ချင်းတွင်းမြစ်ရေသည် နောက်နှစ်ရက်အတွင်း ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်၊ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေကျဆင်းကာ အတ္ထရံမြစ်ရေလျှံမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွား

ချင်းတွင်းမြစ်ရေသည် နောက်နှစ်ရက်အတွင်း ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်၊ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေကျဆင်းကာ အတ္ထရံမြစ်ရေလျှံမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွား
Published 2 August 2018

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းကာ အတ္ထရံမြစ်ရေလျှံမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ်

ချင်းတွင်းမြစ်ရေသည် နောက်နှစ်ရက်အတွင်း ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်၊ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းကာ အတ္ထရံမြစ် ရေလျှံမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

■ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘားအံမြို့နယ် သံလွင်တံတားအနီးရှိ တရုတ်လှကျေးရွာ ကျွန်းထိပ်စေတီနှင့် အရန်စေတီလေးဆူ အပါအဝင် ရင်ပြင်တစ်ခုလုံး သံလွင်မြစ်အတွင်း ပြိုကျ

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘားအံမြို့နယ် သံလွင်တံတားအနီးရှိ တရုတ်လှကျေးရွာ ကျွန်းထိပ်စေတီနှင့် အရန်စေတီလေးဆူ အပါအဝင် ရင်ပြင်တစ်ခုလုံး သံလွင်မြစ်အတွင်း ပြိုကျမျောပါမှု ဇူလိုင် ၃၁ ရက် ညနေ ၆ နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၁ ရက် မွန်းတည့် ၁၂ နာရီခွဲ တိုင်းထွာချက်အရ သံလွင်မြစ်ရေမှာ ၎င်း၏ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာ ကျော်လွန်ကာ ၉၂၈ စင်တီမီတာသို့ရောက်ရှိပြီး မြစ်ရေ ကြမ်းတမ်းစွာ စီးဆင်းမှုကြောင့် တရုတ်လှကျေးရွာ ကျွန်းထိပ်တွင် တည်ထားသည့် ပင်မစေတီ တစ်ဆူနှင့် အရန်စေတီ ကိုးဆူမှာ ကမ်းပါးပြိုကျပြီး သံလွင်မြစ်အတွင်း မျောပါခဲ့ကြောင်း သိရသည်။

အဆိုပါ ပင်မစေတီတော်နှင့် အရန်စေတီ လေးဆူအား ရွှေသင်္ကန်း ကပ်လှူထားရှိပြီး လွန်ခဲ့သည့် ၁၉၈၃ ခုနှစ်က တရုတ်လှကျေးရွာနေ ဦးသန်းရှိန် (ခ) ဦးသန်းတင်က ကွယ်လွန်သူ မိဘနှစ်ပါးအား ရည်စူးပြီး တည်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မျက်ရည်ကျရအောင် ဝမ်းနည်း ပူဆွေးရပါတယ်။ ဘယ်လိုဖြစ်ဖြစ် ကိုယ့်ရွာနဲ့ ကိုယ့်စေတီကို ဘယ်လိုမှ မေ့ဖျောက်လို့ရမှာ မဟုတ်တော့ပါဘူး။ စေတီတော်တွေက ရွာကျက်သရေနဲ့ အရမ်းတင့်တယ်ပါတယ်။ စေတီတော် ဆုံးရှုံးခဲ့တဲ့အတွက် တစ်ရွာလုံး ဖြေမဆည်နိုင်အောင် ခံစားရပါတယ်” ဟု တရုတ်လှဒေသခံ တစ်ဦးက ပြောကြားသည်။

သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ရွှေသင်္ကန်း ကပ်လှူထားသော ပင်မစေတီတော် နှင့် အရန်စေတီ ကိုးဆူ အပါအဝင် ဘုရားရင်ပြင်တော် တစ်ခုလုံး သံလွင်မြစ်အတွင်း မျောပါ ဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်မှုနှင့် သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ကျွန်းထိပ်စေတီနှင့် အရန်စေတီလေးဆူ အပါအဝင် ရင်ပြင်တစ်ခုလုံး ပြိုကျမျောပါမှုကို တွေ့ရစဉ်

■ ချင်းတွင်းမြစ်ရေသည် နောက်နှစ်ရက်အတွင်း ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန် သတိပေးချက် ထုတ်ပြန်

ချင်းတွင်းမြစ်ရေသည် နောက်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

သြဂုတ် ၁ ရက် မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ၂၈၅၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၉၀၀ အောက် တစ်ပေခွဲခန့်တွင် ရောက်ရှိနေကြောင်းနှင့် ထိုမြစ်ရေသည် နောက် နှစ်ရက်အတွင်း ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သတိပေးကြေညာချက် ထုတ်ပြန်ထားသည်။

လတ်တလောတွင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နယ်ရှိ မြစ်ကမ်းနံဘေး ကျေးရွာအချို့နှင့် ဟုမ္မလင်းမြို့ပေါ် ရပ်ကွက် မြစ်ကမ်းနံဘေးရှိ လူနေအိမ်အချို့တွင် စတင် ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် နောက်နှစ်ရက်အတွင်း ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်သဖြင့် ချင်းတွင်းမြစ်ကမ်းနံဘေး ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဟုမ္မလင်းမြို့ပေါ် ရပ်ကွက် မြစ်ကမ်းနံဘေး နေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန် သက်ဆိုင်ရာက သတိပေးနှိုးဆော်ထားကြောင်း နှင့် ရေဘေးပြောင်းရွှေ့ နေထိုင်သူမရှိသေးကြောင်း သိရသည်။

■ သံလွင်မြစ်ရေ ကျဆင်းနေသော်လည်း ဘားအံမြို့နယ် ကယ်ဆယ်ရေးစုရပ် အသီးသီးတွင် ရေဘေးသင့်ပြည်သူ ၁၁၀၀၀ ကျော် ဆက်လက် ခိုလှုံနေဆဲဖြစ်

သြဂုတ် ၁ ရက် ညနေ ၄ နာရီခွဲ တိုင်းထွာချက်အရ သံလွင်မြစ်ရေချိန်မှာ ၉၂၀ စင်တီမီတာသို့ ဆက်လက် ကျဆင်းနေသော်လည်း ဘားအံမြို့နယ် ကယ်ဆယ်ရေးစုရပ်စခန်း ၁၆ စု၌ ခိုလှုံနေသည့် ရေဘေးသင့်ပြည်သူ ၁၁၈၈၂ ဦးသည် သွားလာရေး အခက်အခဲကြောင့် ဆက်လက် ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။

“ရေက လမ်းမပေါ်အောင် ကျဆင်းတာလည်း မဟုတ်တော့ ကယ်ဆယ်ရေးစခန်းက နေစွန့်ခွာလို့ မရသေးဘူးလေ။ အိမ်ပြန်ဖို့ရာမှာ လှေငယ်လေးတွေကိုပဲ အားကိုးရမှာပေါ့။ ရပ်ကွက်တိုင်းမှာ ရေအနက်က လေးပေနဲ့ ခြောက်ပေအကြားမှာ ရှိနေတုန်းပါပဲ။ ရေလွှမ်းမိုးမှုကာလ ကြာလာရင်တော့ ကယ်ဆယ်ရေးစခန်းတွေမှာ ကူထောက်ပေးမယ့် ရိက္ခာအခက်အခဲ ရှိလာနိုင်ပါတယ်”ဟု ပြည်နယ် မိုးလုံလေလုံ အားကစားရုံတွင် ခိုလှုံနေသည့် ရေဘေးသင့်ပြည်သူ တစ်ဦးက ပြောကြားသည်။

ဘားအံမြို့နယ်အတွင်း ဇူလိုင် ၂၂ ရက်မှ စ၍ သံလွင်မြစ်ရေသည် ၎င်း၏ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာသို့ ကျော်လွန် ရောက်ရှိပြီးနောက် မြေနိမ့်ရပ်ကွက်များအတွင်း မြစ်ရေလွှမ်းမိုးမှု စတင်ခံစားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂၈ ရက်မှစ၍ ယခင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၁၂ ခုမှ ကယ်ဆယ်ရေးစခန်း ၁၆ ခုအထိ တိုးချဲ့ဖွင့်လှစ်ခဲ့ရပြီး သြဂုတ် ၁ ရက် နံနက် ၁၀ နာရီအထိ စာရင်းများအရ ဘားအံမြို့နယ်တွင် အိမ်ထောင်စု ၂၃၉၈ စု၊ လူဦးရေ ကျား-မ စုစုပေါင်း ၁၁၈၈၂ ဦး ခိုလှုံလျက် ရှိသည်။

“သံလွင်မြစ်ရေ လွှမ်းမိုးမှုက အတက်မြန်ပြီး အကျနှေးတဲ့သဘောမှာ ရှိပါတယ်။ ရေကျဆင်းချိန် နေပူရင်တော့ ကျဆင်းနှုန်း မြန်ပါတယ်။ အခု ဘားအံမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကာလ ၁၀ ရက် ကျော်လာပါပြီ။ ဘားအံမြို့သားတွေရဲ့ စည်းရုံးမှု၊ အနီးဝန်းကျင် မြို့တွေက ပရဟိတစိတ်ထား ကောင်းမွန်မှုကြောင့် စားရေးသောက်ရေး အခက်အခဲတော့ မရှိသေးပါဘူး။ ပရဟိတ လူငယ်လေးတွေ အရမ်းတော်ပါတယ်။ အိမ်မပြောင်းမရွှေ့ဘဲ နေအိမ်မစွန့်လိုသူတွေကိုလည်း ဒုက္ခသည်လို့သတ်မှတ်ပြီး မိုးကြားလေကြားမှာ အိမ်တိုင်ရာရောက် ကယ်ထောက်ပစ္စည်းတွေ လာရောက် လှူဒါန်းပေးတာ ကျေးဇူးတင်မဆုံးအောင် ဝမ်းသာရပါတယ်” ဟု ဘားအံမြို့ အမှတ် ၅ ရပ်ကွက် အောင်နန်း ၃ လမ်းနေ အသက် ၇၀ ကျော် အဘွားအိုတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်း ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ မြဝတီ၊ ကော့ကရိတ်၊ ဘားအံမြို့နယ်များ၌ ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေး စုရပ်စခန်း ၅၀ ကျော် ဖွင့်လှစ်ထားရှိကြောင်း ဘားအံခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဘားအံမြို့အမှတ် ၅ ရပ်ကွက်တွင် သံလွင်မြစ်ရေလွှမ်းနေမှုကို သြဂုတ် ၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်

■ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းကာ အတ္ထရံမြစ်ရေလျှံမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်နေပြီး လူဦးရေ ၂၀၀၀၀ ကျော် ရေဘေးသင့်နေ

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းမှုကြောင့် အတ္ထရံမြစ်ရေလျှံမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး လူဦးရေ ၂၀၀၀၀ ကျော် ရေဘေးသင့်နေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်၏ ပြောကြားချက်အရ သိရသည်။

“ကျိုက်မရောမြို့နယ်က မြစ်ကမ်းနံဘေးမှာ ဖြစ်တော့ နှစ်တိုင်းကို ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပါတယ်။ ဒီနှစ်ကတော့ အခြေအနေ ပိုဆိုးပါတယ်။ လက်ရှိ ကျိုက်မရောမြို့နယ်ထဲမှာ မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော် ရေကြီးနစ်မြုပ်နေပြီးတော့ အိမ်ထောင်စုပေါင်း ၄၅၀၀ ကျော်၊ လူဦးရေကတော့ ၂၀၀၀၀ ကျော် ရှိနေပါတယ်။ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်လာနေတာ ငါးရက်လောက် ရှိပြီ။ ရေက စိုးရိမ်ရေမှတ်ကို မရောက်သေးပေမယ့် ရွာတော်များများက မြုပ်ပါတယ်။ တချို့ရွာတွေမှာက လမ်းတွေပါ မြုပ်နေတော့ဆက်သွယ်ရေး ပြတ်တောက်မှုတွေလည်း ဖြစ်နေပါတယ်။ ကျိုက်မရောမြို့နယ်ထဲမှာ ၁၀ ရွာလောက်က ရွာလုံးကျွတ် ရေမြုပ်နေတယ်။ အဲဒီရွာတွေက ငါးပြေမ၊ အောင်ဗလ၊ ဖာသိမ်ကျေးရွာအုပ်စုထဲမှာဆို ရင် ရေပူကော့စပ်ရွာဆိုရင် တစ်ရွာလုံးနီးပါး မြုပ်နေကုန်ပြီ။ နောက် ဘောလောကျေးရွာ၊ အတ္ထရံကျေးရွာ၊ ကွမ်ငန်းကျေးရွာ၊ အဲဒီကျေးရွာတွေလည်း တစ်ရွာလုံး မြုပ်နေပါတယ်။ တခြားရွာတွေ ဆိုရင်လည်း ကားလမ်းတွေ မြုပ်နေလို့သွားလာရေးအတွက် အခက်အခဲတွေ ဖြစ်နေပါတယ်”ဟု စောအောင်မြင့်ခိုင် က ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ရေကလည်း ကြာနေပြီ။ ကျွန်တော်တို့စိုးရိမ်တာက ဒီရေက ပြန်မကျဘဲ တိုင်နေပြီးတော့ နောက်ရေကျရက်နဲ့ ပြန်ဆုံလို့ရှိရင် ရေပြန်တက်လာလို့ရှိရင် စိုးရိမ်ရတဲ့ အနေအထားမျိုး ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့က ဖြစ်နိုင်ရင် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ဖို့ပြောတယ်။ ဒါပေမဲ့ ရွာသားတွေက ကယ်ဆယ်ရေးစခန်းတွေ မဖွင့်ဘူး။ အိမ်တွေက ရေတက်လို့မြုပ်တော့မယ်။ သူတို့က အဲဒီမှာပဲ နေနေတယ်။ တချို့လှေများတဲ့ ရွာတွေကျတော့ သူတို့က အတွေ့အကြုံရှိနေကြတော့ မပြောင်းကြဘူး။ ကျွန်တော်တို့ သတိပေးချင်တာက မပြောင်းရသေးတဲ့ သူတွေ ရေအခြေအနေကို သတိပြုပေးကြပါတယ်။ ရေနဲ့တအားကို ကပ်နေပြီဖြစ်နေတဲ့ အိမ်တွေမှာ နေနေကြတဲ့လူတွေ ပြောင်းရွှေ့ပေးကြပါလို့သတိပေးလိုပါတယ်” ဟု ပြောကြားသည်။

“ကယ်ဆယ်ရေး ပစ္စည်းတွေကို ကျွန်တော်တို့ကျိုက်မရောမြို့ပေါ်မှာ လက်ခံပေးပါတယ်။ နောက်ကော်မတီ ဖွဲ့ထားပါတယ်။ ကျိုက်မရော အတ္ထရံခန်းမနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ လက်ခံရေးဌာနတွေ ဖွင့်လှစ်ပေးထားပါတယ်။ နောက် လိုရင် လိုသလို ထောက်ပံ့နိုင်ဖို့အတွက်ကို အရန်လည်း ထားပါတယ်” ဟု ပြောကြားသည်။

“လမုခိုရွာ၊ အောင်ဗလကုန်းရွာ၊ ဝါးပျံကုန်းရွာ၊ ငါးပြေမ၊ ကျက်ခပ်ကုန်း၊ ဦးလေး၊ ဝဲပျံကုန်း၊ မရမ်းကုန်း စတဲ့ရွာတွေက ရေမြုပ်နေတယ်။ ရွာတွေထဲကို ရေဝင်နေတာ တစ်လလောက်တော့ ရှိနေပြီ။ ရေကြီးနေတော့ ကားလမ်းတွေ ရေကျော်နေလို့ သွားလာရ ခက်ခဲနေတယ်။ လှေတွေနဲ့ပဲ သွားလာနေကြရတယ်” ဟု ကျိုက်မရောမြို့နယ် ဝါးပျံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး စောထွန်းလွင်က ပြောကြားသည်။

“အိမ်တွေ ရေမြုပ်နေတာတော့ ကြာနေပြီ။ လူတွေလည်း ဆွေမျိုးတွေရှိတဲ့နေရာ ပြောင်းနေကြရတယ်။ ဝဲပျံကုန်းကျေးရွာ ဖားဘောင်ကွက်သစ်ပိုင်းမှာဆိုရင် အိမ်တွေက ခေါင်မိုးလောက်ပဲ ပေါ်တော့တယ်။ အောင်ဗလကုန်းတို့လမုခိုတို့မှာဆိုရင်လည်း အိမ်တွေမှာ နေဖို့ထိုင်ဖို့ အခက်အခဲတွေတောင် ရှိပါတယ်။ ရေကကျမလိုလိုနဲ့ ပြန်တက်ပြန် အဲဒီလိုဖြစ်နေတယ်။ လမုခိုကျေးရွာအုပ်စုထဲမှာ အိမ်ခြေ ၁၀၀၀ လောက် ရှိတယ်”ဟု စောထွန်းလွင် က ဆက်လက် ပြောကြားသည်။

“ရေက ဒုတိယ ဝါဆိုလပြည့် မတိုင်ခင်ကတည်းက တက်နေတယ်။ လမုခိုကျေးရွာမှာ အိမ်ခြေ ၅၄ အိမ် ရှိပါတယ်။ လူဦးရေ ၂၀၀ ကျော် ရှိပါတယ်။ ရေမြုပ်နေတာက အလုံး ၃၀ ကျော် ရှိတယ်။ ကျန်တဲ့အိမ်တွေက အိမ်ကြမ်းခင်းတွေတော့ ပေါ်နေသေးတယ်။ တချို့အိမ်တွေပေါ်မှာ ရေက ခါးလောက်ရှိတဲ့ အိမ်ရှိတယ်။ ဒူးလောက်ရှိတဲ့အိမ် ရှိနေပါတယ်။ အခက်အခဲအနေနဲ့လယ်သမားတွေ စပါးတွေ မြုပ်နေတယ်။ မျိုးတွေမြုပ်နေတယ်။ ရေမကျသေးရင် စပါးတွေ ပျက်သွားတယ်။ အဲဒီအတွက် အခက်အခဲတွေ ရှိပါတယ်” ဟု ကျိုက်မရောမြို့နယ် လမုခိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆယ်ပြားက ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေ ကျဆင်းမှုကြောင့် မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ် နှင့် ကျိုက်မရောမြို့နယ်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ရေဘေးရှောင် နှင့် ရေဘေးသင့်ပြည်သူ သောင်းနှင့်ချီပြီး ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent