မြစ်ကြီးနားမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် သင်္ဘောဆေးဖြင့် ပက်ဖျန်းခံရပြီး အောက်ခြေပိုင်းများ တူဖြင့်ရိုက်ဖျက်ခံရ

မြစ်ကြီးနားမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် သင်္ဘောဆေးဖြင့် ပက်ဖျန်းခံရပြီး အောက်ခြေပိုင်းများ တူဖြင့်ရိုက်ဖျက်ခံရ
Published 23 July 2018

ဓာတ်ပုံ - ကျော်ကျော်ဦး

မြစ်ကြီးနားမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် သင်္ဘောဆေးဖြင့် ပက်ဖျန်းခံရပြီး အောက်ခြေပိုင်းများ တူဖြင့်ရိုက်ဖျက်ခံရမှု ဇူလိုင် ၂၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောက်ခြေခုံ ၁၀ ပေခန့်ကို တက်ပြီးနောက် ဗိုလ်ချုပ်ရုပ်တုကို သင်္ဘောဆေး အစိမ်းရောင်ဖြင့် ပက်ဖျန်းခဲ့ပြီး အောက်ခြေရှိ ဗိုလ်ချုပ်မိန့်ခွန်းနှင့် ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အထိမ်းအမှတ် ကျောက်စာများကို တူဖြင့်ထုရိုက်ခဲ့မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုပ်တုဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူက “ရုပ်တုအခြေက ၁၀ ပေကျော်မြင့်တယ်။ တွယ်တက်လို့ မရဘူး။ လူတစ်ယောက်က ပခုံးပေါ်တက်ပြီး လုပ်တဲ့သဘောပေါ့။ ရုပ်တုကို သင်္ဘောဆေးပုံးနဲ့ပတ်ပြီး သင်္ဘောဆေးပုံးကို ရုပ်တုအပေါ်မှာ ထားခဲ့တာ။ အောက်ခြေက ထောင်တွေက ၁၆ ပေါင်တူနဲ့ထုသွားတယ်။ နောက်ပြီး မိန့်ခွန်းနှင့် နှစ်တစ်ရာပြည့် မှတ်တမ်းကျောက်စာကို တူနဲ့ထုတယ်။ မပျက်ဘူး ချိင့်သွားတယ်။ အနည်းဆုံး သုံးယောက်ဖြစ်မယ်။ နောက်ကွယ်က အဖွဲ့တော့ ရှိမှာပေါ့။ ပြောလို့မကောင်းဘူးလေ။ ကိုယ်မမြင်တော့။ ဒီရုပ်တုဟာ အစိုးရကစိုက်တာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကို လေးစားလို့ မြို့တွေ၊ ရွာတွေမှာ အလှူခံပြီး ဗိုလ်ချုပ်ကိုချစ်သူအားစုပြီး တည်ဆောက်ခဲ့တာပါ” ဟု ပြောကြားသည်။

ရုပ်တုဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကျော်သူက “ကျနော်တို့က စိတ်မကောင်းဖြစ်တယ်။ စိုက်ထူထားတာပဲ နှစ်နှစ်ကျော်ပြီ။ ဒီနေ့မှဆိုတော့ အခြေအနေ အကြောင်းကြောင်း အပေါ်မှာ မကျေနပ်ချက်တွေကနေပြီးတော့ ဗိုလ်ချုပ်ကို သက်ရောက်တယ် ထင်တာပဲ။ အရင်က ကန့်ကွက်ခဲ့တာက စိုက်ထူခါနီးမှာ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ ထင်ပါတယ်။ ဒါလည်း အစိုးရနှင့် ညှိနှိုင်းကြတယ်လို့ သိရတယ်။ ကျနော်တို့ လုပ်ခဲ့တာက အရင်ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ကြိုးစားခဲ့တာပါ” ဟု ပြောကြားသည်။

ဇူလိုင် ၂၃ ရက်နေ့လည်ပိုင်းတွင် ဖျက်ဆီးခံရသည့် နေရာများကို ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် တစ်ခုသည်းသာရှိသည့် ဗိုလ်ချုပ်ပန်းခြံအတွင်းမှ ကြေးရုပ်သည် အမြင့်ပေ ၉ ပေကျော်ရှိပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရခြင်း ရည်ရွယ်ချက် သုံးချက်ရှိပြီး ပြည်ထောင်စု တစ်မျိုးသားလုံး လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သည့်် ဗိုလ်ချုပ်ရဲ့ ကျေးဇူးတရားတွေကို အောက်မေ့သတိရစေလိုခြင်း၊ ဒုတိယအချက်က ကြီးငယ်မရွေး ပြည်ထောင်စု တိုင်းရင်းသားအားလုံးရဲ့စိတ်မှာ ဗိုလ်ချုပ်ကဲ့သို ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ ဇွဲရှိခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း မည်သူကိုမျှ ရန်သူလို သဘောမထားခြင်း၊ ကောင်းကျိုးလိုလားသော စိတ်မေတ္တာဖြင့် ဆက်ဆံခြင်း၊ အများအကျိုးနှင့် ကိုယ်ကျိုးယှဉ်လာလျှင် အများအကျိုးကို ဦးစားပေးခြင်း၊ တိုင်းရင်းသား ညီညွတ်မှုကို အမြဲလိုလားခြင်း၊ ကိုယ်ခြင်းစာခြင်းစသော ဗိုလ်ချုပ်စိတ်ဓာတ်များ တိုးပွားရှင်သန်စေလိုခြင်း၊ တတိယအချက်မှာ ကျောင်းသားလူငယ်များ အနေခြင့် ဗိုလ်ချုပ်ကြေးရုပ်ကို တွေ့မြင်ရပါက ဗိုလ်ချုပ်ကို အားကျအတူယူကာ အနာဂါတ် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေပြီး နိုင်ငံကို ကမ္ဘာက လေးစားသည့် ခေါင်းဆောင်များ ဖြစ်လာရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းကြောင်း သိရသည်။

 

မြစ်ကြီးနားမြို့တွင် စိုက်ထူသည့် ကြေးရုပ်မှာ ပထမဆုံး ဗိုလ်ချုပ်ကြေးရုပ်ဖြစ်ပြီး ကချင်တိုင်းရင်းသားပါတီများက ကချင်ပြည်နယ်တွင် စစ်မက်များ ဖြစ်ပွားနေခြင်းကြောင့် ဗိုလ်ချုပ်၏ ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ရန် လိုလားပါကြောင်း၊ ကတိကဝတ်များ ပြီးပြည့်စုံလင်မှသာ ကြေးရုပ်စိုက်ထူရေးကို စီမံစေလိုကြောင်း၊ ကျင်းပဆဲဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယပင်လုံ ကျင်းပရာတွင် ဗိုလ်ချုပ်၏ ကတိဖြစ်သည့် လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်စောင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့က ထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent