ဘီးလင်းမြို့တွင် ရေဘေးအရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး သထုံ၊ ကျိုက်ထို၊ ပဲခူး၊ ရွှေကျင်နှင့် တောင်ငူမြို့တို့တွင် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားကာ ရေဘေးသင့်ပြည်သူ ၅၄၀၀၀ ကျော်ရှိပြီး နှစ်ဦးသေဆုံး

ဘီးလင်းမြို့တွင် ရေဘေးအရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး သထုံ၊ ကျိုက်ထို၊ ပဲခူး၊ ရွှေကျင်နှင့် တောင်ငူမြို့တို့တွင် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားကာ ရေဘေးသင့်ပြည်သူ ၅၄၀၀၀ ကျော်ရှိပြီး နှစ်ဦးသေဆုံး
Published 29 July 2018

ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက် ဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း (ဓာတ်ပုံ - ရှိုင်းလင်းအောင်)

ဇူလိုင်လအတွင်း  ရေကြီးရေလျှံမှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရေဘေးရှောင်စခန်း ၁၆၃ ခုတွင် လူဦးရေ  ၅၄၀၀၀ ကျော် ရွှေ့ပြောင်း နေထိုင်လျက်ရှိပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

ဇူလိုင် ၂၈ ရက်အထိ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရေဘေးဖြစ်ပွားမှုကြောင့် စခန်း ၁၆၃ ခုတွင် အိမ်ထောင်စု ၁၁၆၅၀၊ လူ ဦးရေ  ၅၄၂၉၇  ဦး ယာယီရွှေ့ပြောင်း နေထိုင်လျက်ရှိကြောင်း၊ ကရင်ပြည်နယ်၊ တနင်္သာ ရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စခန်းများ ဖွင့်လှစ်ထားပြီး ထောက်ပံ့ကူညီရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ် မြဝတီ၊ ဘားအံ၊ ကော့ကရိတ်နှင့် လှိုင်းဘွဲ့မြို့တို့တွင် စခန်း များရှိနေဆဲဖြစ်ကြောင်း၊ တနင်္သာရီတိုင်း ဒေ သကြီး၊ တနင်္သာရီမြို့နယ်တွင် စခန်းများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊  မွန်ပြည်နယ် အတွင်း သထုံနှင့် ဘီးလင်းမြို့နယ်များတွင် စခန်းများ ရှိနေဆဲဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး ရွှေတောင်၊ ကျောက်ကြီး၊ ရွှေကျင်၊ ပဲခူးနှင့် မဒေါက်မြို့တို့တွင်  စခန်းများဖွင့်လှစ် ထားဆဲဖြစ်ပြီး မိုးညိုမြို့တွင် တာပေါင်များပေါ်သို့ ပြောင်းရွှေ့နေရာချထားရကြောင်း သိရသည်။

ရေဘေးရှောင်သူများသည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၁ ဦး၊ ကရင်ပြည်နယ် တွင် ၁၆၀၄၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီး တွင် ၂၆၉ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၆၅၈၃ ဦး၊ မွန်ပြည်နယ်တွင် ၁၂၅၃၄ ဦး၊ ပဲခူး တိုင်းဒေသကြီးတွင် ၂၁၀၉၅ ဦး၊ မကွေးတိုင်း ဒေသကြီးတွင်  ၄၆၄ ဦး၊ ပြည်ထောင်စုနယ် မြေ  နေပြည်တော်တွင် ၅၇ ဦး ရေဘေးရှောင် နေကြကြောင်းသိရသည်။

ထို့ပြင် ရေဘေးကြောင့် တနင်္သာရီတိုင်း ဒေသကြီးတွင် တစ်ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရေဘေးသင့်ပြည်သူများကို တွေ့ဆုံ

ဓာတ်ပုံ - မျိုးထက်ပိုင်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဇူလိုင် ၂၈ ရက်တွင် ပဲခူးမြို့သို့ ရောက်ရှိလာပြီး နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပဲခူးမြို့တော်ခန်းမတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို တွေ့ဆုံပြီး အမှာစကား ပြောကြားခဲ့သည်။

ထို့ပြင် တရားစီရင်ရေးသည် ဘက်လိုက်မှုကင်းသော တရားစီရင်ရေး ဖြစ်သင့်ကြောင်းနှင့် ဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မလုပ်ပေးနိုင်သော ကိစ္စရပ်များကို ပြည်သူများသို့ ကတိကဝတ် မပေးသင့်ကြောင်း အလေးပေး ပြောကြားသည်။

သမ္မတကြီး ဦးဝင်းမြင့်သည် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မှာကြားပြောဆိုပြီးနောက် မွန်းလွဲပိုင်းတွင် ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေ သိန်း ၁၀၀၀ လှူဒါန်း၍ ရေကြီးနစ်မြုပ်နေသော ဒေသများသို့ ကြည့်ရှုခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပဲခူးမြို့မှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

 

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းမှုကြောင့် ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အပြင် ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်း အဆက်အသွယ် ပြတ်တောက်နေဆဲ

ဓာတ်ပုံ - ရှိုင်းလင်းအောင်

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းမှုကြောင့် ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အပြင် ဇူလိုင်  ၂၈ ရက် ညနေပိုင်းအထိ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်ရှိ ဘီးလင်းမြို့နယ်အတွင်း မိုင်တိုင်  ၁၂၆ မှ ၁၂၉ အထိ ဘီးလင်းမြစ်ရေလျှံမှုကြောင့် ကားလမ်းပေါ်သို့ ရေကျော်နေဆဲဖြစ်ပြီး ဇူ လိုင် ၂၈ ရက် ညနေပိုင်းအထိ  နှစ်ဖက်ယာဉ် ရာနှင့်ချီ၍ ခရီးသွား ထောင်နှင့်ချီကာ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

 

တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိလာပြီး ရွာတန်းရှည် ရေကာတမံ ကျိုးပြတ်ခြင်းကြောင့် လူဦးရေ ၂၀၀၀ ကျော် ရေဘေးလွတ်ရာ ရွှေ့ပြောင်း

ပဲခူးတိုင်းဒေကြီး တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ရေမှာ ဇူလိုင်၂၈ ရက်နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၆၁၉ စင်တီ မီတာသို့ ရောက်ရှိလာခဲ့ပြီး တောင်ငူမြို့နယ် အနောက်ဆင် ကျေးရွာအုပ်စုရှိ သက်တမ်း ၆၄ နှစ်ကျော်ရှိသော ရွာတန်းရှည်ရေကာ တမံမှာလည်း မြစ်ရေတိုက်စား၍ ကျိုးပြတ်မှု ဖြစ်ပွားရာ လူဦးရေ ၂၀၀၀ ကျော် ရေဘေး လွတ်ရာသို့ ရွှေ့ပြောင်းပေးနေရသည်။

စစ်တောင်းမြစ်ရေကြီးသည့် အခြေအနေနှင့် ပတ်သက်၍ တောင်ငူမြို့နယ် မိုးဇလ ဦးစီးမှူး ဦးမျိုးမြင့်အောင်က “မြစ်ရေလက်ရှိ အခြေအနေက ၆၁၉ စင်တီမီတာရှိတယ်။ ဒီနေ့ မိုးရေချိန်ကလည်း နှစ်လက်မလောက်ရှိတယ်။ မိုးကလည်း ကောင်းတယ်။ နောက်ထပ် အခြေအနေက ပေဝက်လောက်တော့ ဆက်တက်ဦးမယ်လို့ မှန်းထားတယ်။ မိုးရေချိန်က မနှစ်က အခြေအနေနဲ့က မကွာဘူး။ ဒါပေမဲ့ ပြဿနာက ပဲခူးတိုင်း အောက်ပိုင်းက ကောင်းတယ်။ ပဲခူးတိုင်းအောက်ပိုင်းရဲ့ မိုးရေချိန်က ရွာသွန်းမြဲအထက်မှာ ရောက်နေတယ်။ မဒေါက်ဆိုလို့ရှိရင် စခန်းစတည်ကတည်းက စံချိန်ကျိုးတယ်။ ပဲခူးဆိုရင်လည်း အဲဒီလိုတွေ စံချိန်တွေ ကျိုးကုန်တာ” ဟု ပြောကြားသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး အနောက်ဆင်ကျေးရွာနေ ဒေသခံ ဦးစိုးမြင့်ဦးက “ကျွန်တော် ရွာတန်းရှည်ရောက်တာ ၃၅ နှစ်ရှိပြီ။ ဒီ ၃၅ နှစ်မှာ တမံရဲ့ တောင်ဘက်က ဒီနှစ်မှကြီးတာ။ အဲဒီတော့ ဒီပန်းတာနဲ့ တမံအတွင်းမှာရှိတဲ့ အိမ်ခြေပေါင်း ၃၈ အိမ်က လုံးလုံးနစ်သွားပြီ။ ဟိုးအဖျားပိုင်းကျတဲ့လူက မြုပ်သွားပြီ။ ကျွန်တော်တို့ အရင်းပိုင်းကျတဲ့လူက ရင်ခေါင်းရှိတယ်” ဟုပြောကြားသည်။

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုဖြစ်ပွားပြီး အိမ်ထောင်စု ၄၈၀ ကျော်၊ လူဦးရေ ၂၁၀၀ ကျော် ကယ်ဆယ်ရေးစခန်း၌ နေထိုင်နေရ

ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက် ဘုန်းကြီးကျောင်း အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း (ဓာတ်ပုံ - ရှိုင်းလင်းအောင်)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုကြောင့် နေ အိမ်အချို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားနေပြီး အိမ်ထောင်စု ၄၈၀ ကျော် လူဦးရေ ၂၁၀၀ ကျော် ကယ်ဆယ်ရေးစခန်း၌ နေထိုင်နေရကြောင်း ဇူလိုင် ၂၈ ရက်က စုံစမ်းသိရှိရသည်။

ဇူလိုင် ၂၆ ရက်မှစတင်ကာ  မိုးအဆက်မပြတ် ရွာသွန်းမှု၊ ဈေးကြီးချောင်းရေ မြင့်တက်မှုနှင့် ရေထရက်တို့ကြောင့် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကော့စံနိုင်ရပ်ကွက် အေးရိပ်ငြိမ်၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်နှင့် ဖက္ကလိပ်ကျေးရွာတို့ရှိ လမ်းများနှင့် နေအိမ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။ ရေကြီးရေလျှံမှုကြောင့် ကော့စနိုင်ကျေးရွာ အေးရိပ်ငြိမ်အတွင်းက အိမ်ထောင်စု ၄၈၈ စုနှင့် လူဦးရေ ၂၁၉၇ ဦး ကော့စံနိုင်တောရကျောင်းတွင် ဖွင့်လှစ်ထား သော ကယ်ဆယ်ရေးစခန်းတွင် နေထိုင်နေရ ကြောင်း သိရသည်။

ကော့စံနိုင်ရပ်ကွက် ရာအိမ်မှူး ဦးဝင်းနိုင် “အဓိကက ကော့စံနိုင် အေးရိပ်ငြိမ်မြို့သစ်မှာ ရေမြုပ်တယ်။ လူဦးရေ ၂၁၉၇ ဦး၊ အိမ် ထောင်စု ၄၈၈ စု ကယ်ဆယ်ရေးစခန်းမှာ နေနေရတယ်။ ကယ်ဆယ်ရေးစခန်းက သူတို့ရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးကိစ္စတွေကို တာဝန်ယူနေရတယ်။ ကျန်းမာရေးအတွက် မြို့ပေါ်က ဆရာ၊ ဆရာမတွေက ဆေးပေးခန်းတစ်ခု ဖွင့်ပေးထားတယ်” ဟု ဆိုသည်။

ရေလွှမ်းမိုးဖြစ်ပွားနေသည့် ကျိုက်ထိုမြို့ရှိ ရပ်ကွက်များသို့ မွန်ပြည်နယ်အစိုးရက ဆန်အိတ် ၅၀ နှင့် ကျပ် ၃၄ သိန်းကျော် လာရောက်ထောက်ပံ့ကြောင်း သိရသည်။

 

လက်ရှိတွင် ရေဘေးကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်သော အခြေအနေရှိနေကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ပြောကြား

လက်ရှိတွင် ရေဘေးကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်သော အခြေအနေတွင် ရှိနေကြောင်း  ဇူလိုင် ၂၈ ရက်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“လောလောဆယ် အခြေအနေအရတော့ ရေဘေးကို ကျွန်တော်တို့ ကောင်းမွန်စွာထိန်းချုပ်နိုင်တဲ့ အခြေအနေရှိတယ်။ ရှိတဲ့အခြေ အနေကျတော့ ကျွန်တော်တို့က ဘာလို့လဲဆိုတော့ ကြိုတင်ပြင်ဆင်မှုတွေရှိလို့ပါ။ နောက်နောင် ဒါမျိုးတွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ စီမံချက်တွေ အသေးစိတ် ရေးဆွဲပြီးတော့ ပိုမိုကောင်းမွန်တဲ့ အစီအစဉ်ကို ဆောင်ရွက်ပေးဖို့ ပြည်နယ်အစိုးရက လုပ်ဆောင်နေပါတယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာက “ရေလွှမ်းမိုးမှုက မြို့ပေါ်ငါးရပ်ကွက်နဲ့ ကျေးရွာအုပ်စု ရှစ်အုပ်စုမှာ ရေလွှမ်းမိုးမှု ဖြစ်နေတယ်။ လက်ရှိ စာရင်းအရ လူဦးရေ ၇၆၅၂ ရှိတယ်။ အိမ်ထောင်စုပေါင်း ၁၈၀၀ ကျော်ရှိပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့က လိုအပ်တဲ့ ဆန်ရိက္ခာတွေ ပို့ပေးနေတယ်။ ထောက်ပံ့ကြေးတွေ ပေးနေပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေလည်း ကူညီကယ်ဆယ်ရေးတွေ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဘီးလင်းမြို့မှာ ကယ်ဆယ်ရေးစခန်း ၃၂ ခု ဖွင့်ထားပါတယ်” ဟုပြောကြားသည်။

 

ပဲခူးမြစ်ရေ ဆက်လက်မြင့်တက်လျက်ရှိပြီး ပဲခူးမြို့ပေါ် ရပ်ကွက်များနှင့် နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်

ပဲခူးမြို့ ရေကြီးရေလျှံမှုကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - မျိုးထက်ပိုင်)

ပဲခူးမြစ်ရေသည် ဇူလိုင်၂၈ ရက်အထိ ဆက်လက်မြင့်တက်လျက်ရှိပြီး ပဲခူးမြို့ပေါ် ရပ်ကွက်များနှင့် နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ မြစ်ရေမြင့်တက်မှုသည် ဇူလိုင် ၂၈ ရက်အထိ ဆက်လက် မြင့်တက်လျက်ရှိပြီး ၅၄ နှစ်အတွင်း အမြင့်ဆုံး စိုးရိမ်ရေမှတ်အထိ ရောက်ရှိနိုင်ကြောင်း သိရသည်။

“ရေက နှစ်တိုင်းကြီးတယ်။ ဒီနှစ်ရေကြီးတာ တော်တော်ဆိုးတယ်။ ဆည်တွေက မနိုင်လို့ ဖောက်ချတယ်။ အဲဒီတော့ ရေကပိုတက်တယ်။ တချို့က အိမ်မှာနေလို့ အဆင်မပြေတော့လို့ ပြောင်းကြတယ်။ ကျွန်တော်တို့ကတော့ အိမ်ကိုမထားခဲ့နိုင်လို့ အိမ်မှာပဲနေတယ်။ အိမ်က နှစ်ထပ်ဆိုတော့ အပေါ်ထပ်မှာ နေလို့ရသေးတယ်။ ရေထပ်တက်မယ်လို့လည်း ကြားတယ်။ အဲဒီကျရင်တော့ အိမ်မြုပ်မှာ သေချာတယ်။  အဲဒီကျရင်တော့ တစ်နေရာ ပြောင်းရမှာပေါ့။ ဘယ်နေရာ နေရမှန်းတော့ မသိသေးဘူး။ ရှာနေတုန်းပါပဲ” ဟု ဇိုင်းဂနိုင်း မြောက်ပိုင်းတွင် နေထိုင်သူ ကိုနိုင်ကျော်က ပြောကြားသည်။

ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထက် သုံးပေခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်အထက် ဆက်လက် မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဇူလိုင် ၁၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြို့ပေါ် ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပဲခူးမြစ်ရေတက်ကာ ပဲခူးမြစ်နှင့်နီးသည့် မြို့ပေါ်နေရာများတွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“နှစ်တိုင်းကြီးတယ်။ ဒုက္ခအမြဲရောက်ရတယ်။ ကျန်းမာရေးပြဿနာက ပိုဆိုးတယ်” ဟု ရေကြီးကွင်း ရပ်ကွက်တွင် နေထိုင်သူ မမေလေးက ပြောကြားသည်။

ပဲခူးမြို့လယ်ဖြစ်သည့် ဇိုင်းမြောက်ရပ်ကွက်နှင့် ဇိုင်းတောင်ရပ်ကွက်၊ ရွှေနံ့သာရပ်ကွက်၊ ခေါင်းဆေးကျွန်းရပ်ကွက် အစရှိသည့် ရပ်ကွက်များရှိ နေအိမ်များ၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ကာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

လက်ရှိအချိန်အထိ ပဲခူးမြို့တွင် ရေဘေးသင့် ကယ်ဆယ်ရေးစခန်း ၂၀ ကျော် ဖွင့်လှစ်ထားပြီး ရေဘေးဒုက္ခ ရင်ဆိုင်နေရသည့် အိမ်ထောင်စု ၂၅၀၀ ခန့်မှ လူဦးရေ ၁၅၀၀၀ ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီးရှိ မဒေါက် တာကျိုးပေါက်ခြင်းမှာ မဟုတ်ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မဒေါက် တာကျိုးပေါက်ခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် အပေါက်ငယ် ပေါက်ခဲ့ခြင်းသာဖြစ်ပြီး ယင်းအပေါက်ကို တာဝန်ရှိသူများက ပြန်လည်ပြုပြင်နေပြီဖြစ်ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဦးက ဇူလိုင် ၂၈ ရက် ည ၁၁ နာရီကျော်က ပြောကြားသည်။

“မဒေါက် တာကျိုးတယ်ဆိုတာ မဟုတ်ပါဘူး။ ကောလာဟလပါ။ တချို့လည်း သတင်းအမှားတွေ သိပ်ပြောကြပါတယ်။ အဲဒီသတင်းကို ည ၈ နာရီလောက်က ကြားတယ်။ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေကို ချိတ်တယ်။ သက်ဆိုင်ရာ ဆည်မြောင်း တာဝန်ခံတွေကို ချိတ်တယ်။ မဟုတ်ပါဘူးတဲ့။ မဒေါက် တာကျိုးတာ မဟုတ်ပါဘူး။ သေးသေးလေး ပေါက်တာပါ။ ၁၀ နာရီ ကျော်ကျော်မှာ လှမ်းချိတ် လိုက်တယ်။ သေးသေးလေး ပေါက်တာက ဖြစ်နေကျပါ။ အခုလည်း လိုက်လုပ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်ရော၊ ဒေသခံတွေရော ပေါင်းစပ်လုပ်နေကြတယ်” ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဦးက ပြောကြားသည်။

 

ဘီးလင်းမြို့အပေါ်ဘက်ရှိ ဘင်ဘန်းတောင် ပြိုကျမှုဖြစ်ပွားခဲ့ပြီး တောင်ကျရေ များလာသဖြင့် ဘီးလင်းမြို့အား ရေဘေးအန္တရာယ် အရေးပေါ် အခြေအနေ ကြေညာ

ဘီလင်းမြို့အတွင်း ရေကြီးရေလျှံမှု မြင်ကွင်း (ဓာတ်ပုံ - ဘိုဘိုမြင့်)

ဘီးလင်းမြို့အပေါ်ဘက်ရှိ ဘင်ဘန်းတောင် ပြိုကျမှုဖြစ်ပွားခဲ့ပြီး တောင်ကျရေ များလာသဖြင့် ဇူလိုင် ၂၈ ရက် ညဉ့်နက်ပိုင်းတွင် ဘီးလင်းမြို့အား ရေဘေးအန္တရာယ် အရေးပေါ်အခြေအနေ ကြေညာခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့တွင် ထိုကဲ့သို့ အရေးပေါ် အခြေအနေ ကြေညာမှုနှင့် ပတ်သက်၍ ဇူလိုင် ၂၉ ရက် နံနက် ၀၀  နာရီ မိနစ် ၃၀ က မေးမြန်းရာ “ဟုတ်ပါတယ်။ တောင်ကျရေ များလာတယ်။ တောင်ပြိုတာလည်းဖြစ်တော့ ရေထပ်တိုးလာ နိုင်တဲ့အတွက် အရေးပေါ် အခြေအနေ ကြေညာဖြစ်တာပါ။ လက်ရှိတက်နေတဲ့ ရေထက် မြင့်တက်လာနိုင်တဲ့ အနေအထားရှိလို့ ပြောင်းရွှေ့ဖို့ လုပ်နေတာပါ။ အရေးပေါ် အခြေအနေ ကြေညာထားတာကို ဘီးလင်းက ပြည်သူတွေကို စက်တွေနဲ့ လိုက်အော်ပြီး အသိပေးနေပါတယ်။ ညဘက်ကြီးဖြစ်ပြီး လျှပ်စစ်မီးမရှိတော့ ဓာတ်မီးတွေနဲ့ပဲ ကယ်ဆယ်ရေး လုပ်နေရတယ်” ဟု ဘီးလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက အတည်ပြု ပြောကြားသည်။

“အရေးပေါ် အခြေအနေ ကြေညာတာ မဟုတ်ပါဘူး။ အရေးပေါ် ဖြစ်နေတာပါ။ တောင်ကျရေကျလာလို့ သွားကယ်နေကြပြီ။ လူတော်တော်များလို့ အဲဒီမှာ။ လူ ၃၀၀ ကျော်လောက်ရှိတယ်။ ဘီးလင်းနတ်ကြီးမှာ ဖြစ်တာ။ ရွာက ရှမ်းစုရွာမှာ ၁၀၀ ကျော်တယ်။ ကော့တစ် (လွှတ်တော်ကိုယ်စားလှယ်၏ အ သံထွက်အတိုင်း) မှာ ၁၃၀၊ ရွာမမှာ ၁၀၀ ကျော်ရှိနေပြီ။ ဘင်ဘန်းတောင်က ရေစီးနဲ့ပြိုကျလို့ပါ။ နတ်ကြီးဖာပွန်ဆိုတာ ကရင်ပြည်နယ်နဲ့ နီးတယ်။ ဘီးလင်းအပေါ်ဘက်က အဲဒီနေရာက ဘင်ဘန်းတောင်က ပြိုကျတာ။ ရေတွေက ရွာထဲကို လှိမ့်ဝင်လာတာ။ ရွာသားတွေက ကုန်းပေါ်ကို ပြေးတက်ကြပါတယ်။ ကယ်ဆယ်ရေးက စက်လှေတွေလည်း သွားနေပါပြီ။ အိမ်တွေက အကုန်မြုပ်နေပြီ။ နတ်ကြီးရွာ တစ်ရွာလုံးက ရေမြုပ်သွားပြီ။ ကယ်ဆယ်ရေးအတွက် တပ်မတော်၊ လူကယ်ပြန်၊ အခြားလူမှု အဖွဲ့အစည်းတွေ ရှိမယ်။ အန်အယ်လ်ဒီ အဖွဲ့တွေရှိမယ်” ဟု သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

ဘိုဘိုမြင့်၊ ဆန်းထူးအောင်၊ ဇော်ဝင်းချစ်၊ ရှိုင်းလင်းအောင်၊ မျိုးထက်ပိုင်၊ မောင်အေး

Most Read

Most Recent