<

ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်ခရီးသွားများကို ဗီဇာဖြေလျှော့ခွင့်ပြုထားသော်လည်း Show Money ဒေါ်လာ ၁၀၀၀ ပြခိုင်းသည်မှာ မဖြစ်သင့်ဟုဆို

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အတွင်းပိုင်းမြင်ကွင်း

ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအား ဗီဇာကင်းလွတ်ခွင့်နှင့် တရုတ်နိုင်ငံသား (ဟောင်ကောင်နှင့် မကာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံသားများ အပါအ၀င်) ကမ္ဘာလှည့်ခရီးသည်များအား ဆိုက်ရောက်ဗီဇာဖြင့်မြန်မာနိုင်ငံသို့ ၀င်ရောက်ခွင့်ပြုထားသော်လည်း Show Money အဖြစ်ဒေါ်လာ ၁၀၀၀ ပြ ခိုင်းသည်မှာ မဖြစ်သင့်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ပြောကြားသည်။

“ဗီဇာ ကင်းလွတ်ခွင့်ပေးထားကိုတော့ ကြိုဆိုတယ်။ ဖြစ်သင့်တယ်။ ဒေါ်လာ ၁၀၀၀ Show Money အဖြစ် ပြရမှာတော့မဖြစ်သင့်ဘူး။ ဘာလိုလဲဆိုတော့ အခုခေတ်က ကတ်ပဲ သုံးကြတယ်။ ပိုက်ဆံကိုသယ်တဲ့သူတွေ နည်းတယ်လေ။ မိသားစုလေးယောက်လာတယ်ဆိုရင် ဘယ်လိုလုပ်ပြီး တစ်ယောက် ၁၀၀၀ သယ်လာမလဲ။ သယ်လာတဲ့ခေတ်လည်း မဟုတ်တော့ဘူး။ ကမ္ဘာကြီးကပြောင်းလဲနေပြီ။ ဒါကြီးက လိုက်ပြီး လုပ်ဖို့လိုတယ်။ နောက်တစ်ခုက ဂျပန်၊ ကိုးရီးယား၊ ဟောင်ကောင်၊ မကာအိုတို့က တိုးတက်တဲ့နိုင်ငံတွေ။ ဂျပန်ဆိုရင် သူ့နိုင်ငံကူးလက်မှတ်က ကမ္ဘာပေါ်မှာ နံပါတ်(၁)ဘဲ။ ဂျပန်နိုင်ငံကူးလက်မှတ် ကိုင်ထားသူတွေ ကမ္ဘာမှာ ၁၈၉ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်နဲ့ သွားနိုင်တယ်။ ပိုက်ဆံကို ကတ်နဲ့သုံးနေတဲ့အချိန်မှာ ဘယ် သူမှဒေါ်လာ ၁၀၀၀ ကို သယ်မလာဘူး။ ဒါလေးတစ်ချက် ပြန်ပြင်ပေးဖို့လိုမယ်။ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ အခြေအနေအလိုက် လက်ခံနိုင်အောင် ကိုယ်တွေဆီကလည်း ပြောင်းလဲဖို့သင့်တယ်။ အရင်တုန်းကစဉ်း စားပုံမျိုးနဲ့ စဉ်းစားပြီး လုပ်သလိုမျိုး ဖြစ်နေ ပြီ။ မဖြစ်မနေ ပြရမယ်ဆိုလည်း ဒေါ်လာ ၅၀၀ လောက်၊ ဒါမှမဟုတ် သူတို့ကတ်တွေကို ကြည့်လို့ရတာပဲ။ တိုးတက်နေတဲ့ ဂျပန်လိုနိုင်ငံ၊ ကမ္ဘာမှာ ၁၈၉ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်နဲ့ သွားနိုင်တဲ့နိုင်ငံကို ဒေါ်လာ ၁၀၀၀ Show Money  ပြရတာတော့မဖြစ်သင့်ဘူး” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ပြောကြားသည်။

အဆိုပါဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်ခွင့်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်ထားပြီး အဆိုပါ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံ သား (ဟောင်ကောင်နှင့် မကာအိုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနိုင်ငံသားများ အပါအ၀င်) ကမ္ဘာလှည့်ခရီးသည်များသည် Show Money အဖြစ် လေဆိပ်တွင် အမေရိကန် ဒေါ်လာ ၁၀၀၀ ပြသရမည်ဖြစ်ပြီး တရုတ်နိုင်ငံသားများက ဆိုက်ရောက်ဗီဇာ အခငွေ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀ ပေး  ဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“Show Money ပြရမယ့်ကိစ္စက မရှိတော့ဘူး။ ငွေကိုင်ပြီးသုံးတာက  တော်တော် နည်းသွားပြီ။ ခရီးသွားရင်လည်း Credit Card နဲ့ပဲ သုံးတယ်။ ကြိုတင်ငွေတွေပေးချေပြီးသား။ ဟိုးအရင်တုန်းကတော့ ဖြစ်ခဲ့ တယ်။ မြန်မာနိုင်ငံသားတွေ ယိုးဒယားကို သွားရင် အလုပ်သမားတွေအတွက် Show Money ပြခိုင်းတယ်။ အခုအဲဒီကိစ္စမရှိတော့ဘူး။ အခုတရုတ်နိုင်ငံသားတွေက ကမ္ဘာပေါ်မှာ ပိုက်ဆံအသုံးနိုင်ဆုံးနိုင်ငံ။ ဒေါ်လာ ၁၀၀၀ ပြခိုင်းတယ်ဆိုတဲ့အတွက်ကြောင့် ပိုက်ဆံမပါဘဲ ကတ်ပဲပါလာတဲ့သူ ရှိနိုင်တယ်။ တရုတ်နိုင်ငံမှာက Credit Card တောင် မဟုတ်တော့ဘူး။ ဖုန်းမှာရှိတဲ့ကုဒ်  နံပါတ်နဲ့ပြပြီး ဈေးဝယ်လို့ရတဲ့အနေအထားတွေ ရှိသွားပြီ။ ခေတ်တွေက ပြောင်းလဲသွားပြီ။ ပြောင်းလဲနေတဲ့ခေတ်မှာ Show Money ပြခိုင်းတယ်ဆိုတဲ့အတွက်ကြောင့် ဧည့်သည်တွေကို အတားအဆီးဖြစ်သွားတယ်။  ဒါတွေက မလုပ်သင့်ဘူး။ ခရီးသွား လုပ်ငန်းအတွက် လာမယ့်ဧည့်သည်တွေကို နှောင့်နှေးအောင်လုပ်သလိုဖြစ်နေတယ်။ ဘယ်တုန်းကမှ မြန်မာနိုင်ငံကိုဝင်တဲ့ဧည့်သည်တွေ Show Money မပြခဲ့ရပါဘူး။ ၁၉၉၁ ခုနှစ်ကတည်းက ခရီးသွားလုပ်ငန်းလုပ်ခဲ့တာ။ နှစ်ပေါင်း ၂၈ နှစ်ရှိပြီ။ တစ်ခါမှ Show Money ပြပြီး လာလည်ရတာ မရှိဘူး။အခုမှ အဲဒီလိုလုပ်တယ်ဆိုတာက လုပ်ကိုင်တာတွေ မှားယွင်းနေတယ်။ Show Money ပြခိုင်းတာကို လုံးဝကိုရုပ်သိမ်းရမယ်”  ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးအေးကျော်က ပြောကြားသည်။

July 29, 2018














Copy Protected by Chetan's WP-Copyprotect.