<

ဆိုဗီယက်ယူနီယံကို အာခံခဲ့သူ ရုရှားစာရေးဆရာ ဗလာဒီမာ ဗွိုင်နိုဗစ်ခ်ျ

ထင်ရှားကျော်ကြားသည့် ရုရှားစာရေးဆရာနှင့် ယခင်ဆိုဗီယက်ယူနီယံအစိုးရကို ဆန့်ကျင်ခဲ့သူ ဗလာဒီမာ ဗွိုင်နိုဗစ်ခ်ျသည် အသက် ၈၆ နှစ်အရွယ်၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ဇူလိုင် ၂၈ ရက်တွင် သူ၏ ဆွေမျိုးများက ကြေညာခဲ့သည်။

ဗွိုင်နိုဗစ်ခ်ျကို ၁၉၃၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်၌ ဆိုဗီယက်ယူနီယံ တာဂျစ်နိုင်ငံ စတာလင်နာဘတ်၌ မွေးဖွားခဲ့သည်။ သူ၏ဖခင် နီကိုလိုင် ပါဗလိုဗစ်ခ်ျ ဗွိုင်နိုဗစ်ခ်ျ (၁၉၀၅-၁၉၈၇)  သည် ဆားဘီးယားမျိုးနွယ်  ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး ပြည်တွင်းသတင်းစာများ၌ အယ်ဒီတာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည်။ သူ၏ မိခင် ရိုဇာကလီမန်တီဗနာ ဂွိုင်ခမန် (၁၉၀၈-၁၉၇၈) သည် ဂျူးနွယ်ဖွားတစ်ဦးဖြစ်သည်။ သူ၏မိခင်သည် ခင်ပွန်း ဖြစ်သူနှင့်အတူ ဂျာနယ်လစ်အဖြစ် လုပ်ကိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် သင်္ချာဘာသာပြ ဆရာမအဖြစ် အသက်မွေးခဲ့သည်။

၁၉၃၆ ခုနှစ်တွင် ဗွိုင်နိုဗစ်ခ်ျ၏ဖခင် သည် ဆိုဗီယက်ဆန့်ကျင်ရေးလှုပ်ရှားသူအဖြစ် စွပ်စွဲခံရပြီး ထောင် ငါးနှစ်ကျခဲ့ပြီး ၁၉၄၁  ခုနှစ်၌ ပြန်လည်လွတ်မြောက်ခဲ့သည်။

ယင်းနောက် ၎င်းတို့၏ မိသားစုသည်  ဆွေမျိုးများရှိရာ ဇာပိုရိုဇိုင်းသို့ ရွှေ့ပြောင်းလာခဲ့သော်လည်း မျိုးချစ်စစ်ပွဲကြီး စတင်ဖြစ်ပွားပြီး နီကိုလိုင် ဗွိုင်နိုဗစ်ခ်ျသည် ရှေ့တန်း စစ်မြေပြင်သို့ စေလွှတ်ခြင်းခံရသည်။ နာဇီများ ကျူးကျော်ဝင်ရောက်ပြီးနောက် ဗွိုင်နိုဗစ်ခ်ျတို့ မိသားစုသည် အကြိမ်ကြိမ် ထွက်ပြေးခဲ့ရပြီး ရုရှားနိုင်ငံ နေရာအနှံ့အပြား၌ နေထိုင်ခဲ့ရသည်။

၁၉၄၅ ခုနှစ်တွင် ၎င်းတို့ မိသားစုသည် ဇာပိုရိုဇိုင်းသို့ ပြန်လာခဲ့ပြီး ဗွိုင်နိုဗစ်ခ်ျသည်  အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းတစ်ကျောင်းကို ၎င်းမြို့၌ ပြီးဆုံးသည်အထိ တက်ခဲ့ရသည်။

၁၉၅၁ ခုနှစ်နှင့် ၁၉၅၅ ခုနှစ်အကြားတွင် သူသည် ငြိမ်းချမ်းရေးကာလ ဆိုဗီယက်တပ်မတော်၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းအချိန်၌ သူသည် သူ၏ကဗျာများကို စစ်တပ်သတင်းစာ၌ စတင်ရေးသားခဲ့သည်။

ယင်းနောက် ဗွိုင်နိုဗစ်ခ်ျသည် မက္ကဇင်ဂေါ်ကီစာပေတက္ကသိုလ်သို့ တက်ရောက်နိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် မအောင်မြင်ဘဲ မော်စကို သမိုင်းတက္ကသိုလ်ဖြစ်သော ခရက်စကားယားတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ယင်း၌ တစ်နှစ်ခွဲသာ ပညာသင်ကြားခဲ့ပြီး ကာဇက်စတန်သို့ သွားရောက်ရန် ညွှန်ကြားခြင်းခံရသည်။ သူသည် ကာဇက်စတန်၌ အချိန်အတိုင်းအတာတစ်ခုအထိ နေခဲ့ပြီး မော်စကိုသို့ပြန်လာကာ သူ၏ ပထမဆုံးဝတ္ထုရှည်ကို ရေးသားခဲ့သည်။

ဗွိုင်နိုဗစ်ခ်ျသည် သရော်စာဝတ္ထုများ ရေးသားခြင်းဖြင့်သာမက ကဗျာများရေးသားခြင်းကြောင့်ပါ ကျော်ကြားသူဖြစ်သည်။ ဘရက်ဇညက်လက်ထက်တွင် သူ၏စာများ ရေးသားထုတ်ဝေခြင်းကို ဆိုဗီယက်ယူနီယံ၌  ပိတ်ပင်ခြင်းခံရသည်။ သို့သော် အနောက်တိုင်း၌ အလွန်လူကြိုက်များသော စာရေးဆရာဖြစ်လာခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် သူ၏အရေးအသားများနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှုတို့ကြောင့် ဗွိုင်နိုဗစ်ခ်ျသည် ဆိုဗီယက်စာရေးဆရာများသမဂ္ဂမှ ထုတ်ပယ်ခြင်းခံရသည်။ ၁၉၇၆ ခုနှစ်တွင် သူ့အား ဆက်သွယ်သည့် တယ်လီဖုန်းလိုင်း  ဖြတ်တောက်ခြင်းခံရပြီး သူနှင့် သူ၏ မိသားစုသည် ၁၉၈၀ ပြည့်နှစ်တွင် ဖိအားပေးခံရသောကြောင့် ပြည်ပသို့ ထွက်ခွာသွားရသည်။ သူ သည် ဂျာမနီနိုင်ငံအနောက်ပိုင်း မြူးနစ်မြို့၌ အခြေချပြီး Radio Liberty ၌ အလုပ်လုပ်ခဲ့သည်။

၁၉၉၀ ပြည့်နှစ်တွင် ဗွိုင်နိုဗစ်ခ်ျသည် ရုရှားသို့ ပြန်လာခဲ့ပြီး မီခေးဂေါ်ဘာချော့က သူ့အား နိုင်ငံသားဖြစ်ခွင့် ပြန်လည်ပေးအပ်ခဲ့သည်။ ဗလာဒီမာပူတင်က ၂၀၀၀ ပြည့်နှစ်၌ သမ္မတဖြစ်လာပြီးမကြာမီ ဗွိုင်နိုဗစ်ခ်ျအား  နိုင်ငံတော်ဆုတစ်ဆု ချီးမြှင့်ခဲ့သည်။

ဗွိုင်နိုဗစ်ခ်ျသည် အခြားနိုင်ငံတကာဆုများနှင့် ဂုဏ်ပြုဆုများလည်း ချီးမြှင့်ခံရသူဖြစ်ပြီး ယင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတော်ဆု (၂၀၀၀)၊ အရပ်ဘက်ရဲစွမ်းသတ္တိဆိုင်ရာ စာရေးဆရာများအတွက် အင်ဒရေဆာခါရော့ဗ်ဆု (၂၀၀၂) တို့ ပါဝင်သည်။ သူသည် ဆားဘီးယားသိပ္ပံနှင့် ၀ိဇ္ဇာအကယ်ဒမီ ဘာသာစကားနှင့် စာပေဌာန အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

ဗွိုင်နိုဗစ်ခ်ျသည် ၀တ္ထုရေးဆရာ၊ ကဗျာဆရာအပြင် ပြဇာတ်ရေးဆရာနှင့် ဂျာနယ်လစ်ဖြစ်ရုံမက ပန်းချီဆရာတစ်ဦးလည်းဖြစ်သည်။ သူသည် ၁၉၉၅ ခုနှစ် နောက်ပိုင်း တွင် ဂရပ်ဖစ်ပန်းချီများကို ရေးဆွဲခဲ့ပြီး သူ၏ ပန်းချီကားများကို ရုရှားပန်းချီပြခန်းများနှင့်  ၀က်ဘ်ဆိုက်တို့၌ ရောင်းချခဲ့သည်။

သူ၏ အထင်ရှားဆုံး ၀တ္ထုတစ်ပုဒ်ဖြစ် သည့် The Life and Extraordinary Adventures of Private Ivan Chonkin ကို ဒုတိယကမ္ဘာစစ်အတွင်း တပ်နီတော်၌ အခြေပြုထားပြီး အာဏာရှင်အစိုးရနှင့်ပတ်သက်၍ နေ့စဉ်ဘ၀အလွဲများကို သရော်ထားသည်။  Chonkin သည် ယခုအခါ ရုရှားပေါ် ပြူလာယဉ်ကျေးမှု၌ ထင်ရှားသော ဇာတ်ကောင်တစ်ဦးဖြစ်လာပြီး သူ၏ ၀တ္ထုကို ချက်ဒါရိုက်တာ ဂျီရီမင်ဇယ်က ရုပ်ရှင်ရိုက်ကူးခဲ့ သည်။

အဆိုပါ ၀တ္ထု၏ တတိယအပိုင်းကို ၂၀၀၇ ခုနှစ်ကျမှသာ ထုတ်ဝေနိုင်ခဲ့သည်။ ယင်းတတိယအပိုင်းတွင်  Chonkin  က အမေရိကသို့ မိမိသဘောဆန္ဒမပါဘဲ ရွှေ့ပြောင်းသွားခြင်း အပါအ၀င် စစ်ပြီးခေတ်နောက်ပိုင်း ယခုအထိ ဇာတ်ကောင်များကို ဖော်ပြခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ဗွိုင်နိုဗစ်ခ်ျသည် Moscow 2042 အမည်ရှိ  ၀တ္ထုရှည်တစ်ပုဒ်ကို ရေးသားပြီး ၁၉၈၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ယင်းဝတ္ထုတွင် ရုရှားနိုင်ငံကို နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကွန်မြူနစ်ပါတီက အုပ်ချုပ်ပုံကို သရုပ်ဖော်ထားသည်။ သူ သရုပ်ဖော်ထားသည့် ပါတီသည် KGB ၊ ရုရှား အော်သိုဒေါ့ ခရစ်ယာန်အသင်းတော်နှင့် ကွန်မြူ နစ်ပါတီတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ယင်းပါတီကို KGB ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သော ဘူကာရှက် (ကြမ်းပိုးဟု အဓိပ္ပာယ်ရ) က ဦးဆောင်သည်။

ဗွိုင်နိုဗစ်ခ်ျ၏ အခြားဝတ္ထုများမှာလည်း  ကျော်ကြားထင်ရှားခဲ့သည်။ သူ၏ The Ivankiad ၀တ္ထု၌ ဆိုဗီယက်စနစ်၏ ဗျူရိုကရက်ပိတ်ဆို့မှုအတွင်း အိမ်ခန်းတစ်ခန်းရရန် ကြိုးစားသည့် စာရေးဆရာတစ်ဦးအ ကြောင်း ဖော်ပြထားသည်။

The Fur Hat ၀တ္ထုသည် ဂိုဂိုးလ်ရေးသားခဲ့သည့် Overcoat ၀တ္ထုအား ထင်ဟပ်လျက် သရော်လှောင်ပြောင်ထားသည့်ဝတ္ထု ဖြစ်သည်။

သူ၏ Monumental Propaganda ၀တ္ထုသည် ကွန်မြူနစ်ခေတ်လွန် ရုရှားအား ထိုးနှက်ဝေဖန်ထားသည့် ၀တ္ထုဖြစ်သည်။ ယင်းဝတ္ထု၌ စာရေးသူ၏ ထင်မြင်ချက်မှာ ရုရှားများသည် ဂျိုးဆက်စတာလင်ခေတ် နောက်ပိုင်း များစွာပြောင်းလဲသွားခြင်းမရှိ ဟူ၍ ဖြစ်သည်။

၂၀၀၂ ခုနှစ်တွင် ဗွိုင်နိုဗစ်ခ်ျသည် ထင်ရှားသည့် စာရေးဆရာ အလက်ဇန်းဒါး ဆိုဇန်နစ်စင်ကို အကြီးအကျယ် ဝေဖန်ထားသည့် အငြင်းပွားဖွယ်ရာ အမှတ်တရ ရုပ်ပုံလွှာ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့သည်။  ဗွိုင်နိုဗစ်ခ်ျသည် ဆိုဇန်နစ်စင်အား မိမိကိုယ်တိုင်ကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဖြစ်လာအောင် ဖန်တီးခြင်းပြုသူ၊ စာရေးသားကျွမ်းကျင်းမှု ညံ့ဖျင်းသူနှင့် ဂျူးဆန့်ကျင်ရေးသမားဟု ဝေဖန်ခဲ့သည်။

ဗွိုင်နိုဗစ်ခ်ျသည် တက်ကြွ လှုပ်ရှားသူ တစ်ဦးအဖြစ်လည်း ထင်ရှားခဲ့သူဖြစ်သည်။ သူသည် ၂၀၀၁ ခုနှစ်တွင်  NTV ချန်နယ် အား ထောက်ခံမှုကို ဖော်ပြသည့် အိတ်ဖွင့် ပေးစာတစ်စောင်၌ လက်မှတ်ရေးထိုးခဲ့ပြီး  ၂၀၀၃ ခုနှစ်တွင် ဒုတိယမြောက် ချေချင်ညာစစ်ပွဲကို ဆန့်ကျင်သည့် စာတစ်စောင်ရေးသားခဲ့သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် ရုရှားသမ္မတထံ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားဖြန့်ချိခဲ့ရာ၌ ပူတင်ကို အစာငတ်ခံဆန္ဒပြနေသည့် ယူကရိန်းလေယာဉ်မှူး  နာဒီယာဆက်ချင်ကိုအား လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ဗွိုင်နိုဗစ်ခ်ျသည် သုံးကြိမ်တိုင်တိုင်လက်ထပ်ခဲ့သူဖြစ်သည်။ ၁၉၅၇ ခုနှစ်နှင့် ၁၉၆၄ ခုနှစ်အကြား၌ ဗလင်တီနာ ဗာဆယ် လီယက်နာ ဘော်တူရှာကီနာ (၁၉၂၉-၁၉၈၈) နှင့် ပေါင်းသင်းခဲ့ပြီး သမီး မာရီနာဗွိုင်နိုဗစ်ခ်ျ (၁၉၅၈-၂၀၀၆) နှင့် သား ပါဗယ်ဗွိုင်နိုဗစ်ခ်ျ (၁၉၆၂) တို့ကို မွေးဖွားခဲ့သည်။ သားဖြစ်သူသည် ရုရှားစာရေးဆရာနှင့် လူသိများထင် ရှားသူဖြစ်ပြီး သမိုင်းနောက်ခံဝတ္ထုများကို ရေးသားခဲ့သည်။

သူ၏ ဒုတိယဇနီးမှာ အီရီနာဒါနီလော့ဗ်နာဘရူဒီ (၁၉၃၈-၂၀၀၄) ဖြစ်သည်။ ဒုတိယဇနီးနှင့် အော်ဂါ ဗွိုင်နိုဗစ်ခ်ျ အမည်ရှိ သမီးတစ်ဦးကို ၁၉၇၃ ခုနှစ်တွင် မွေးဖွားခဲ့သည်။  သမီးဖြစ်သူသည် ဂျာမန်ဘာသာဖြင့် ရေးသားသော စာရေးဆရာမဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် အီရီနာ ကွယ်လွန်ပြီးနောက် ဗွိုင်နိုဗစ်ခ်ျသည် ဆဗက်တလာနာ ယာကော့ဗ်လက်ဗ်နာ ကိုလက်နီချန်ကို အမည်ရှိ စွန့်ဦးလုပ်ကိုင်သူ လုပ်ငန်းတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ အဆိုပါ အမျိုးသမီးသည် နာ မည်ကျော် ရုရှားဂျာနယ်လစ် တောမက်ကို လက်နီချန်ကို၏ ဇနီး မုဆိုးမဖြစ်သည်။

ဗွိုင်နိုဗစ်ခ်ျ ကွယ်လွန်သည့်အခါ ရုရှားယဉ်ကျေးမှုဝန်ကြီး ဗလာဒီမာ မက်ဒင်စကီး က သူ့အား အရှိတရားနှင့် ပတ်သက်၍ စူးရှသော အမြင်ကို အမြဲတမ်းပေးပြီး ရုရှား၌ လွတ်လပ်စွာဖော်ထုတ်ပြသခွင့်ကို အားကောင်းလာစေရန် အထောက်အကူပြုခဲ့သည့် ပါရမီရှင် စာရေးဆရာအဖြစ် ချီးကျူးခဲ့သည်။

July 29, 2018














Copy Protected by Chetan's WP-Copyprotect.