိမ်းရှောင်ထွက်ပြေးနေကြကာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တောမြို့ပေါ်တိုက်ပွဲများမှာ သြဂုတ် ၂၆ ရက် နံနက် ၁၀ နာရီခွဲကျော်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မောင်တောမြို့ပေါ်ရှိ အစိုးရရုံးများလည်း ဖျက်ဆီးခံနေရကြောင်း၊ မြို့တွင်းလုံခြုံရေးရယူထားသည့် ရဲတပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“အခု ရပ်ကွက် (၄) ဘက်မှာ ကညင်တန်းဘက်က တက်လာတဲ့ ဘင်္ဂါလီအကြမ်းဖက်သမားတွေဟာ ပထမခရိုင်ထွေအုပ်ရုံးကို ဝိုင်းတယ်။ အခုအဲဒီကနေ ရပ်ကွက် (၄) ဝက်သတ်ကုန်းဘက်ကို တက်လာလို့ ပစ်ခတ်မှုတွေ ဖြစ်နေတယ်။ တော်တော်လည်း စိုးရိမ်စရာ ဖြစ်သွားပါပြီ” ဟု မောင်တောမြို့ခံတစ်ဦးက ပြောကြားသည်။

ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များက မောင်တောမြို့အား ဝိုင်းဝန်းပိတ်ဆို့ထားပြီးနောက် မြို့တွင်းသို့ ဝင်ရောက်၍ ဖျက်ဆီးမှုများပြုလုပ်ခြင်းကြောင့် လုံခြုံရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိခြင်းဖြစ်သည်။

“ဆေးရုံနောက်ဘက်က တက်လာလို့ သေနတ်ပစ်ဖောက်ရတယ်။ အခုမြို့ကိုဝိုင်းပြီး မြို့တွင်းဝင်ဖို့ ကြိုးစားနေကြတာဖြစ်တယ်။ကျွန်တော်တို့ ဗိုလ်မှူးရွာတောင် စိုးရိမ်ရတယ်” ဟု ဗိုလ်မှူးရွာသား စိန်လှဖြူက ပြောကြားသည်။

သြဂုတ် ၂၆ ရက် နံနက် ၁၀ နာရီခွဲခန့်မှစ၍ ဘင်္ဂါလီရပ်ကွက်ရှိ ဘင်္ဂါလီလူမျိုးများ မောင်တောမြို့ပေါ်သို့ ဝင်ရောက်ရန် ကြိုးစားခဲ့ခြင်းကြောင့် မြို့ပေါ်ရှိ လုံခြုံရေးများနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ဘင်္ဂါလီများမှ ဂျင်ဂလိများ၊ သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ဟိန္ဒူဘာသာဝင်တစ်ဦး သေဆုံးပြီး မြိုတိုင်းရင်းသား ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မောင်တောမြို့ခံ The Daily Eleven သတင်းထောက်က သတင်းပေးပို့သည်။

မောင်တောမြို့ပတ်လည်တွင် ဘင်္ဂါလီ ရပ်ကွက်ခုနစ်ခုရှိပြီး ရပ်ကွက်တစ်ခုလျှင် လူဦးရေထောင်ချီရှိကြောင်း၊ အများစုမှာ ဘင်္ဂါလီလူမျိုးများဖြစ်ပြီး ရခိုင်တိုင်းရင်းသား အနည်းငယ်သာရှိကြောင်း သိရသည်။

“မနက် ၁၀ နာရီခွဲလောက်ကစပြီး ပစ်ခတ်မှုတွေဖြစ်ပွားတာ။ ဘင်္ဂါလီရပ်ကွက်မှာ လူဦးရေက ထောင်ချီရှိတယ်။ အဲဒီက အကုန်လုံးနီးပါး မောင်တောမြို့လယ်ကိုလာတာ။ မနည်းဘူး။ ဂျင်ဂလိတွေနဲ့ သေနတ်တွေနဲ့ပစ်တာပဲ” ဟု မောင်တောမြို့ခံ The Daily Eleven သတင်းထောက်က ပြောကြားသည်။

ထို့ပြင် မောင်တောမြို့ပေါ်ရှိ ဟိန္ဒူကျေးရွာသားများ ရပ်ကွက်အတွင်းရှိ နေအိမ်များကို စွန့်ခွာထွက်ပြေးနေကြကြောင်း သိရသည်။

“အခု မောင်တောမြို့ပေါ်ရပ်ကွက်တွေက ဟိန္ဒူ ၅၀၀ လောက် နေအိမ်တွေကို စွန့်ခွာထွက်ပြေးလာကြပါပြီ။ မောင်တောမြို့ ပတ်ပတ်လည်မှာ ပစ်သံခတ်သံတွေ ကြားနေရတော့ ဘင်္ဂါလီရွာနားက လူတွေထွက်ပြေးလာကြတာပါ” ဟု မောင်တောမြို့ခံ ကိုမောင်တိုးက ပြောကြားသည်။

“အခု သာသနာ့ဗိမာန်မှာ အောင်ဗလ၊ မြို့ဦး စတဲ့ရွာတွေက ရပ်ကွက်သား ၆၀၀ လောက်ရောက်နေကြပြီ။ အခုတစ်ခါ ဟိန္ဒူရွာသားတွေ အစုလိုက်အပြုံလိုက် လူ ၅၀၀ လောက်ထွက်ပြေးလာတော့ သူတို့ကိုနေရာချဖို့လုပ်နေရတယ်” ဟု မောင်တောမြို့ခံ ကိုဝင်းသိန်းက ပြောကြားသည်။

မောင်တောမြို့တွင် ဘင်္ဂါလီအကြမ်းဖက်များက လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားလာရခက်ခဲရန် မိုင်းများထောင်ထားကြောင်း၊ သြဂုတ် ၂၅ ရက်တွင် ထောင်ထားသည့်မိုင်းများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ယာဉ်များပျက်စီးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သြဂုတ် ၂၆ ရက်မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။

ရပ်ကွက် (၅) ရှိ ဘင်္ဂါလီသီးသန့်အတွင်း ကားလမ်းကြောင်းတစ်လျှောက် မောင်တော-မြို့ဦး (အီတလျာ)-သီဟိုဠ်ခြံသွား ကားလမ်းတစ်လျှောက်နေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုအား အဟန့်အတားဖြစ်စေရန် မိုင်းများထောင်ထားကြောင်း၊ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် မောင်တောမြို့နယ်မြောက်ပိုင်းရှိ လိပ်ရကျေးရွာတွင် သြဂုတ် ၂၅ ရက်ညက ခေတ္တကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးအကူနှင့် အစိုးရသတင်းပေးဟု သံသယရှိသူတို့အား အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက သတ်ဖြတ်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဖီအာနန်ကော်မရှင်က ထုတ်ပြန်မှုအပြီးတွင် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ အကြမ်းဖက်တိုက်ဖျက်မှုဗဟိုအဖွဲ့က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီးဖြစ်ရာ အကြမ်းဖက်အားပေး ထောက်ခံမှုများ၊ ပံ့ပိုးကူညီသူများသည်လည်း အကြမ်းဖက်အားပေးအဖြစ် အကျုံးဝင်မည်ဖြစ်ကြောင်း၊ လက်ရှိအစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ လှုပ်ရှားရာနေရာများသို့ တပ်မတော်နှင့် ရဲတပ်ဖွဲ့အင်အား ဖြည့်တင်းထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

မောင်တောခရိုင်ရှိ စာသင်ကျောင်းပေါင်း ၄၀၀ ကျော် ရက်အကန့်အသတ်မရှိ ပိတ်ထား

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မောင်တောခရိုင်ရှိ အခြေခံပညာ စာသင်ကျောင်းပေါင်း ၄၀၀ ကျော်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

သြဂုတ် ၂၅ ရက်က မောင်တော၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်များအတွင်း ဘင်္ဂါလီအကြမ်းဖက်သမားများက အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ထိုသို့ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွန်ကြားရေးမှူး (စီမံ) ဦးစိန်ထွန်းလှက “ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင် စတဲ့မြို့သုံးမြို့မှာရှိတဲ့ ကျောင်းပေါင်း ၄၂၁ ကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်။ ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာ မပြောနိုင်သေးဘူး။ ပညာသင်တယ်ဆိုတာက အေးချမ်းနေမှ စာသင်လို့ရတဲ့ကိစ္စပါ။ အကြမ်းဖက်မှုတွေရှိနေတော့ စာသင်ဖို့ကလည်း ခက်တယ်။ ခရိုင်နဲ့ မြို့နယ်ရုံးတွေကိုလည်း ညွှန်ကြားထားပြီးဖြစ်တယ်။ တည်ငြိမ်အေးချမ်းရင်တော့ ပြန်ဖွင့်မှာပေါ့” ဟုပြောကြားသည်။

မောင်တောမြို့နယ်အတွင်း စာသင်ကျောင်းပေါင်း ၁၈၀ ကျော်၊ ဘူးသီးတောင်မြို့နယ်အတွင်း ကျောင်းပေါင်း ၂၂၀ ကျော်နှင့် ရသေ့တောင်မြို့နယ်မှ ကျောင်းပေါင်း ၃၀ ကျော်တို့ဖြစ်ကြောင်း သိရသည်။

ဘင်္ဂါလီကျေးရွာများနှင့် နီးကပ်နေသည့် ကျေးရွာများရှိ နေရပ်ပြန်ရန် အဆင်မပြေဘဲ ပိတ်မိနေသည့် ဆရာ၊ ဆရာမများအတွက်လည်း လုံခြုံသောစုရပ်များတွင် ထားရှိကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အကူအညီဖြင့် ပြန်လည်ခေါ်ဆောင်ပေးသွားမည်ဟုလည်း သိရသည်။

ဘူးသီးတောင်မြို့တွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

ဘူးသီးတောင်မြို့နယ်အတွင်း တာဝန်ကျနေသည့် ဝန်ထမ်းများအပါအဝင် ဒေသခံများ စစ်တွေသို့ တိမ်းရှောင်သူမြင့်တက်

ဘူးသီးတောင်မြို့နယ်အတွင်း တာဝန်ကျနေသည့် ဝန်ထမ်းများအပါအဝင် ဒေသခံများ စစ်တွေသို့ တိမ်းရှောင်သူ မြင့်တက်လျက်ရှိကြောင်း သိရသည်။

သြဂုတ် ၂၅ ရက် နံနက်ပိုင်းမှစ၍ မောင်တောနယ်စပ်ရှိ လုံခြုံရေးကင်းစခန်း ၃၀ ကျော် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဒေသခံတိုင်းရင်းသား ကျေးရွာသားများ စိုးရိမ်မှုမြင့်တက်ကာ ရွာလုံးကျွတ် ရွှေ့ပြောင်းမှုများရှိနေပြီး ဘူးသီးတောင်မြို့ပေါ်သို့ ရောက်ရှိနေသည့် ပညာရေးဝန်ထမ်းအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ခံများ ဘူးသီးတောင်ဆိပ်ကမ်းမှ ထွက်ခွာသည့် သင်္ဘောတစ်စင်းနှင့် ရှပ်ပြေးအမြန်ရေယာဉ်တစ်စင်းဖြင့် စစ်တွေသို့ လူဦးရေ ၄၀၀ ကျော် တိမ်းရှောင်ခဲခြင်းဖြစ်သည်။

ဘူးသီးတောင်ဆိပ်ကမ်းမှ ထွက်ခွာသည့် ရွှေပြည်တန် ရှပ်ပြေးရေယာဉ်တွင် ခရီးသည် ၃၀၀ နီးပါးလိုက်ပါသွားပြီး ရေကြောင်းသင်္ဘောတွင်လည်း ယခင်ပုံမှန်ခရီးသည်ထက် နှစ်ဆခန့်လိုက်ပါသူ များပြားခဲ့ခြင်းဖြစ်သည်။

ရွှေပြည်တန် အဆင့်မြင့်အမြန်ရေယာဉ်မှ ဘူးသီးတောင် လက်မှတ်ကိုယ်စားလှယ် ဦးညီညီက “ကျွန်တော်တို့ ရွှေပြည်တန်အမြန်ရေယာဉ်မှာ ခရီးသည် ၂၉၀ ကျော်ပါသွားပါတယ်။ အခုခရီးသည်တွေက အများအပြားသွားတာက အခုတစ်ဖန်ဖြစ်လာတဲ့ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ကြောက်ပြီး ထွက်ပြေးတိမ်းရှောင်ကြတာပါ။ ဝန်ထမ်းတွေနဲ့ ဘူးသီးတောင်မြို့ခံတွေ သီးသန့်ဖြစ်ပါတယ်။ သင်္ဘောမှာလည်း ယခင်ထက်များပြားပါတယ်။ အားလုံးဆိုရင် ခရီးသည် ၄၀၀ ကျော်လောက် သွားကြတာဖြစ်ပါတယ်။ အခုမောင်တောကကားတွေ အဆင်းအတက်ပိတ်ထားလို့သာ ခရီးသည်ဒီလောက်ဖြစ်တာပါ။ မောင်တောလမ်းပွင့်ရင် သင်္ဘောမလောက်တော့ပါဘူး။ ၂၀၁၆ ခုနှစ် အောက်တိုဘာဖြစ်စဉ်မှာလည်း မောင်တောက ဒေသခံတွေ ရွှေ့ပြောင်းတာများပါတယ်” ဟု ပြောကြားသည်။

မောင်တော-ဘူးသီးတောင်ကားလမ်းကို ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး နယ်ကျေးရွာများနှင့် မောင်တောမြို့သို့ အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ စစ်တွေမှ ဘူးသီးတောင်သို့ ထွက်ခွာမည့် အမြန်ရေယာဉ်မှာလည်း လက်မှတ်ရောင်းပြီးမှ ထွက်ခွာခြင်းမရှိကြောင်း သိရသည်။

“မနေ့က ဘူးသီးတောင်လာဖို့ အမြန်ရေယာဉ်လက်မှတ် ဝယ်ထားပြီးပြီ။ ဒါပေမဲ့ ဒီကနေ့ အမြန်ရေယာဉ်မထွက်ဘူး။ ပိတ်တာလည်းမဟုတ်ဘူး။ မထွက်တာလို့ပဲ သိရတယ်” ဟု စစ်တွေမှ ဘူးသီးတောင် သွားမည့်ခရီးသည်တစ်ဦးက ပြောကြားသည်။

ဘူးသီးတောင်မြို့နယ် ဖောင်တော်ပြင်ရဲစခန်း တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသူနှစ်ဦးအား စစ်တွေဆေးရုံသု့ိ ပို့ဆောင်

ဘူးသီးတောင်မြို့နယ် ဖောင်တော်ပြင် ရဲစခန်းတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသူနှစ်ဦးအား စစ်တွေဆေးရုံသို့ သြဂုတ် ၂၆ ရက်နံနက်က ပို့ဆောင်ခဲ့ကြောင်း သိရသည်။

စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့သူနှစ်ဦးမှာ လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့သူ ကျန်းမာရေးဝန်ထမ်း ကြီးကြပ် (၂) ဇော်မျိုးအောင်နှင့် ရဲတပ်သား သူရနိုင်တို့ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်း ကြီးကြပ် (၂) ဇော်မျိုးအောင်တွင် ရရှိခဲ့သည့် လက်ပြတ်ရှဒဏ်ရာမှာ အရိုးအထူးကုဆရာဝန်ဖြင့် ကုသရမည့် အခြေအနေဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ဘူးသီးတောင်မြို့နယ် ဆရာဝန်၏အစီအစဉ်ဖြင့် Speed Boat ဖြင့်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကူညီလိုက်ပါပို့ဆောင်သူ ဘူးသီးတောင်မြို့ခံ ဦးလှသိန်းမောင်က ပြောကြားသည်။

အလားတူ ဘယ်ဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာရရှိခဲ့သည့် ရဲတပ်သား သူရနိုင်ကိုလည်း ပြည်တွင်းရေကြောင်းသင်္ဘောဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရသူသုံးဦးထဲက ကျန်းမာရေးဝန်ထမ်းနဲ့ ရဲတပ်သားသူရနိုင်ကို စစ်တွေကိုပို့တာပါ။ ရဲတပ်သားကို သင်္ဘောနဲ့ပို့တာက သူကလဲလျောင်းနေရတယ်။ အောက်ဆီဂျင်လည်း ပေးထားရတာဖြစ်လို့ Speed Boat မှာမဆံ့လို့ သင်္ဘောနဲ့သယ်တာပါ” ဟု ဘူးသီးတောင်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ဘင်္ဂါလီ အကြမ်းဖက်သမားများ သတ်ဖြတ်ခြင်းကိုခံခဲ့ရသဖြင့် ကျဆုံးသူများမှာ ဒုရဲအုပ်အောင်မြင့်ဦးနှင့် ရဲတပ်ကြပ်စိုးဝင်း တို့ဖြစ်ကြောင်း သိရသည်။ ကျဆုံးခဲ့သူများနှင့် ဒဏ်ရာရရှိခဲ့သူများသည် သြဂုတ် ၂၅ ရက်က ဘူးသီးတောင်ဆေးရုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် ရဲတပ်ကြပ်စိုးဝင်း၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ဦးရွှေလှိုင်က “ကျွန်တော့်ညီက ဖောင်တော်ပြင်ရဲစခန်းမှာ တာဝန်ကျနေတာပါ။ အခုသေဆုံးသွားပါပြီ။ ကင်းမှူးတာဝန်ကျနေတဲ့အခါ ကင်းကို သေနတ်နဲ့ပစ်ပြီးတော့ ကင်းမှူးကို ဓားနဲ့ခုတ်သတ်တာဖြစ်ပါတယ်။ ပြီးမှ စခန်းကိုဝင်တိုက်တာ ဖြစ်ပါတယ်။ အခုလို ဘင်္ဂါလီအကြမ်းဖက်သမားတွေက ရဲစခန်းကိုဝင်တိုက်ခိုက်တာဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးတာဖြစ်လို့ အမြစ်ပြတ်ချေမှုန်းပေးဖို့ ပြောလိုပါတယ်။ ညီလေးကျဆုံးသွားတာကို ဝမ်းနည်းတယ်” ဟုပြောကြားသည်။

မောင်တောမြို့ပေါ်တွင် ဘင်္ဂါလီများ တိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာဝင်များ ထွက်ပြေးလာစဉ်

မောင်တောမြို့နယ်ရှိ နံ့သာတောင်ကျေးရွာမှ ရွာသူရွာသားများ တောင်ပြိုလက်ဝဲမြို့သို့ ရွာလုံးကျွတ်ရောက်ရှိနေပြီး စားသောက်ရေး ရိက္ခာပြတ်လပ်လျက်ရှိ

မောင်တောမြို့နယ် တောင်ပြိုနယ်စပ် နံ့သာတောင်ကျေးရွာမှ ရွာသူရွာသားများ တောင်ပြိုလက်ဝဲမြို့သို့ ရွာလုံးကျွတ်ရောက်ရှိနေပြီး စားသောက်ရေးရိက္ခာ ပြတ်လပ်လျက်ရှိကြောင်း နံ့သာတောင် ပရဟိတကျောင်းမှ ဆရာတော်က မိန့်ကြားသည်။

နံ့သာတောင် ပရဟိတကျောင်းဆရာတော် ဦးစာရဏက “အခုလက်ရှိမှာ ဘုန်းဘုန်းတို့ ပရဟိတကျောင်းက ကျောင်းသား ကျောင်းသူ ၅၀၀ ကျော်နဲ့ ရွာသူရွာသား ၂၀၀ ကျော် စုစုပေါင်းလူဦးရေ ၇၀၀ ကျော်ဟာ တောင်ပြိုလက်ဝဲကို ရောက်ရှိနေကြပါပြီ။ အခုဆိုရင် စားသောက်ရေးရိက္ခာမရှိလို့ ထမင်းငတ်နေကြပါပြီ။ မနေ့က ညနေ ၃ နာရီခန့်မှာ တစ်ရွာလုံး ထွက်ပြေးလာကြတာပါ။ ဘုန်းဘုန်းက လုံခြုံရေးအရာရှိတွေကိုပြောတာက နံ့သာတောင်ရွာကို လုံခြုံရေးတိုးချဖို့ပြောပေမယ့် လုံခြုံရေးဖြန့်ကြက် ဆောင်ရွက်နေရတဲ့ အခြေအနေကြောင့် တောင်ပြိုလက်ဝဲကို ခေါ်ဆောင်လာတာပါ။ လက်ရှိအနေအထားမှာ ကလေးတွေက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြတာဖြစ်လို့ နေထိုင်ရေး၊ စားရေးသောက်ရေး အားလုံးအခက်အခဲရှိနေတယ်။ ကလေးတွေဆိုရင် မနေ့ကတည်းက ဘာမှမစားရသေးဘူး။ စားသောက်ရေး အရေးတကြီး လိုအပ်နေပါတယ်” ဟုမိန့်ကြားသည်။

လက်ရှိ၌ လုံခြုံရေးစခန်းများတွင် ရွှေ့ပြောင်းလာသူများ၊ တောင်ပြိုမြို့ခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ နေထိုင်နေကြပြီး စားသောက်ရေးရိက္ခာ အရေးတကြီးလိုအပ်နေကြောင်း သိရသည်။

လက်ရှိတွင် ဘင်္ဂါလီအကြမ်းဖက်သမားများက လမ်းပေါ်တွင် မိုင်းထောင်ခြင်းများရှိနေသဖြင့် လုံခြုံရေးတပ်ဖွဲ့မှ လမ်းရှင်းလင်းမှုများ ဆောင်ရွက်နေရကြောင်း၊ ဒေသခံများ မောင်တောမြို့သို့ သွားလာ၍မရသေးဘဲ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

“အခုက ဘုန်းဘုန်းတို့ကျောင်းက ကလေးတွေ နံ့သာတောင်ရွာသားတွေ တောင်ပြိုလက်ဝဲဒေသခံတွေက လုံခြုံရေးစခန်းတွေမှာ နေထိုင်နေရတယ်ဆိုပေမယ့် မောင်တောကိုလည်း ဆင်းလာလို့မရဘူး။ ဘင်္ဂါလီအကြမ်းဖက်သမားတွေက လမ်းတွေမှာ မိုင်းထောင်ထားလို့ လုံခြုံရေးက ရှင်းလင်းနေရတယ်။ ဒါကြောင့် တောင်ပြိုမှာ လူဦးရေ ၂၀၀၀ လောက်ပိတ်မိနေပြီး စားဝတ်နေရေး အရေးပေါ်လိုအပ်နေပါတယ်။ ကလေးတွေဆိုရင် ထမင်းငတ်နေပါပြီ” ဟု နံ့သာတောင်ပရဟိတ ကျောင်းဆရာတော် ဦးစာရဏက မိန့်ကြားသည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေစဉ်အတွင်း ဘင်္ဂါလီ ၂၉ ဦးအား ရမ်းဗြဲမြို့နယ်အတွင်း ဖမ်းမိ

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေစဉ် စစ်တွေ၊ ကျောက်ဖြူနှင့် မြောက်ဦးမြို့နယ်များမှ ဘင်္ဂါလီ ၂၉ ဦးအား ရမ်းဗြဲမြို့နယ်အတွင်း သြဂုတ် ၂၆ ရက်နံနက်က ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

မူဟာမတ်အီဆု (ဘ) အဒူဂေါရ် (၂၅ နှစ်) အပါအဝင် ဘင်္ဂါလီစုစုပေါင်း ၂၉ ဦးတို့မှာ စစ်တွေ၊ ကျောက်ဖြူနှင့် ကျောက်တော်မြို့နယ်များမှဖြစ်ပြီး လိုက်ပါပို့ဆောင်သူ စက်လှေသမားမှာ မင်းကြောင်း ချောင်းတံတားအနီးတွင် ချထားခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သဖြင့် ထိုသို့ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။

“မင်းကြောင်းချောင်းတံတားထိပ်မှာ စက်လှေတစ်စင်းကချထားခဲ့တဲ့ ဘင်္ဂါလီတွေက ဒီရေတောထဲမှာ ပုန်းနေခဲ့တယ်။ အဲဒါကိုမနက်ပိုင်းမှာတွေ့ရှိပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်။ စုစုပေါင်း ၂၉ ဦးပေါ့။ စစ်တွေမြို့နယ် သက္ကယ်ပြင်ကပါတယ်။ ကျောက်တော်နဲ့ ကျောက်ဖြူမြို့နယ်က ပါတယ်။ သူတို့ကို လဝကအက်ဥပဒေနဲ့ အရေးယူဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်” ဟု ရမ်းဗြဲမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး သောင်းလွင်က ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး အဆိုပါဘင်္ဂါလီ ၂၉ ဦးတို့မှ သက်သေအထောက်အထား တစ်စုံတစ်ရာမပါရှိသည့်အတွက် တရားမဝင် ရွှေ့ပြောင်းသွားလာခြင်းနှင့် နယ်ကျော်သွားလာခြင်းတို့ဖြင့် လဝကအက်ဥပဒေပုဒ်မဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရမ်းဗြဲမြို့မရဲစခန်းမှ သိရသည်။

ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ် ကြာညိုပြင်ကျေးရွာသားများ ထပ်မံနေရပ်စွန့်ခွာ

ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ် ကြာညိုပြင်ကျေးရွာသားများ ထပ်မံနေရပ်စွန့်ခွာလာကြောင်း သိရသည်။

“အခုရွာမှာ လုံခြုံရေးမရှိတော့ ကြောက်ပြီးထွက်ပြေးလာတာပါ။ ပစ်သံခတ်သံတွေလည်း ကြားနေရတော့ ညအချိန် ဘင်္ဂါလီအကြမ်းဖက်သမားတွေ လာပြီးတိုက်ခိုက်သတ်ဖြတ်မှာကို ကြောက်လို့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ထွက်ပြေးလာတာပါ” ဟု ဘူးသီးတောင်မှ ခုနစ်မိုင်ဝေးသည့် ဖုံညိုလိပ်ရွာသူတစ်ဦးက ပြောကြားသည်။

“ရွာမှာမနေရဲတော့လို့ လာတာပါ။ ရွက်ညိုတောင်ရွာကပါ။ ဘင်္ဂါလီတွေ အများကြီး။ အမျိုးမျိုးအသံတွေကြားနေရလို့ ပြေးလာတာပါ။ ပြေးရပေါင်းလည်း မနည်းတော့ဘူး။ လုံခြုံရေးမရှိရင် ရွာကိုမပြန်ရဲတော့ဘူး” ဟု ကြာညိုပြင်ကျေးရွာမှ အသက် ၈၀ အရွယ် ဒေါ်စိန်ညွန့်ဖြူက ပြောကြားသည်။

နေရပ်စွန့်ခွာလာသူများသည် မြို့ပေါ်ဆွေမျိုးနေအိမ်များတွင် လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် လည်းကောင်း နေထိုင်နေရကြောင်း သိရသည်။

အလားတူ သြဂုတ် ၂၅ ရက်ညနေက လုံခြုံရေးဖြင့် ကယ်ထုတ်ခဲ့ရသည့် ဘူးသီးတောင်မြို့နယ် တောင်ဘဇာ ကျေးရွာသားများမှာ အမှတ် (၅၂၂) လုံခြုံရေးတပ်ရင်းတွင် နေထိုင်လျက်ရှိပြီး စားသောက်ရေး အခက်အခဲရှိနေကြောင်း သိရသည်။

ဘူးသီးတောင်မြို့ခံ ကိုခင်မောင်ရွှေက “မနေ့က တောင်ဘဇာကနေ ထွက်ပြေးလာကြသူတွေ အမှတ် (၅၂၂) တပ်ရင်းကိုရောက်နေပြီး လူ ၅၀၀ ကျော်ဟာ စားဖို့ရိက္ခာဆန်နဲ့ သောက်ရေ အခက်အခဲရှိနေတယ် အကြောင်းကြားလို့ ကျွန်တော်တို့မြို့ခံတွေက ပို့ဖို့တာဝန်ရှိသူတွေနဲ့ သွားဆွေးနွေးတော့ အဲဒီကိုသွားဖို့ လမ်းမှာအန္တရာယ်ရှိလို့ သူတို့ကပဲ ပို့ဆောင်ပေးမယ်လို့ ပြောထားပါတယ်။ အခု ဖုံညိုလိပ်ကျေးရွာသားတွေလည်း ထွက်ပြေးလာကြပါတယ်” ဟုပြောကြားသည်။

ဘူးသီးတောင်မြို့ပေါ်တွင် ရွှေကျင်ဘုန်းတော်ကြီးကျောင်းနှင့် လမ်းမကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး စုစုပေါင်းလူဦးရေ ၁၀၀ ကျော်ရောက်ရှိနေကြောင်း သိရသည်။

အကြမ်းဖက်တိုက်ခိုက်သူ ဘင်္ဂါလီများအနေဖြင့် လမ်းမများရှိ တံတားများအားဖျက်ဆီးကာ သွားလာရေး ခက်ခဲအောင် လုပ်ဆောင်မှုများရှိလာ

အကြမ်းဖက်ဘင်္ဂါလီများအနေဖြင့် လမ်းမများရှိ တံတားများအားဖျက်ဆီးကာ သွားလာရေးခက်ခဲအောင် လုပ်ဆောင်မှုများရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက်ပိုင်းက ဘာကုံးနားကျေးရွာအနီးရှိ တံတားအား မိုင်းခွဲဖျက်ဆီးခဲ့သည့်အပြင် တောင်ပိုင်းသို့သွားသော လမ်းအချို့မှ တံတားများအား ဖျက်ဆီးမှုများရှိနေကြောင်း၊ အလားတူစွာပင် သြဂုတ် ၂၅ ရက်ကလည်း မောင်တောမြောက်ပိုင်းသို့ သွားရောက်သည့် လမ်းပိုင်းများရှိ တံတားငယ်အချို့ကို ဖျက်ဆီးထားခဲ့ကြောင်း သိရသည်။

“တောင်ပိုင်းဘက်က ဘာကုံးနားတံတားကို ဖျက်ဆီးလိုက်တယ်လို့သိရပြီး အကြမ်းဖက်တွေဟာ တောင်နဲ့မြောက်ပိုင်း သွားတဲ့လမ်းတွေမှာ မိုင်းတွေထောင်တယ်လို့ တပ်မတော်ကပြောလို့ သိရတယ်။ နောက်ပြီး မနေ့ကတည်းက တံတားငယ်တွေကို လိုက်လံဖျက်ဆီးနေတာဟာ စစ်ကူလမ်းကြောင်းတွေကို ကြန့်ကြာအောင် လုပ်ဆောင်နေတာလို့ သိရတယ်။ တံတားနာမည်တွေတော့ မသိဘူး။ မြောက်ပိုင်းကတံတားတွေထဲမှာ တမန်းသား၊ အထက်ဘက်က လက်ယာချောင်းတံတားကြီးကိုလည်း ဖျက်ဆီးထားတယ်လို့ သိရတယ်” ဟု မောင်တောမြို့မှ ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ထို့အတူပင် ယနေ့နေ့လယ် ၁ နာရီခန့်က မောင်တောမြို့အဝင် တံတားအား ဘင်္ဂါလီအကြမ်းဖက်သမားများက ဖျက်ဆီးလိုက်ကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။ ဘင်္ဂါလီအကြမ်းဖက်သမားများအနေဖြင့် လက်ရှိတွင် ကျေးရွာအများအပြားကိုလည်း တိုက်ခိုက်မှုများရှိနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးနေရကြောင်း သိရသည်။

ပြည်သူများအနေဖြင့် နေရပ်ကို ပြန်မသွားနိုင်ပါက နယ်မြေဆုံးရှုံးသွားနိုင်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြောကြား

ပြည်သူများအနေဖြင့် နေရပ်ကိုပြန်မသွားနိုင်ပါက နယ်မြေဆုံးရှုံးနိုင်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

လက်ရှိတွင် နေရပ်စွန့်ခွာထွက်ပြေးသူများ ရှိနေသည့်အတွက် နေရပ်စွန့်လာသူများအား လုံခြုံရေးနှင့် စားနပ်ရိက္ခာအတွက် စီမံဆောင်ရွက်နေမှုများ ရှိနေကြောင်းနှင့် နယ်မြေရှင်းလင်းလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ပစ်တာခတ်တာကတော့ နယ်မြေရှင်းလင်းတာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေဘက်ကလည်း လုပ်သေနတ်တွေနဲ့ ပစ်ခတ်တဲ့အတွက် တပ်ဘက်ကလည်း လက်နက်ငယ်တွေနဲ့ ပစ်တာခတ်တာတွေရှိပါတယ်။ ဒါကြောင့် လက်နက်ငယ်အသံတွေကို ကြားနေရတာဖြစ်ပါတယ်” ဟု အတွင်းရေးမှူးက ပြောကြားသည်။

အလားတူစွာပင် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်သမားများအား ရှင်းလင်းလျက်ရှိသည့်အတွက် ပစ်ခတ်မှုများရှိနေကြောင်း၊ သြဂုတ် ၂၅ ရက်က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများရှိနေသည့်အတွက် စားသောက်ရေး လိုအပ်ချက်များရှိနေကြောင်း မောင်တောဒေသခံများထံမှ သိရသည်။

“နယ်စပ်ဒေသမှာ လုံခြုံရေးကိုစိုးရိမ်ပြီး နေရပ်စွန့်ခွာလာသူတွေအနေနဲ့ မိမိတို့ရဲ့ဒေသကို ပြန်အခြေချဖို့လိုပါတယ်။ ဒီလိုမသွားရင် အဲဒီနယ်မြေတွေဟာ စွန့်လွှတ်ပေးလိုက်ရမယ်။ ဘင်္ဂါလီတွေရဲ့လက်ထဲကို ရောက်သွားနိုင်ပါတယ်။ လက်ရှိမှာ ယာယီခိုလှုံနေကြတဲ့နေရာမှာတွေမှာလည်း အဆင်ပြေအောင် ဆောင်ရွက်ပြီး မူလနေရာတွေမှာလည်း လုံခြုံရေးကို စိတ်ချရတဲ့အနေအထားရောက်အောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆောင်ရွက်နေပါတယ်။ ဒါကြောင့် မိမိနေရပ်မှာ ပြန်လည်နေထိုင်နိုင်မှပဲ ဒီဒေသကို ထာဝရကာကွယ်နိုင်မှာဖြစ်ပါတယ်” ဟု ဦးတင်မောင်ဆွေက ပြောကြားသည်။

Most Read

Most Recent