မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ အခြေအနေ ဆုတ်ယုတ်နေပြီး နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုကြောင့် ကုန်ကြမ်းနှင့် သွင်းကုန် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ ကြီးထွားလာ၍ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားလာ

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ အခြေအနေ ဆုတ်ယုတ်နေပြီး နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုကြောင့် ကုန်ကြမ်းနှင့် သွင်းကုန် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ ကြီးထွားလာ၍ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားလာ
Published 2 August 2018

ရန်ကုန်မြို့ရှိ စက်မှုကုန်ထုတ် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ အခြေအနေ ဆုတ်ယုတ်နေပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်မှုကြောင့် ကုန်ကြမ်းနှင့် သွင်းကုန် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ ကြီးထွားလာ၍ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားလာကြောင်း ၂၀၁၈ ခုနှစ် ဇူလိုင်အတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့ စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager's Index--ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်းရှိ အခြေအနေများ အသင့်အတင့် ဆုတ်ယုတ်လာကြောင်း ဇူလိုင်စစ်တမ်းဒေတာတွင် ညွှန်ပြခဲ့ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာမှစ၍ ပထမဦးဆုံးလအဖြစ် ယခင်ကျဆင်းမှုနှင့်အတူ ထုတ်ကုန်နှင့် အော်ဒါသစ်များ ကျဆင်းမှုများကြောင့် အဓိက PMI ကိန်းကျဆင်းလာစေခဲ့သည်။ သို့ဖြစ်၍ ကုမ္ပဏီများသည် လွန်ခဲ့သည့် အောက်တိုဘာကတည်းကစပြီး ဝန်ထမ်းအင်အား ပထမအကြိမ် ကျဆင်းလာမှုကို မြင်တွေ့ခဲ့ကာ လက်ကျန် အလုပ်စာရင်းများလည်း သိသိသာသာ ဆက်လက်ကျဆင်းခဲ့သည်။

ယင်းအတောအတွင်း ကုန်ကြမ်းပစ္စည်းများ ရှားပါးလာခြင်းကြောင့် သွင်းကုန် ကုန်ကျစရိတ်များကို ရှေ့ဆက်ပြီး မြင့်မားစေခဲ့ပြီး ဝယ်လိုအား အခြေအနေများ အားနည်းနေခဲ့သော်လည်း ထုတ်ကုန်များအတွက် တောင်းခံသည့်ဈေးနှုန်းများ ပိုမိုဖောင်းပွလာခဲ့ခြင်းဖြင့် ကုမ္ပဏီများသည် မြင့်တက်လာသည့် ကုန်ကျစရိတ်အချို့ကို ဈေးဝယ်များအပေါ် လွှဲချပေးခဲ့ကြသည်။

ဇူလိုင်လအတွက် နစ်ကေးမြန်မာ့ စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်းမှာ ၄၇ ဒသမ ၉ သို့ ကျဆင်းသွားပြီး ဇွန်လရှိ ၅၀ မှ ဆက်လက် ကျဆင်းလာခြင်းဖြစ်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ ထုတ်လုပ်ရေးကဏ္ဍတစ်ရပ်လုံး အသင့်အတင့် ကျဆင်းမှုကို အချက်ပြနေသည်။ ထုတ်လုပ်မှု အခြေအနေများ ဆုတ်ယုတ်မှုမှာ ၂၀၁၆ ခုနှစ် သြဂုတ်လမှစပြီး အပြင်းထန်ဆုံးဖြစ်သကဲ့သို့ စစ်တမ်းသမိုင်း တစ်လျှောက်တွင် ဒုတိယအမြန်ဆုံးလည်း ဖြစ်ခဲ့သည်။

ကုန်စည်ထုတ်လုပ်ရေး လုပ်ငန်းများ ရရှိခဲ့ကြသည့် လုပ်ငန်းအော်ဒါသစ်များမှာ ဇူလိုင်လတွင် ကျဆင်းခဲ့ပြီး အော်ဒါသစ်များမှာ ဒုတိယလအထိ ဆက်တိုက်ကျဆင်းလာခဲ့ပြီး ကျဆင်းမှုနှုန်းမှာမူ နှစ်နှစ်အတွင်း အမြန်ဆုံးသို့ အရှိန်မြင့်တက်သွားခဲ့သည်။ ထောက်ပြခဲ့သူ အများစုက စားသုံးသူတို့၏ ဝယ်နိုင်စွမ်းအား ပျော့လာခြင်းမှာ ဖောက်သည်များဘက်မှ ဝယ်လိုအားကို လျှော့ချပစ်ခဲ့သည်ဟု ယူဆသည်။ အခြားကုမ္ပဏီများကမူ ကုန်ကြမ်း ပစ္စည်းရှားပါးမှုကြောင့် အချို့ကိစ္စများတွင် အော်ဒါသစ်များကို ငြင်းပယ်ခဲ့ရကြောင်း ထောက်ပြကြသည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင် ဇူလိုင်လတွင် သွင်းကုန်ကုန်ကျစရိတ်များ သိသာသည့် အရှိန်ဖြင့်တက်လာခဲ့ကြပြီး ထိုသို့ကုန်ကျစရိတ် တိုးလာခြင်းမှာ ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်မားလာခြင်း၊ သွင်းကုန်များ ပြတ်တောက်လာရခြင်းနှင့် ငွေလဲလှယ်နှုန်း အခြေအနေ မကောင်းခဲ့ခြင်းကြောင့် ဖြစ်သည်ဟု အများက ထောက်ပြခဲ့ သည်။ ထို့ပြင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှစ၍ အမြန်ဆုံးဖြစ်လာသည်။

အဆိုပါ စစ်တမ်းကို ပြုစုပေးသည့် IHS Markit မှ စီးပွားရေးပညာရှင် Sian Jones က “ဇူလိုင်လစစ်တမ်းဒေတာက ၂၀၁၇ ခုနှစ်စက်တင်ဘာကစပြီး မြန်မာနိုင်ငံ အတွင်းရှိ ကုန်ထုတ်လုပ်သူတို့အကြား ကုန်ထုတ်လုပ်ရေး အခြေအနေတွေ ပထမအကြိမ် ဆုတ်ယုတ်လာမှုကို အချက်ပြခဲ့ပါတယ်။ ထုတ်လုပ်သူတို့က ကုန်ကြမ်းပစ္စည်းတွေ ရှေ့ဆက်ရှားပါးလာနေကြောင်းနဲ့ ငွေလဲနှုန်းမကောင်းကြောင်းကို ထောက်ပြနေတဲ့အချိန်မှာပဲ သွင်းကုန်တွေရဲ့ ဈေးနှုန်းတွေက ၂၀၁၇ ဇန်နဝါရီလမှစပြီး အမြန်ဆုံးနှုန်းနဲ့ မြင့်တက်လာပါတယ်။ ဝယ်လိုအား အခြေအနေ ကျဆင်းနေပေမယ့် ထုတ်ကုန် ရောင်းဈေးများ အလွန်အကျွံ မြင့်တက်နေပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent