သရုပ်ဆောင် အောင်ရဲထွေးအမှုတွင် လွတ်မြောက်ခဲ့သူ သုံးဦးအား ပြည်ပထွက်ခွာခွင့် ပိတ်ထားပြီး လက်ရှိအချိန်အထိ ပြည်ပသို့ ထွက်ခွာသွားခြင်း မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူပြောကြား

သရုပ်ဆောင် အောင်ရဲထွေးအမှုတွင် လွတ်မြောက်ခဲ့သူ သုံးဦးအား ပြည်ပထွက်ခွာခွင့် ပိတ်ထားပြီး လက်ရှိအချိန်အထိ ပြည်ပသို့ ထွက်ခွာသွားခြင်း မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူပြောကြား
Published 3 August 2018

အောင်ရဲထွေးအမှုတွင် ကိုယ်တိုင်ဝန်ခံကာ ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့သူများအား ပထမအကြိမ် ရုံးထုတ်ခဲ့စဉ်က တွေ့ရစဉ်

သရုပ်ဆောင် အောင်ရဲထွေးအမှုတွင် လွတ်မြောက်ခဲ့သူ သုံးဦးအား ပြည်ပထွက်ခွာခွင့် ပိတ်ထားပြီး လက်ရှိအချိန်အထိ ပြည်ပသို့ ထွက်ခွာသွားခြင်း မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

အောင်ရဲထွေးအမှုတွင် ပြန်လည် လွတ်မြောက်ခဲ့သည့် သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန် (ခ) ကျော်ဇောတို့ သုံးဦးမှာ ပြည်ပသို့ ထွက်ခွာသွားသည် ဟူသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

“အခုကတော့ သူတို့ကို ပြည်ပ ထွက်ခွာခွင့် ပိတ်ထားပါတယ်။ အပြင်ကို ထွက်သွားတဲ့သတင်း မရသေးပါဘူး” ဟု အဆိုပါ အကြီးတန်းအရာရှိက ပြောကြားသည်။

အမှုနှင့် ပတ်သက်ပြီး သြဂုတ် ၂ ရက်က နေပြည်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အစည်းအဝေး ပြုလုပ်ခဲ့သော်လည်း မည်သည့် အကြောင်းအရာများ ဆွေးနွေးလျက် ရှိသည်ကို အတည်ပြုဖြေကြားခြင်း မရှိခဲ့ပေ။

ထို့ပြင် ဇူလိုင် ၂ ရက်တွင် အောင်ရဲထွေးအမှုမှ ပြန်လည် လွတ်မြောက်သူများ၏ မိဘအချို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ကော်မရှင်ထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း အတည်ပြု ဖြေကြားခြင်း မရှိခဲပေ။

“အခုချိန်မှာတော့ ဘာမှဖြေလို့ မရသေးပါဘူး။ အစည်းအဝေးတွေကတော့ စလုပ်နေပါပြီ” ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က ပြောကြားသည်။

လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ဟာသဗီဒီယိုကလစ်များ တင်ခြင်းကြောင့် ပရိသတ်အားပေးမှု ရရှိလာသည့် သရုပ်ဆောင် အောင်ရဲထွေးမှာ နှစ်သစ်ကူးညတွင် သုဝဏ္ဏမြို့နယ်ရှိ The One Entertainment သို့ သူ၏ ချစ်သူနှင့်အတူ သွားရောက် လည်ပတ်ရာမှ လူတစ်စုက ရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့သည်။

အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သူများအား ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ရိုက်နှက်မှု ဖြစ်ပွားအပြီး တစ်ရက်အကြာ ဇန်နဝါရီ ၃ ရက်တွင် သန်းထွဋ်အောင် (ခ) သားကြီး ဆိုသူအား သူ၏ ဖခင်က ရဲစခန်းသို့ လာရောက် အပ်နှံခဲ့သည်။

သရုပ်ဆောင် အောင်ရဲထွေးအား အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ကြောင်း သန်းထွဋ်အောင် (ခ) သားကြီးက ဝန်ခံခဲ့ပြီး အုပ်စုဖွဲ့ ရိုက်နှက်မှုတွင် ၎င်းနှင့်အတူ ပါဝင်သည့် လှည်းတန်းနေ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန် (ခ) ကျော်ဇော တို့လည်း ပါဝင်ကြောင်း ထွက်ဆိုခဲ့သည်။

အမှုမှ ကျူးလွန်သူများကို ရဲစခန်းသို့ မိဘများကိုယ်တိုင် လာရောက် အပ်နှံခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကလည်း လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ခုနစ်လခန့်အကြာတွင် တရားလိုဘက်မှ အမှုရုပ်သိမ်းသည်ဟု ဆိုကာ ဖမ်းဆီးထားသူများမှာ ပြန်လည် လွတ်မြောက်အပြီးတွင် အများပြည်သူက ဝိုင်းဝန်း ကန့်ကွက်မှုများ ရှိခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း ပဲခူးတိုင်း အစိုးရအဖွဲ့နှင့် လည်းကောင်း၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် လည်းကောင်း တွေ့ဆုံစဉ်တွင် လတ်တလော ဖြစ်ပေါ်ခဲ့သော ပြည်သူအချင်းချင်း ကျေအေးခဲ့သည့် အမှုသည် လက်ခံနိုင်စရာမရှိဘဲ တရားစီရင်ရေးမဏ္ဍိုင် ကို တိမ်းစောင်း သွားစေနိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစစ်ဆေးမည်ဟု ပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားမှုများအပြီးတွင် သရုပ်ဆောင် အောင်ရဲထွေးအမှုအား ပြန်လည် စစ်ဆေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

သမ္မတရုံးမှ ညွှန်ကြားအပြီးတွင် ပြည်ထောင်စု ရှေ့နေရုံး၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးမှ ပြင်ဆင်မှုလျှောက်ထားချက်ကို ဇူလိုင် ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်သွင်းခဲ့ရာ တိုင်းဒေသကြီး တရားလွှတ်တော်က ရာဇဝတ် ပြင်ဆင်မှု အမှတ်၂၉၆(ခ)/၂၀၁၈ ဖြင့် အမှုကို လက်ခံကာ ဆက်လက် ကြားနာမည်ဖြစ်ပြီး လွတ်မြောက်ခဲ့သူများမှာ အချုပ်လွတ်ဖြင့် တရားရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အမှုမှ ပြန်လည် လွတ်မြောက်သူ သုံးဦးထံ သမ္မန်စာ ပေးပို့ထားပြီး အမှုအား ထပ်မံ စစ်ဆေးမည် ဖြစ်သည်။

အရှေ့ပိုင်းခရိုင် တရားရုံး၏ အမှုစီရင်ချက်တွင် ဖော်ပြချက်အရ တရားစွဲ အဖွဲ့အစည်းမှ အမှုအား ရုပ်သိမ်းရာတွင် ကန့်ကွက်မှုများ ရှိနေသော်လည်း တရားလိုပြ သက်သေ အားနည်းခြင်းကြောင့် ပုဒ်မ ၃၀၂ ဖြင့် စွဲဆိုထားသည့် ယင်းဖြစ်စဉ်အား ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၉၄ (က) အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ပြီး တရားခံများအား ပြန်လွှတ်ပေးကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ အမှုအား ခရိုင်နှင့် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ အမှုရုပ်သိမ်းကြောင်း တင်ပြလျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး စိတ်ဝင်စားဖွယ် အချက်တစ်ချက်မှာ ပြန်ကြားရေးဝန်ကြီးဌာနပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများ၌ ဇူလိုင် ၂၇ ရက်တွင် ဥပဒေ ဆောင်းပါး တစ်ပုဒ်နှင့် ပြည်သူ့ကဏ္ဍ ဆိုသည်တို့ ပါဝင်လာခြင်း ဖြစ်သည်။

အောင်ရဲထွေး၏ အမှုအား ဇူလိုင် ၂၅ ရက်တွင် အမိန့်ချခဲ့ခြင်းဖြစ်ပြီး ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာသည်မှာ ဇူလိုင် ၂၇ ရက်မှသာ ဖြစ်ကာ ယင်းနေ့တွင်ပင် အဆိုပါ ရေးသားချက်များကို အစိုးရသတင်းစာ နှစ်စောင်တွင် ဖော်ပြလာခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အစိုးရပိုင် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစာများတွင် အမှုနှင့် ဆက်စပ်သည့် ဆောင်းပါးနှင့် ပြည်သူ့ကဏ္ဍများ၌ တရားခံအား ကာကွယ်သည့်သဘော ရေးသား ဖော်ပြခဲ့ခြင်းကြောင့် အဆိုပါအမှု၏ နောက်ကွယ်မှ ပါဝင် ပတ်သက်သူများ၏ သြဇာကြီးထွားမှုမှာ မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း လူမှုကွန်ရက်တွင် ဝေဖန်လျက် ရှိသည်ကို တွေ့ရသည်။

ထိုသို့ အစိုးရပိုင် သတင်းစာနှစ်စောင်တွင် ယင်းကဲ့သို့ ဆောင်းပါးများ ထည့်သွင်းဖော်ပြနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးမှာ တာဝန်နှင့် အခွင့်အရေး မရှိသူဖြစ်သည်ဟု သုံးသပ်ကြပြီး ယင်းသို့ လုပ်ဆောင်ရန် နောက်ကွယ်မှ စေခိုင်းညွှန်ကြားနိုင်သူ၏ သြဇာနှင့် အရှိန်အဝါမှာ မေးခွန်းထုတ်စရာဖြစ်ပြီး ၎င်းတို့အား စုံစမ်းစစ်ဆေးပေးရန် လူမှုကွန်ရက် စာမျက်နှာများတွင် အများပြည်သူက တောင်းဆိုလျက် ရှိသည်။

ထို့ပြင် ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သမ္မတအိမ်တော်တွင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ တို့အား ခေါ်ယူတွေ့ဆုံခဲ့သည်။

ယင်းသို့ခေါ်ယူ တွေ့ဆုံခဲ့ရာတွင် အမှုရုပ်သိမ်းခြင်း၏ နောက်ခံ အကြောင်းရင်းများ၊ အခြားဆက်နွှယ် ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျ စိစစ်ကာ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားထားသည်။

Most Read

Most Recent