လှိုင်မြို့နယ်၌ ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို နောက်တိုးတရားခံအဖြစ် သတ်မှတ်ပေးရန် တရားရုံးသို့လျှောက်ထား

လှိုင်မြို့နယ်၌ ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို နောက်တိုးတရားခံအဖြစ် သတ်မှတ်ပေးရန် တရားရုံးသို့လျှောက်ထား
Published 25 July 2018

လှိုင်မြို့နယ် လှိုင်သီရိအိမ်ရာတွင် ၂၀၁၇ နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင်လူသတ်မှုမှ အခင်းဖြစ်ပွားသည့် နေအိမ်ဝန်းကျင်ကို တွေ့ရစဉ် ( ဓာတ်ပုံ - သီဟအောင်)

လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို နောက်တိုးတရားခံအဖြစ် သတ်မှတ်ပေးရန် အနောက်ပိုင်းခရိုင် တရားရုံးသို့ ဇူလိုင် ၂၄ ရက်တွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်က လျှောက်ထားကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ လက်ရှိတွင် တရားခံအဖြစ် တရားစွဲဆိုခံထားရသူ သုံးဦးရှိပြီး နောက်တိုးတရားခံအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားခံရသူ နှစ်ဦးမှာ သေဆုံးသူ ဒေါ်ကေသီလှိုင်၏ ကျောင်းတက်နေသည့် သမီးကြီးကို သွားရောက်ခေါ်ဆောင်ခဲ့သည့် အမျိုးသမီးနှင့် အမျိုးသားတို့ဖြစ်ကြောင်း သိရသည်။

“လျှောက်ထားရတဲ့ အကြောင်းကတော့ အမှုတွဲပါ ပေါ်ပေါက်ချက် အတိုင်းပဲ။ ဒီလူနှစ်ယောက်ကိုပါ ထပ်ပြီးထည့်ပေးဖို့ လျှောက်တာပေါ့။ အမှုတွဲမှာ ဘာပေါ်ပေါက်လဲဆိုတော့ ဇွဲလင်းထက်က တရားသူကြီးရှေ့မှာ ဖြောင့်ချက်ပေးထားတာ ရှိတယ်လေ။ အဲဒီဖြောင့်ချက်ထဲမှာ ဘာပါလဲဆိုတော့ လူသတ်ပြီးတော့ မကေသီလှိုင်ရဲ့ဖုန်းကို ယူပြီးတော့ အိအိမွန်နဲ့ ဆိုင်ကကောင်လေး တစ်ယောက်ကို လွှတ်ပြီးတော့ ဒီကျန်ခဲ့တဲ့ ကျောင်းတက်နေတဲ့ သမီးကြီးကို သွားခေါ်ခိုင်းတယ်တဲ့။ သူက ဖြောင့်ချက်ပေးတယ်။ အဲဒီအချက်အပေါ်မှာ မူတည်ပြီးတော့ ဒီဟာက သူနောက်ထပ် လူတစ်ယောက်ကို ထပ်ပြီးတော့ ခေါ်ခိုင်းတယ်။ ရည်ရွယ်ချက်ကတော့ ဒီသမီးကြီးကိုပါ ထပ်ပြီးတော့ လူသတ်ရန်အကြံနဲ့ လူခိုးမှုပေါ့။ အဲဒီအကြောင်းနဲ့ လျှောက်တာပါ” ဟု သေဆုံးသူများ၏ မိသားစုဝင် ကိုလှမျိုးထွန်းက ဆိုသည်။

အမှုနှင့်စပ်လျဉ်း၍ မှုခင်းဖြစ်ပြီး ရှစ်လအကြာတွင် နောက်ဆုံး တရားလိုပြသက်သေအဖြစ် အမှုစစ် ရဲအရာရှိဖြစ်သူ လှိုင်မြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဆွေမြင့်ကို ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်က အနောက်ပိုင်းခရိုင် တရားရုံး ရုံးခန်းအမှတ်(၅) တွဲဖက်ခရိုင်တရားသူကြီး(၄) ဦးညီညီအေး၏ တရားခွင်တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

“သွားခေါ်တဲ့သူ နှစ်ယောက်ကတော့ ငြင်းတယ်။ သူတို့မသိပါဘူးပေါ့လေ။ ကိုယ့်မိန်းမက ခိုင်းလို့ပါ ဆိုပြီးတော့ ပြောတယ်။ ပြောတော့ အရေးမယူဘူး။ ရဲကလည်း လွှတ်ပေးလိုက်တယ်။ အမှန်တကယ်ဆိုရင် ဘာမှမလုပ်ဘူး ဆိုရင်တောင်မှ ဒီကလေးပျောက်တဲ့ အမှုကို ဒီလူသတ်မှုထဲမှာ ထည့်ထားရမယ်လေ။ အခုဟာက လုံးဝကို မထည့်ဘဲနဲ့ အမေနဲ့ ညီမကို သတ်ပြီးတော့ ကျန်ခဲ့တဲ့သမီးကြီးကိုပါ ဒါဖမ်းထားတာပဲလေ။ ဒါပြန်ပေးဆွဲတဲ့ သဘောပဲလေ။ ဒါကို ရဲတပ်ဖွဲ့က ထည့်မပြောဘဲ ဖုံးကွယ်ထားတယ် (Yangon Police တွင် သတင်းထုတ်ပြန်စဉ်က)။ ပြီးတော့ ဒီကလေးကို ခေါ်သွားပြီးတော့ လူကြီးတွေကို အကြောင်းလည်း မကြားဘူး။ ကိုယ်လည်း သေသွားတာမှ မဟုတ်တာလေ။ ကိုယ်လည်းထောင်ထဲမှာ ရှိနေတာ လာတွေ့လို့ရတာပဲ။ ဘယ်ထောင်လဲဆိုတာ သူတို့သိနေတာပဲ။ ပြီးတော့ ဘေးအခန်းမှာ အဘိုးတွေ၊ အဘွားတွေရှိတယ်။ မြောက်ဒဂုံမှာလည်း အဘွားရှိတယ်။ အဲဒါတွေကို လုံးဝအကြောင်းမကြားဘဲနဲ့ ဒီကလေးကို ခေါ်ထားတယ်ဆိုတာ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိဘူး။ အမှုဖြစ်မှ ရဲတပ်ဖွဲ့က လိုက်ရှာမှ တွေ့ရတာ။ ဒီကလေးကို ပြန်တွေ့တယ်ဆိုတဲ့ အကြောင်းလည်း ရဲတပ်ဖွဲ့က ထင်ထင်ရှားရှား မရေးထားဘူး။ ကောမန့်ထဲမှာပဲ ပြန်ရေးထားတာ။ သားအမိနှစ်ယောက်ရယ်၊ အိမ်မှာလာနေတဲ့ ကောင်မလေးရယ်ကို သတ်ပြီးတော့ ကျန်တဲ့သမီးကိုပါ ထပ်ပြီးတော့ ခေါ်သွားတယ်ဆိုတဲ့ အကြောင်းကိုပါ လူတွေကို ထုတ်မပြောဘူး။ အမှန်က လူသတ်ပြီးတော့မှ ထပ်ပြီးတော့ ပေါ်လာတဲ့အကြံ။ ဖြစ်နိုင်တာက ထပ်သတ်ဖို့လည်း ဖြစ်နိုင်တယ်။ တစ်ယောက်မှ မကျန်အောင် ထပ်သတ်ဖို့လည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုက အိမ်ပြန်လာလို့ အလောင်းတွေတွေ့ရင် သူတို့ခြေရာလက်ရာ ဖျောက်လို့မရခင်မှာ ရဲတွေသိသွားမှာ စိုးလို့လည်း ဖြစ်နိုင်တယ်” ဟု ကိုလှမျိုးထွန်းက ပြောကြားသည်။

ထို့ပြင် မိဘများအနေဖြင့် မိမိ၏သားသမီးကို မည်မျှရင်းနှီးသူကဖြစ်စေ လာရောက် ခေါ်ဆောင်ပါက လိုက်မသွားရန် မှာထားသင့်ကြောင်း၊ အုပ်ထိန်းသူများကို အကြောင်းကြားပြီးမှ ခေါ်သွားရန်လိုကြောင်း၊ မြန်မာပြည်တွင် ကလေးပျောက်ဖို့ ဆိုသည်မှာ လွယ်ကူသကဲ့သို့ ဖြစ်နေကြောင်း ကိုလှမျိုးထွန်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မှုခင်းဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက် ညပိုင်းတွင် လှိုင်မြို့နယ်ရှိ တိုက်ခန်းတစ်ခန်း၏ အပြင်ဘက်မှ အခန်းတံခါးများမှာ သော့ပိတ်ထားပြီး လှေကားထိပ်တွင် အပုပ်နံ့များ ထွက်နေကာ အဝါရောင် အရည်များ ကျဆင်းနေကြောင်း အဆိုပါတိုက်တွင် နေထိုင်သူများက သက်ဆိုင်ရာသို့ ဆက်သွယ်ခဲ့ရာမှတစ်ဆင့် ပေါ်ပေါက်ခဲ့သည့်အမှု ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုမှ မအေးမာဦး (၂၅ နှစ်)၊ မကေသီလှိုင် (၄၀ နှစ်) နှင့် ၎င်းသမီးဖြစ်သူ မသာယာထွန်း (၉ နှစ်) တို့သုံးဦးကို လစာတိုးတောင်းရာမှတစ်ဆင့် စကားများကာ သတ်ခဲ့သည်ဟု ဇွဲလင်းထက်က ဝန်ခံထားပြီး ၎င်း၏ မိန်းမဖြစ်သူ ခင်ခင်ဖြိုး (၂၁ နှစ်) မှာ လူသတ်မှုမှ ရရှိခဲ့သည့် သက်သေခံပစ္စည်းများ ဖျောက်ဖျက်ရာတွင် အတူတူပါဝင်မှု၊ လက်ဝတ်လက်စား ပစ္စည်းများ ရောင်းချရာတွင် ဇွဲလင်းထက်၏မိခင် ဒေါ်ရီတင်(၅၃ နှစ်) က ပါဝင်ခဲ့မှုတို့ဖြင့် ၎င်းတို့သုံးဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဇွဲလင်းထက်၊  ခင်ခင်ဖြိုး၊ ဒေါ်ရီတင်တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၉၄/၂၀၁/၄၁၄ တို့ဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

Most Read

Most Recent