သရုပ်ဆောင် အောင်ရဲထွေးအမှု ရုပ်သိမ်းခဲ့ခြင်းအား ပြန်လည်စစ်ဆေးမည်ဖြစ်ပြီး အမှုမှ တရားစွဲခံရသူများ ပြည်ပသို့ရောက်ရှိနေပါက နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်မည်

သရုပ်ဆောင် အောင်ရဲထွေးအမှု ရုပ်သိမ်းခဲ့ခြင်းအား ပြန်လည်စစ်ဆေးမည်ဖြစ်ပြီး အမှုမှ တရားစွဲခံရသူများ ပြည်ပသို့ရောက်ရှိနေပါက နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်မည်
Published 30 July 2018

 

သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှ ဖမ်းဆီးထားသူ သုံးဦးအား ၂၀၁၈ ဇန်နဝါရီ ၅ ရက်နေ့ ရုံးထုတ်တွင် တွေ့ရစဉ်

သရုပ်ဆောင်အောင်ရဲထွေး အမှုရုပ်သိမ်းခဲ့ခြင်းအား ပြန်လည်စစ်ဆေးမည်ဖြစ်ပြီး အမှုမှ တရားစွဲခံရသူများ ပြည်ပသို့ ရောက်ရှိနေပါက နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

“အဲဒီအမှုက ခရိုင်ကနေ ရုပ်သိမ်းလိုက်တာပေါ့။ ခရိုင်ကနေ ရုပ်သိမ်းလိုက်တာကို တိုင်းတရားလွှတ်တော်ကနေ ပြန်ပြီးလုပ်မယ်။ ဒီနေ့ ဆောင်ရွက်ပါ့မယ်။ သူတို့ ပြည်ပကို ထွက်ပြေးလည်း ရပါတယ်။ ဘယ်နိုင်ငံထိပြေးပြေး ရာဇဝတ်မှုနဲ့ ပတ်သက်လို့ကတော့ လုပ်လို့ရပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အမှုအား နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပါ စိစစ်မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဦးဇော်ဌေးက လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

“စိစစ်မေးမြန်းရာတွင် အောက်ပါအတိုင်း သိရှိရပါတယ် - (၁) ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး ၂၀၁၈ ခုနှစ်၊ ရာဇဝတ်မှုကြီး အမှတ် ၃၄ တရားလိုဖြစ်တဲ့ ကိုသန့်ဇင်ဦးနှင့် တရားခံ သန်းထွဋ်အောင်ပါ (၃) ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ စွဲဆိုမှု ရုပ်သိမ်းလွှာ တင်ပြသူများမှာ သေဆုံးသူ အောင်ရဲထွးရဲ့အစ်ကို ကိုသန့်ဇင်ဦး၊ သေဆုံးသူ၏ဖခင် ဦးမြင့်ဦး၊ သေဆုံးသူ၏ မိခင် ဒေါ်သန်းသန်းထွေးနဲ့ သေဆုံးသူ၏အစ်ကို နေဇင်လတ်တို့ပဲ ဖြစ်ပါတယ်။ ရုပ်သိမ်းလွှာကို တရားလို ကိုသန့်ဇင်ဦးနဲ့ နစ်နာသူမိသားစုက တင်ပြလာတာ ဖြစ်ပါတယ်။

(၂) ကာယကံရှင် မိသားစုဝင်များက ရုပ်သိမ်ူးလွှာ တင်ပြတဲ့အပြင် တရားလိုပြ သက်သေတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ ၁၄ ဦးရဲ့ ထွက်ဆိုချက်တွေမှာ ခိုင်လုံတဲ့ သက်သေထွက်ဆိုချက် ပေါ်ပေါက်ခြင်း မရှိတဲ့အတွက် (ရိုက်နှက်မှု ဖြစ်ပွားစဉ်မှာ ရှိနေတဲ့ သက်သေတွေ ကိုယ်တိုင်က မည်သူမည်ဝါဆိုပြီး အတည်ပြု ပြောကြားခြင်း မရှိကြပါ) တိုင်းဒေသကြီး ဥပဒေချုပ်က အမှုကို ရုပ်သိမ်းဖို့ ရုပ်သိမ်းလွှာ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

သို့သော်လည်း ဒီလိုဆောင်ရွက်ချက်တွေကြောင့် လူသေမှု/လူသတ်မှုတွေကို ဒီလိုမျိုး ရုပ်သိမ်း လွှတ်ပေးရသလားဆိုပြီး မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ရုပ်သိမ်းလွှာတင်တဲ့ တာဝန်ရှိသူတွေကို ဝေဖန်ပြစ်တင်မှုတွေ ကျယ်ကျယ်လောင်လောင် ဖြစ်ပေါ်နေတဲ့အတွက် -

(၁) ဒီအမှုနဲ့ ပတ်သက်ပြီး အရှေ့ပိုင်းခရိုင် တရားရုံးက စွဲချက်မတင်မီ လွှတ်တဲ့အမိန့် ချမှတ်ထားတာ ဖြစ်တဲ့အတွက် အရှေ့ပိုင်းခရိုင် တရားရုံးရဲ့ အမိန့်ကို ပယ်ဖျက်ပေးဖို့၊ အမှုကို ဆက်စစ်ဆေးဖို့ တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်ပြဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဒေသကြီး ဥပဒေချုပ်ထံ ဒီကနေ့ ညွှန်ကြားလိုက်ပါတယ်။

(၂) ဒီကနေ့ (သို့မဟုတ်) မနက်ဖြန်မှာ တိုင်းဒေသကြီး ဥပဒေချုပ်က တိုင်းဒေသကြီး တရားလွှတ်တော်ကို ပြင်ဆင်ချက် တင်သွင်းမှာ ဖြစ်ပါတယ်။ ဒီလို "စွဲချက်မတင်မီ လွှတ်တဲ့အမိန့်ကို ပယ်ဖျက်ပေးဖို့" ပြင်ဆင်ချက် ဖြစ်ပါတယ်။ (ခရိုင်တရားရုံးက အမိန့်ချမှတ်ထားတာ ဖြစ်တဲ့အတွက် တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်သွင်းရခြင်း ဖြစ်ပါတယ်။

(၃) တိုင်းဒေသကြီး တရားလွှတ်တော်ကနေ ပြင်ဆင်ချက် တင်သွင်းတာကို လက်ခံရင် အမှုကို ဆက်လက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ (တရားလိုပြသက်သေ ၂၂ ဦး ရှိတဲ့အနက်မှာ ၁၄ ဦး ထွက်ဆိုချက်ပေးပြီး ဖြစ်တဲ့အတွက် ကျန်တဲ့ သက်သေ ၈ ဦးကို ဆက်လက် စစ်ဆေးရမှာပါ။)

ဒီနေရာမှာ ပြည်ပထွက်သွားပြီ၊ မရှိတော့ဘူးဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုတွေက တစ်ဆင့် ချိတ်ဆက် ဆောင်ရွက်ခဲ့တဲ့ သာဓကတွေ ရှိတဲ့အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုပါတယ်” ဟု ရေးသားထားသည်။

အဆိုပါအမှုမှာ ပြည်သူများ အကြားတွင် စိတ်ဝင်စားနေသည့် အမှုဖြစ်ပြီး တရားစွဲခံ ထားရသူများအား ပြန်လွှတ်ပေးခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

Most Read

Most Recent