၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ပြည်ပအကူအညီရငွေ / ချေးငွေအပါအဝင် အသုံးစရိတ် ကျပ်ဘီလျံ ၂၇၀၀၀ ကျော် သုံးစွဲမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး တင်ပြ

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ပြည်ပအကူအညီရငွေ / ချေးငွေအပါအဝင် အသုံးစရိတ် ကျပ်ဘီလျံ ၂၇၀၀၀ ကျော် သုံးစွဲမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး တင်ပြ
Published 24 July 2018

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်ထားနေချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ပြည်ပအကူအညီရငွေ၊ ချေးငွေအပါအဝင် အသုံးစရိတ်ကျပ်ဘီလျံ ၂၇၀၀၀  ကျော်သုံးစွဲမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ရှင်းလင်းတင်ပြခဲ့သည်။

နေပြည်တော်၌ ဇူလိုင် ၂၃ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်သို့ တင်သွင်းရာတွင် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ပြည်ပအကူအညီရငွေ၊ ချေးငွေအပါအဝင် အသုံးစရိတ်နှင့် ပတ်သက်ပြီး အထက်ပါအတိုင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေ ငွေစာရင်းအရ သာမန်ရငွေ၊ ငွေလုံးငွေရင်းရငွေနှင့် ကြေးမြီရငွေသည် စုစုပေါင်း ကျပ်၂၀၀၅၁ဘီလျံဖြစ်ပြီး သုံးငွေတွင် သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေအတွက် စုစုပေါင်းကျပ် ၂၄၉၅၄ ဘီလျံဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် စုစုပေါင်းရငွေ ကျပ် ၁၀၆၅ ဘီလျံဖြစ်ပြီး စုစုပေါင်း သုံးငွေသည်  ကျပ်၂၈၅၉ ဘီလျံ ဖြစ်ကာ လိုငွေကျပ် ၁၇၉၄ ဘီလျံကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ဖြည့်ဆည်းမည်ဖြစ်ကြောင်း ဦးစိုးဝင်းက ရှင်းလင်းပြောကြားခဲ့သည်။

တိုင်းဒေသကြီး၊ ပြည်နယ်များ၏ လိုငွေကို ဖြည့်ဆည်းပေးရန်အတွက် ယခင်နှစ်ကဲ့သို့ ညွှန်းကိန်းခြောက်ခုဖြင့် တွက်ချက်ပြီး မူလထောက်ပံ့ငွေထက် ကျပ် ၈၇ ဘီလျံ ပိုမို၍ ၂၀၁၈- ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်တွင် ထောက်ပံ့ငွေကျပ် ၁ ဒသမ ၇၉၄ ထရီလျံ လျာထားပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းတင်ပြချက်အရ သိရသည်။

၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတွင် အပိုင်းရှစ်ပိုင်း၊ အခန်းရှစ်ခန်း၊ ပုဒ်မ ၄၂ ခု ပါဝင်ကြောင်း သိရသည်။

 

Most Read

Most Recent