ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်ရှိ ဘီးလင်းမြို့နယ်အတွင်း ကားလမ်းရေကျော်နေသည့်အတွက် ကားများ ရာနှင့်ချီပိတ်မိနေပြီး လာမည့်နှစ်ရက်အတွင်း မြစ်ရေ ဆက်လက်မြင့်တက်ဖွယ်ရှိသဖြင့် ယာဉ်များဖြတ်သန်းခွင့်ပိတ်ထား

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်ရှိ ဘီးလင်းမြို့နယ်အတွင်း ကားလမ်းရေကျော်နေသည့်အတွက် ကားများ ရာနှင့်ချီပိတ်မိနေပြီး လာမည့်နှစ်ရက်အတွင်း မြစ်ရေ ဆက်လက်မြင့်တက်ဖွယ်ရှိသဖြင့် ယာဉ်များဖြတ်သန်းခွင့်ပိတ်ထား
Published 28 July 2018

ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုမြင်ကွင်း (ဓာတ်ပုံ-ကိုလွင်ကိုကိုလတ်)

ရန်ကုန်-မော်လမြိုင် အဝေးပြေးကား လမ်းပေါ်ရှိ ဘီးလင်းမြို့နယ်အတွင်း ကားလမ်းရေကျော်မှုများ ဖြစ်ပေါ်နေသည့်အတွက် လာမည့် နှစ်ရက်အတွင်း ယာဉ်များဖြတ်သန်းသွားလာခွင့်မပြုကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ဇူလိုင် ၂၇ ရက် ညနေ ၅ နာရီက အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ဘီးလင်းမြို့နယ်အတွင်းမြစ်ရေ ကျော်တက်မှု၊ ရေကြီးရေလျှံမှုများဖြစ်ပေါ် လျက်ရှိရာ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး၏ ဘီးလင်းမြို့နယ်အတွင်း ဖြတ်သန်းသော အချို့လမ်းပိုင်းများတွင်မြစ်ရေကျော်မှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွား လာ၍မရဘဲ ယာဉ်ကြော ပိတ်ဆို့လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သို့ပါ၍ လာမည့်နှစ်ရက်အတွင်း မြစ်ရေဆက်လက်မြင့်တက်နိုင်ဖွယ် ရှိပါသောကြောင့် မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်များအား ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးနှိုးဆော်ပန်ကြားအပ်ပါသည်ဟု အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့မှ လာရောက်စဉ် ဘီးလင်းမြို့အတွင်း ရေကြီးရေလျှံ၍ ပိတ်မိနေသူ ကိုလွင်ကိုကိုလတ်က “ကျွန်တော်တို့ရောက်နေတဲ့ နေရာမှာက ရေကတော့ ပုံမှန်ပဲ။ ကျတော့မကျ သေးဘူး။ ကားတွေကတော့ နောက်တော့ဆုတ်သွားပြီ။ ဒါပေမဲ့ ကားကြီးတွေတော့ကျန်သေးတယ်။ ကျွန်တော်တို့ဒီနေရာကို ရောက်ခဲ့တာ  ဇူလိုင် ၂၆ ရက်ည  ၈ နာရီခွဲ  ၉ နာရီလောက်မှာ ရောက်တယ်။ နေရာက ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ အကောင်းကြိုက် ထမင်းဆိုင်အကျော် ကီလိုမီတာနဲ့ဆို (၁.၅) KM လောက်အကွာမှာ ရောက်နေတာပါ။ ရှေ့ဆက်သွားမယ်ဆိုရင် ရေတွေကျော်နေတဲ့ တံတားကျဉ်းနေရာကို ရောက်မှာပါ။ အဲဒီနေရာကတော့ ဖြတ်လို့မရတော့ဘူး။ အခုလက်ရှိ အချိန်မှာ ကျွန်တော်တို့ဝန်းကျင်မှာ ကုန်ကားကြီးတွေလောက်ပဲ ရှိတော့တယ်။ ခရီးသည်တင်ကားတွေမှာတော့ ခရီးသည်တွေမရှိတော့ဘူး။ ယာဉ်မောင်းနဲ့ယာဉ်အကူလောက်ပဲ ရှိတော့တယ်။ ဒီနေ့တစ်နေ့တာမှာ လူမှုကူညီရေးအသင်းအဖွဲ့တွေက ထမင်းထုပ်တွေ၊ ရေသန့်တွေ လာဝေတာတွေရှိပါတယ်။ ရွှေရောင်ပြနဲ့အကောင်းကြိုက် ထမင်းဆိုင်နားမှာ ရေကဖြတ်စီးနေတော့ ကျွန်တော်တို့ကား ပြန်ဆုတ်လို့ရှိရင်လည်း ကားတွေက ပြန်ပိတ်သွားမှာ။ အဲဒီနေရာမှာလည်း ကားတွေကအများကြီး။ အဲဒါကြောင့် ကားကိုရှေ့လည်း ဆက်မသွားဘူး။ နောက်လည်းပြန်မဆုတ်ဘူး။ ရေကျတဲ့အထိကို စောင့်လိုက်တော့မယ်။ ကျွန်တော်က ရန်ကုန်ပြန်မှာဆိုတော့ ရေကျမှပဲဆက်သွားတော့မယ်။ လက်ရှိအချိန်မှာလည်း မိုးရွာနေသေးပါတယ်”ဟု ပြောကြားသည်။

ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုမြင်ကွင်း (ဓာတ်ပုံ-ကိုလွင်ကိုကိုလတ်)

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေလိမ့်ဆင်းမှုကြောင့် ဇူလိုင် ၂၆ ရက် ညနေ ပိုင်းအချိန်မှ စတင်ကာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်ရှိ ဘီးလင်းမြို့နယ်အတွင်း ကားလမ်းရေကျော်နေမှုကြောင့် အဆက်အသွယ်ပြတ်တောက်နေပြီး နှစ်ဖက်ယာဉ်စီးရေ ရာနှင့်ချီ၍ပိတ်ဆို့နေကာ ခရီးသွား ထောင်နှင့်ချီ၍ စောင့်ဆိုင်းနေရကြောင်း သိရသည်။

“လက်ရှိအချိန်မှာ ရေက တအားကိုလျှံနေတော့ ယာဉ်အသွားအလာခက်ခဲမှုတွေ ရှိနေပါတယ်။ ဘီးလင်းမြို့အရက်ပြန်စက်ရုံရှေ့မှာ တစ်နေရာ၊ နောက်ပြီး ရွှေရောင်ပြဘက်က ကဇိုင်းတံတား (ဒေသအခေါ် မစောတံတား) မှာတစ်နေရာ ရေက ကားလမ်းမကို ကျော်နေပါတယ်။ အဲဒါကြောင့် ယာဉ်အသွားအလာခက်ခဲမှုတွေ ရှိနေပါတယ်။ နောက်ပြီး ကားတွေကိုလည်း ပေးမသွားသေးဘဲနဲ့ တားထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘီးလင်းမြစ်ရေကလည်း စိုးရိမ်ရေအမှတ်ကို ကျော်နေလို့ပါ။ နောက်ပြီး အန္တရာယ်လည်းရှိလို့ပါ။ ခရီးသွားတွေကိုတော့ တပ်မတော်ရယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေရယ်၊ မီးသတ်တပ်ဖွဲ့တွေက လှေတွေနဲ့ပို့ဆောင်ပေးနေပါတယ်။ လက် ရှိအချိန်အထိတော့ ကားလမ်းတွေ ရေကျော်နေလို့ပိတ်ထားဆဲပါ” ဟု ဘီးလင်းမြို့လူမှုကူညီကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌဖြစ်သူ ဦးစန်းနိုင်က ပြောကြားသည်။

“ကျွန်တော်က ရေးမြို့ဘက်ကလာတာပါ။ ဒီနေရာကို မနေ့(ဇူလိုင်၂၆) ည ၁၁ နာရီ လောက်ကတည်းက ရောက်နေတာ။ ရှေ့ကားလမ်းမပေါ်မှာ ရေကျော်နေတယ်ဆိုလို့ကားတွေညကတည်းက သွားလို့မရဘူး။ ဒီနေ့မွန်း တည့်အချိန်အထိကို ကားတွေကသွားလို့ မရဘူးဖြစ်နေတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးမှ ကုန်ကားမောင်းသမား ဦးမင်းသူက ဆိုသည်။

“ထမင်းဘူးနဲ့ရေသန့်တွေကို လာဝေတာတွေရှိတဲ့အတွက် စားရေးသောက်ရေး အဆင်ပြေပါတယ်။ ကားလမ်းပိတ်နေတာကြာလာတော့ တချို့လည်း လှည့်ပြန်သွားတာတွေ ရှိနေတယ်။ အခုရေကလည်း မနက်ပိုင်းကထက်စာရင် ပိုတက်လာတယ်” ဟု ဦးမင်းသူက ဆက်လက်ပြောကြားသည်။

“ဘီးလင်းမြစ်ရေက စိုးရိမ်ရေအမှတ် ၁၀၂၂ စင်တီမီတာကို ကျော်လွန်ပြီးတော့ ၁၀၅၅ အထိရောက်လာတဲ့အတွက် ရန်ကုန်-မော်လမြိုင် ကားလမ်းမိုင်တိုင်အမှတ် ၁၂၆ နဲ့ ၁၂၉ ကြားထဲမှာ အမြင့်ပေ လေးပေခန့်ရှိတဲ့ ရှိတဲ့ရေကျော်မှု ခြောက်နေရာ ဖြစ်ပွားနေပါတယ်။ ရေစီးကလည်းသန်နေတဲ့အတွက် အရဲစွန့်ပြီး မဖြတ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကားသေးတွေအပြင် ကားကြီးတွေအတွက်လည်း အန္တရာယ်ရှိတဲ့အတွက်ကို ယာဉ်တွေဖြတ်သန်းဖို့အတွက်ကို လောလောဆယ် ခွင့်မပြုနိုင်သေးပါဘူး။ အခုအချိန်အထိ ရေကဆက်တက်နေပြီးတော့ ၁၀၉၅ စင်တီမီ တာအထိတက်လာနေတဲ့အတွက် မြစ်ရေက စိုးရိမ်ရေအမှတ်ထက် သုံးပေလောက်ကို ကျော်နေပါတယ်။ လက်ရှိမှာတော့ ခရီးသည်တွေကို လှေတွေနဲ့ သယ်ပို့ပေးနေတယ်လို့ သိရပါတယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

ဘီးလင်းမြစ်ရေမှာ ဇူလိုင် ၂၇ ရက် နံနက် ၁၁း၃၀ နာရီ တိုင်းထွာချက်အရ  ဘီးလင်းမြို့၏ စိုးရိမ်အမှတ် ၁၀၂၂ စင်တီမီတာအား ကျော်လွန်၍ ၁၀၉၀ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။

ထို့ပြင် ဘီးလင်းမြို့နှင့် ဘီးလင်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင်လည်း ရေဘေးရှောင်ပြည်သူ ထောင်နှင့်ချီ၍ ရေဘေးရှောင် စခန်းများ၌ ခိုလှုံနေရကြောင်းနှင့် ဇူလိုင် ၂၇ ရက် မွန်းလွဲ ၁ နာရီအထိ တောင်ကျရေမှာ ဆက်လက်တိုးလာနေသည်။

ဦးကျော်မျိုးမင်း (ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ )

ကားလမ်းအခြေအနေကတော့ နောက်နှစ်ရက်လောက် ဖြတ်လို့ရဦးမှာ မဟုတ်ဘူး။ ဟိုဘက်ဒီဘက်မှာလည်း  ကားတွေက ပြည့်နေတယ်။ အခုအချိန်မှာ ရန်ကုန်ဘက်ကလူတွေကို မော်လမြိုင်ဘက်ကို  မပေးကူးတော့ဘူး။ ဘာ့ကြောင့်လဲဆိုရင် သထုံနဲ့ဘီးလင်းကြားမှာက နားခိုစရာ မရှိဘူး။ အဲဒီအတွက် ကျွန်တော်တို့က ဒီနေ့မှာ ခရီးသည်တွေအတွက်က  စားသောက်စရာတွေကို လိုက်လံဝေငှပေးထားပါတယ်။ ဒါပေမဲ့ ရေက နှစ်ရက်လောက် ကျော်နေဦးမှာဖြစ်တဲ့အတွက် ပြည်နယ်ဝန်ကြီးချုပ်ရဲ့  ညွှန်ကြားသွားတာက အားလုံးကို ပြန်လွှတ်မယ်။ ဥပမာ သထုံ ဘက်ကတက်လာတဲ့သူတွေကို မော်လမြိုင်ပြန်ချင်ရင် သထုံမော်တော်ယာဉ်အသင်းကနေ အားလုံးကို အခမဲ့ ကြိုပေးမယ်။  ရန်ကုန်ဘက်ကဆင်းလာတဲ့ သူတွေကျတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်ကြပါ။ ဘာ့ကြောင့်လဲဆိုတော့ အခုအချိန်အထိ လမ်းကြောင်းက ယာဉ်တွေသွားလာလို့ ရတဲ့ အခြေအနေမျိုးရှိနေလို့ပါ။ အဲဒီသဘောမျိုးပါ။ အခုအချိန်မှာလည်း မိုးတွေကထပ်ရွာ နေတုန်းပဲဖြစ်တဲ့အတွက်  နောက်နှစ်ရက် ခေါင်ရေနဲ့ဆိုရင် အခုပိတ်မိနေတဲ့ ကားတွေ ဘယ်လိုမှ ဖြတ်လို့မရနိုင်သေးဘူး။

ဘီးလင်းမြို့နယ်အတွင်းက ရေဘေးအခြေအနေက အခုလက်ရှိအချိန်မှာ ရေဘေးရှောင် စခန်းပေါင်း ၂၅ ခု ဖွင့်လှစ်ထားတယ်။ ရေဘေးရှောင်ပြည်သူအားလုံးပေါင်း  ၅၀၀၀ ကျော်သွားပါပြီ။ ရေဘေးရှောင်ပြည်သူတွေအတွက် ထောက်ပံ့မှုတွေကတော့ တော်တော်လေးကို ကောင်းပါတယ်။ ဒါပေမဲ့ ထောက်ပံ့မှုတွေပေးဖို့အတွက် လမ်းကြောင်းတွေက ရေတွေနဲ့ဆိုတော့ ဆက်သွယ် သွားလာရအခက်အခဲတွေတော့ ရှိနေပါတယ်။ ဘီးလင်းမြို့ပေါ် ၅ ရပ်ကွက်မှာ တချို့နေရာလောက်ပဲ ရေလွတ်တယ်။ ကျန်တဲ့နေရာတွေမှာ ရေတွေဝင်နေပါတယ်။ အဲဒီအပြင်ကို ဘီးလင်းမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာရှိတဲ့ ဂတီပု၊ ဘုရားဆိပ်၊ မဲလံဂေါင်း စတဲ့ကျေးရွာတွေမှာလည်း ရေတွေ ဝင်နေပါတယ်။ ကယ်ဆယ်ရေးတွေအတွက်ရော၊ ကူညီထောက်ပံ့ရေးတွေအတွက်ပါ တပ်မတော်က ရေယာဉ်တွေ၊ မီးသတ်တပ်ဖွဲ့က ရေယာဉ်တွေက ကူညီဆောင်ရွက်ပေးနေပါတယ်။

ဒုတိယရဲမှူးကြီးကျော်ဝင်း (သထုံခရိုင် ရဲတပ်ဖွဲ့မှူး)

ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစပြီးတော့ သထုံခရိုင်ထဲမှာ ရေကြီးရေလျှံမှုတွေ များလာတယ်။ အဲဒီအပြင်ကို မနေ့စပြီးတော့ ဘီးလင်းမြို့နယ်အတွင်းမှာ ရေကြီးရေလျှံမှုတွေ ပိုများလာတဲ့အတွက်ကို ဘီးလင်းမြို့နယ်မှူးဦးစီးတဲ့ ရဲတပ်ဖွဲ့အင်အား  ၄၀ နဲ့ သထုံမြို့နယ်မှူးဦးစီးတဲ့ အင်အား  ၄၀ ကို သထုံခရိုင် ရဲတပ်ဖွဲ့မှူးနဲ့  ဒုခရိုင်ရဲတပ်ဖွဲ့မှူးတို့နဲ့ ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ လက်ရှိအချိန်အထိကို တပ်မတော်သားတွေရယ်၊ ရဲတပ်ဖွဲ့ရယ်၊ မီးသတ်တပ်ဖွဲ့တွေရယ်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ ရေဘေးကယ်ဆယ်ရေး၊ လမ်းကြောင်းရှင်းလင်းရေးတွေကို ကူညီဆောင်ရွက်ပေးနေပါတယ်။

Most Read

Most Recent