ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှုကြောင့် ဒေသခံများအား အမှုဖွင့်ထားမှုနှင့် ပတ်သက်၍ အသက် ၇၀ အရွယ် အဘွားအိုတစ်ဦး အပါအဝင် ဒေသခံသုံးဦး ရဲစခန်းတွင် သွားရောက်အဖမ်းခံ

ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှုကြောင့် ဒေသခံများအား အမှုဖွင့်ထားမှုနှင့် ပတ်သက်၍ အသက် ၇၀ အရွယ် အဘွားအိုတစ်ဦး အပါအဝင် ဒေသခံသုံးဦး ရဲစခန်းတွင် သွားရောက်အဖမ်းခံ
Published 1 August 2018

ပုသိမ်ကြီးမြို့နယ် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကိစ္စ အမှုဖွင့်ထားသည့်အတွက် အသက် ၇၀ အရွယ် အဘွားအို ရဲစခန်းသို့ သွားရောက်အဖမ်းခံနေစဉ် (ဓာတ်ပုံ-ဌေးလှအောင်)

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာ အနီးတွင် တည်ဆောက်လျက်ရှိသည့် တစ်နေ့လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက် မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းအား ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့မှုကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ လမ်းတံတားဥပဒေ ပုဒ်မ ၂၂ တို့ဖြင့် အမှုဖွင့်ခံထားရသည့် ဒေသခံများက ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် ပုသိမ်ကြီး မြို့မရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြကြောင်း သိရသည်။

ထိုသို့ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ လမ်းတံတား ဥပဒေပုဒ်မ ၂၂ တို့ဖြင့် အမှုဖွင့် ခံထားရသည့် ဒေသခံများအနက် လမ်းတံတား ဥပဒေပုဒ်မ ၂၂ ဖြင့် အမှုဖွင့်ခံထားရသည့် အောင်သပြေကျေးရွာမှ အသက် ၇၀ ကျော်အရွယ်ရှိ အဘွားအို တစ်ဦးကပါ ရဲစခန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။ ထိုသို့ လာရောက် အဖမ်းခံရာတွင် ဒေသခံများနှင့် တောင်သူအရေး လှုပ်ရှားသူများက လာရောက် ဝန်းရံမှုများ ပြုလုပ်ပေးခဲ့ကြသည်။

“၁၈ ပေပဲရှိတဲ့ လမ်းပေါ်မှာ ကျုပ်တို့က စည်းကာထားတယ်ဆိုပြီး အခုလိုဖြစ်တာ။ သူတို့က ဝရမ်းထုတ်လို့ အခုလိုက်လာခဲ့တာ။ ကျန်းမာရေး မကောင်းလို့ ဆေးထိုးပြီး လာရတာပါ။ အမေကြီး ခံစားနေရတာတော့ သားတို့မြင်တဲ့ အတိုင်းပဲလေ။ ထမင်းလည်း မစားနိုင်တော့ဘူး။ အခုလို အတွေ့အကြုံမျိုးကို မတွေ့ခဲ့ဘူး။ ရင်နာတာက အမေကြီး မြေထဲကနေလည်း လမ်းအတွက် ပေးထားရသေးတယ်။ အမေကြီးကိုလည်း ဒီလိုဖမ်းမယ်၊ ချုပ်မယ်ဆိုတော့ သားတို့ မြင်တဲ့အတိုင်းပါပဲ။ တရားဥပဒေအတိုင်းတော့ ရင်ဆိုင်သွားရမှာပေါ့။ သားတို့လည်း အမေကြီးတို့ဆီကို လာပြီး ကြည့်လှည့်ကြပါ။ သမ္မတကြီး ဦးဝင်းမြင့်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ လာကြည့်လှည့်ကြပါဦး” ဟု လမ်းတံတား ဥပဒေပုဒ်မ ၂၂ ဖြင့် အမှုဖွင့် ခံထားရပြီး လာရောက် အဖမ်းခံခဲ့သည့် အသက် ၇၀ ကျော်အရွယ်ရှိ ဒေါ်အေးက ပြောကြားသည်။

“အခု ဖမ်းဝရမ်း ထုတ်ခံရတဲ့ ဒေါ်အေးဆိုတာက အသက် ၇၀ ကျော်နေပါပြီ။ သူ့ကို ဖမ်းချုပ်မယ်ဆိုတာ သိသွားတော့ ရောဂါတွေတိုးပြီး ဆေးတွေ သွင်းနေရပါတယ်။ ဒီနေ့တော့ ကျွန်မတို့ တောင်သူတွေကို ဖမ်းဝရမ်း ထုတ်တော့မယ်ဆိုပြီးပြောလို့ ကြောက်ကြောက်နဲ့ လာရောက် ရင်ဆိုင်ကြတာပါ။ သူတို့အတွက် လမ်းကိုလည်း ကျွန်မတို့ပိုင်တဲ့မြေကို ပေးရသေးတယ်။ ကျွန်မတို့ မြေယာလေး လုံခြုံဖို့အတွက် ခြံစည်းရိုး ကာတာကို မတရားသဖြင့် လမ်းတံတားဥပဒေပုဒ်မ ၂၂ တပ်ပြီး မတရားသဖြင့် စွဲဆိုထားတာပါ။ အမှန်တရားအတွက် ရင်ဆိုင်သွားမှာပါ။ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့် တို့ကို တောင်းဆိုချင်ပါတယ်။ ကျွန်မတို့ တောင်သူတွေကို အခုလို အဖိနှိပ်ခံဘဝကလွတ်အောင် ကယ်ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု လမ်းတံတား ဥပဒေပုဒ်မ ၂၂ ဖြင့် အမှုဖွင့်ခံထားရသည့် အောင်သပြေကျေးရွာမှ ဒေါ်မြက ဆိုသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက်က ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာ၊ သရက်ကိုင်းကျေးရွာ အစရှိသည့် ကျေးရွာများအနီးတွင် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက တည်ဆောက်လျက် ရှိသည့် တစ်ရက်လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက် မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဒေသခံ ကျေးရွာသားများက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကြောင့်ဟု မန္တလေးမြို့မှ နေပြည်တော်အထိ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ရာ မန္တလေးမြို့မဝင်မီ ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့တားဆီး ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့် ဒေသခံငါးဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ လမ်းတံတားဥပဒေ ၂၂  တို့ဖြင့် အသီးသီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ အမှုဖွင့်ခံထားရသည့် ဒေသခံများကို ရဲတပ်ဖွဲ့က ဇူလိုင် ၂၅ ရက်တွင် အင်အားအလုံးအရင်းဖြင့် အဆိုပါ ကျေးရွာသို့ သွားရောက် ဖမ်းဆီးခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စွပ်စွဲခံထားရသူ        တစ်ဦးတစ်ယောက်မျှ ဖမ်းဆီးရမိခဲ့ခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ဆန္ဒထု တ်ဖော်မှုကြောင့် အမှုဖွင့်ခံထားရသည့် အသက် ၇၀ အရွယ် အဘွားအိုတစ်ဦး အပါအဝင် ဒေသခံသုံးဦး ရဲစခန်းတွင် သွားရောက် အဖမ်းခံစဉ်

အဆိုပါ ဖြစ်စဉ်ဖြစ်ပွား ခဲ့ပြီးနောက် ဇူလိုင် ၃၁ ရက်တွင် အမှုဖွင့်ခံထားရသည့် ဒေသခံများ အပါအဝင် ဒေသခံများက ပုသိမ်ကြီးမြို့နယ်ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြသည်။ ထိုသို့ လာရောက် အဖမ်းခံခဲ့ရာတွင် လမ်းတံတား ဥပဒေပုဒ်မ ၂၂ ဖြင့် အမှုဖွင့်ခံ ထားရသည့် အောင်သပြေကျေးရွာမှ အသက် ၇၀ ကျော်အရွယ်ရှိ အဘွားအိုမှာ ကျန်းမာရေး ဖောက်ပြန်လာသဖြင့် ပုသိမ်ကြီးမြို့နယ် ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်က အဆိုပါ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက်နေသည့် ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ သရက်ကိုင်းကျေးရွာနေ ဒေါ်မြမြက ၎င်းပိုင်ဆိုင်သည့် မြေယာအတွင်း ခြံဝင်းခတ်ရာ အောင်သပြေ-သရက်ကိုင်း ကျေးရွာချင်းဆက် လမ်းပေါ်သို့ (ကျောက်မီးသွေး စမ်းအင်သုံး ဘိလပ်မြေစက်ရုံအနီး) ကျူးကျော်သည် ဟုဆိုကာ ပုသိမ်ကြီးမြို့နယ် ကျေးလက် လမ်းတံတား ဦးစီးဌာနမှ လမ်းတံတား ဥပဒေပုဒ်မ ၂၂ ဖြင့် အမှုဖွင့်ခဲ့သဖြင့် ရဲတပ်ဖွဲ့က အဆိုပါနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ပြီး ထိုသို့ ဖမ်းဆီးခဲ့မှုအပေါ် ဒေသခံရွာသားများက မကျေနပ်သဖြင့် ပုသိမ်ကြီးမြို့နယ် ရဲစခန်းသို့ လာရောက်စုရုံးခဲ့ပြီး ဖမ်းဆီးခံရသူကို လွှတ်ပေးရန်အတွက် တောင်းဆိုခဲ့ကြရာ လူစုလူဝေး ဖြစ်ပေါ်ခဲ့ကာ အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများက ဆက်လက် ကန့်ကွက်မှုများ ပြုလုပ်လျက်ရှိပြီး စီမံကိန်း ရပ်ဆိုင်းသည်အထိ ကန့်ကွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

လက်ရှိတွင် ဒေသခံကျေးရွာသားများက ကျေးရွာအနီးရှိ ဇရပ်အတွင်း စုရုံးနေထိုင်ကာ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် ဒဟတ္တာကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာ၊ သရက်ကိုင်းကျေးရွာ အစရှိသည့် ကျေးရွာများ အနီးတွင် မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် တစ်ရက်လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဒေသခံ ကျေးရွာသားများက သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုများကြောင့် ဟုဆိုကာ ကန့်ကွက်မှုများ ဆက်တိုက်ပြုလုပ် နေသည့်အပြင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကမူ  စီမံကိန်းအား ကန့်ကွက်နေသူများမှာ လူအနည်းစုသာ ကန့်ကွက်လျက်ရှိပြီး စီမံကိန်းကို မြေပြင်ကွင်းဆင်း၍ စိစစ်မှုများ လုပ်ဆောင်ထားကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးထားခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်းက ပြောကြားထားသည်။

Most Read

Most Recent