သရုပ်ဆောင်သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟု လိမ်လည်တိုင်တန်းခဲ့သူ အိမ်အကူခင်မာမြင့်နှင့် ပွဲစားဒေါ်ညိုတို့အား စတင်တရားစွဲဆို

သရုပ်ဆောင်သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟု လိမ်လည်တိုင်တန်းခဲ့သူ အိမ်အကူခင်မာမြင့်နှင့် ပွဲစားဒေါ်ညိုတို့အား စတင်တရားစွဲဆို
Published 2 August 2018

အိမ်အကူ ဒေါ်ခင်မာမြင့်နှင့် ပွဲစားတို့အား သြဂုတ် ၁ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးသို့ ရုံးထုတ်လာစဉ်

သရုပ်ဆောင်သီဟတင်စိုးက အဓမ္မပြုကျင့်ခဲ့သည်ဟု လိမ်လည်တိုင်တန်းခဲ့သူ အိမ်အကူနှင့် ပွဲစားအား သြဂုတ် ၁ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ စတင်တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အိမ်အကူအမျိုးသမီး ခင်မာမြင့်နှင့် ပွဲစားဖြစ်သူ ဒေါ်ညိုတို့အား သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ သြဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်တွင် သီးသန့်ယာဉ်ဖြင့် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရုံးချိန်းတွင် ၎င်းတို့နှစ်ဦးကို ပုဒ်မ ၃၈၉/၁၁၄ တို့ဖြင့် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သရုပ်ဆောင် သီဟတင်စိုးက သားမယားပြုကျင့်သည်ဟုဆိုကာ အိမ်အကူ အမျိုးသမီးဖြစ်သည့် မကွေးတိုင်းဒေသကြီးနေ ဒေါ်ခင်မာမြင့် (၄၀ နှစ်) က ဇူလိုင် ၁၄ ရက် ညပိုင်းတွင် သက်ဆိုင်ရာ သုဝဏ္ဏနယ်မြေ ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ရဲစခန်းက (ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့တိုင်တန်းခဲ့သဖြင့် ရဲတပ်ဖွဲ့က ရဲလုပ်ငန်းစဉ်များအတိုင်း စစ်ဆေးဆောင်ရွက်ခဲ့ရာ တရားလို ဒေါ်ခင်မာမြင့်မှာ အခြားနာမည်နှစ်မျိုးထပ်မံရှိပြီး ၎င်းနာမည်နှစ်မျိုးမှာ ညိုညိုဆိုသည့်နာမည်နှင့် ဇင်မာမြင့်ဆိုသည့် နာမည်တို့ဖြစ်ကြောင်း၊ ပြီးခဲ့သည့်လေးနှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်သွားခဲ့ပြီးနောက် စားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူအလုပ်ကိုလုပ်ကိုင်ရန် ဒေါ်ညိုဆိုသူနှင့် ဆက်သွယ်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်ညိုက သရုပ်ဆောင်သီဟတင်စိုး၏နေအိမ်တွင် အလုပ်လုပ်ကိုင်ရန် ဆက်သွယ်ပေးခဲ့ပြီး ဇူလိုင် ၅ ရက်တွင် အဆိုပါနေအိမ်၌ အလုပ်ဝင်ခဲ့ကာ ဒေါ်ဇင်မာဦး၏ မိခင်ဖြစ်သူကို ပြုစုရသည့်အလုပ်ကို လုပ်ကိုင်ခဲ့ရကြောင်း၊ ယင်းသို့လုပ်ကိုင်နေစဉ် ဒေါ်ဇင်မာဦး မရှိခိုက် သီဟတင်စိုးက ၎င်းအားသားမယား ပြုကျင့်သည်ဟု လိမ်ညာပြောဆိုပြီး အမှုဖွင့်ရန် ဒေါ်ညိုက သင်ကြားပေးခဲ့သဖြင့် ထိုသို့ အမှုဖွင့်ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ ဒေါ်ညို (၆၅ နှစ်) ကို စစ်ဆေးရာ ၎င်းမှ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်အား သီဟတင်စိုးမှ သားမယားပြုကျင့်ခဲ့သည်ဟုဆိုကာ ရဲစခန်းတွင် သွားရောက်အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါက ၎င်းမှဈေးစကားပြောပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် သီဟတင်စိုးက သားမယားပြုကျင့်ခဲ့သည်ဟုဆိုပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးထံသို့ သွားရောက်ကာ အဆိုပါ နစ်နာမှုအတွက် ငွေကျပ်သိန်း ၁၀၀ ပေးပါက ကျေနပ်မည်ဖြစ်ကြောင်း သွားရောက်ညှိနှိုင်းခဲ့ရာ အဆင်မပြေသဖြင့် ရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေါ်ခင်မာမြင့်သည် တာမွေမြို့နယ်ရှိ နေအိမ်နှစ်အိမ်တွင်လည်းကောင်း၊ ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် လည်းကောင်း၊ ဗဟန်းမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင်လည်းကောင်း၊ ဒဂုံအရှေ့မြို့နယ်ရှိ နေအိမ်တစ်အိမ်တွင်လည်းကောင်း အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ပြီး ယင်းသို့ငွေခြိမ်းခြောက် တောင်းခံနိုင်ရန် ကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

အလားတူ သာကေတမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်စဉ် ယင်းနေအိမ်ရှိ အိမ်ရှင်အမျိုးသားဖြစ်သူက သားမယားပြုကျင့်သည်ဟုဆိုကာ ငွေကြေးတောင်းခံခဲ့ကြောင်းနှင့် ပဲခူးမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်စဉ်တွင်လည်း ယင်းအိမ်မှ အခြားအလုပ်သမားတစ်ဦးက ၎င်းအားသားမယားပြုကျင့်သည်ဟုဆိုကာ အိမ်ရှင်ထံမှ ငွေကြေးတောင်းခံမှုများလည်း လုပ်ဆောင်ခဲ့ကြောင်းသိရပြီး တောင်းခံသည့် ငွေကြေးမရသည့်အခါမှ သက်ဆိုင်ရာရဲစခန်းအသီးသီးသို့ သွားရောက်၍ တိုင်တန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent