တနင်္သာရီမြစ်ရေကြီးမှုကြောင့် ရပ်ကွက်နှင့်ကျေးရွာ ၂၇ ခု ရေနစ်မြုပ်နေပြီး လူဦးရေ ၅၀၀၀ ကျော် ရေကြီးမှုဒဏ် ခံစားနေရ

တနင်္သာရီမြစ်ရေကြီးမှုကြောင့် ရပ်ကွက်နှင့်ကျေးရွာ ၂၇ ခု ရေနစ်မြုပ်နေပြီး လူဦးရေ ၅၀၀၀ ကျော် ရေကြီးမှုဒဏ် ခံစားနေရ
Published 23 July 2018

တနင်္သာရီမြစ်ရေကြီးမှုကြောင့် အခြေခံပညာ အထက်တန်းကျောင်း (တနင်္သာရီမြို့) ဝန်းကျင် ရေကြီးနစ်မြုပ် နေသည်ကို ဇူလိုင် ၂၂ ရက်က တွေ့ရစဉ်

တနင်္သာရီမြစ်ရေ ကြီးမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာ ၂၇ ခု ရေနစ်မြုပ်နေပြီး လူဦးရေ ၅၀၀၀ ကျော်ရေကြီးမှုဒဏ် ခံစားနေရကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း တည်ရှိသည့် တနင်္သာရီမြစ်ရေမှာ ပြီးခဲ့သည့် အပတ်မှ စတင်ပြီး မြစ်ရေတက်လာရာ လက်ရှိအနေထားတွင် အန္တရာယ်ရေထက် ကျော်လွန်ပြီး ၂၅ ပေ ၃ လက်မတွင် တည်ရှိနေကြောင်း သိရသည်။ မြစ်ရေတက်လာမှုကြောင့် တနင်္သာရီမြို့ပေါ် ရှိချောင်းကြီးနှင့် ချောင်းငယ်ရပ်ကွက် နှစ်ခုစလုံး ရေနစ်မြုပ်ခဲ့သလို ပတ်ဝန်းကျင် ကျေးရွာပေါင်း ၂၅ ရွာအထိ ရေနစ်မြုပ်မှု ခံစားနေရသည်။ နေအိမ်မှာ ရေနစ်မြုပ်ခြင်း၊ ကားလမ်းများ ရေကျော်နေခြင်း ဖြစ်ပေါ်နေပြီး စာသင်ကျောင်းများကိုလည်း ပိတ်ထားရကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရကြောင်း သိရသည်။

“မြို့နယ် ရေဘေးကယ်ဆယ်ရေး အဖွဲ့နှင့် အစိုးရအဖွဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဇူလိုင်၂၀ ရက်ကလည်း အစိုးရအဖွဲ့ ဝန်ကြီးများ ရေဘေးဖြစ်နေတဲ့နေရာအရောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လာရောက် ဆောင်ရွက်ပေးခဲ့ပါတယ်။ မြို့နယ် ရေဘေးကယ်ဆယ်ရေး အဖွဲ့အနေနှင့်လည်း အဖွဲ့သုံးဖွဲ့ခွဲပြီး သက် ဆိုင်တဲ့လမ်းကြောင်းအလို့် သွားနေပါတယ်။ မြိတ်က ပရဟိတအဖွဲ့တွေလည်း လာရောက် လှူဒါန်းပေးတာရှိတယ်။ မြိတ်ခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ကလည်း လာပြီးကူညီပေးတာ ရှိတယ်။ အဆိုးရွားဆုံးဖြစ်တဲ့ နေရာတွေက မြန်မာအင်းတော်ကျေးရွာ ဖြစ်ပါတယ်။ အဲဒီ နေရာမှာဆိုရင် လူဦးရေ ၂၀၀ ကျော်လောက် ရွှေ့ပြောင်းလိုက်ရတယ်။ မြေမအုံဘက်မှာ လည်း မြေနိမ့်ပိုင်းများတဲ့ ထိခိုက်မှုတွေရှိပါ တယ်။ ကျွန်တော်တို့ တနင်္သာရီမြို့နယ်က နှစ် စဉ်ရေ ကြီးတဲ့ အလေ့အထ ရှိပါတယ်။ တစ် နှစ်တစ်ကြိမ်လောက်တော့ ကြီးပါတယ်။ ၂၀၁၄ ခုနှစ် နောက်ပိုင်းမှာ ရေမကြီးခဲ့ဘူး။ အခု ၂၀၁၈ ခုနှစ်မှာ ပြန်ပြီးကြီးတဲ့အနေအထား ရှိတယ်။ ထားဝယ်ဘက်မှာ မိုးရွာသွန်းမှုအရမ်း များလာရင် ချောင်းကြီးချောင်းကနေ ရေတွေ ဆင်းလာတယ်။ အဲဒီမှာ ချောင်းငယ်ရေနှင့် ဆုံပြီးတက်လာတဲ့သဘောပါ။ ပြည်ထောင်စု လမ်းမကြီးမှာကတော့ လောလောဆယ် တန င်္သာရီမြို့ကနေ သုံးမိုင်လောက်ဝေးတဲ့ လယ်တောင်ယာရွာဘက်မှာ ကားတွေကူးလို့ရအောင် ဇက်တွေစီစဉ်ပေးထားပါတယ်။ တချို့ နေရာတွေမှာတော့ ဇက်လည်းဝင်လို့မရဘူး ဆိုရင် ကျေးရွာတွေကနေ ဖောင်တွေ၊ လှေတွေ နှင့်ထပ်ကူးပေးနေတာ ရှိပါတယ်” လို့ တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောကြားသည်။

လက်ရှိအနေအထားတွင် တနင်္သာရီမြစ်ရေမှာ တဖြည်းဖြည်းချင်း ပြန်လည်ကျဆင်းနေပြီး ဇူလိုင် ၂၂ ရက် နံနက်ပိုင်း ကောက်ယူထားသော စာရင်းများအရ ရေဘေးသင့်ပြည် သူ ၅၄၇၇ ဦးရှိနေပြီး မြစ်ရေမှာလည်း ၂၆ ပေကျော်မှ ၂၅ ပေ ၁ လက်မအထိ ပြန်လည်ကျဆင်းနေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောကြားသည်။

တနင်္သာရီမြို့နယ်အပြင် မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်တွင်လည်း ရေကြီးမှုဒဏ်ကိုခံစားနေရပြီး စာသင်ကျောင်းများ ပိတ်ထားရသလို နှစ်မြို့နယ်ပေါင်းတွင် လယ်နှင့်ဥယျာဉ် ဧကပေါင်း ၄၀၀၀ ကျော် ရေနစ်မြုပ်နေကြောင်း သိရသည်။

“ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားတာက နောက်ဆုံးအခြေအနေမှာ ၁၁ ခုရှိပါတယ်။ ပုလောမြို့နယ်မှာ နှစ်ခု၊ တနင်္သာရီမြို့နယ်မှာ ကိုးခု၊ အားလုံးအားလုံး ၁၁ ခုရှိပါတယ်။ သီးနှံနစ်မြုပ်မှုကွင်းပေါင်း ၉၄ ခုမှာ တောင်သူ ပေါင်း ၈၀၄ ဦးရဲ့ နစ်မြုပ်ဧကပေါင်း ၄၁၃၅ ရှိပါတယ်။ ကျောင်းတွေ ပိတ်ထားရတာက ပုလောမှာဆိုရင် အထကကျောင်း တစ်ကျောင်း၊ အလက တစ်ကျောင်း၊ အမက ၁၁ ကျောင်း ပိတ်ထားတာရှိတယ်။ တနင်္သာရီမှာဆိုရင် အထက လေးကျောင်း၊ အလက ကိုးကျောင်း၊ အမက ၁၇ ကျောင်း ပိတ်ထားတာ ရှိပါတယ်” ဟု မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုက ဆိုသည်။

တနင်္သာရီမြို့နှင့် ပုလောမြို့နယ်တွင် စာသင်ကျောင်းပေါင်း ၄၀ ကျော် ပိတ်ထားရကာ တချို့ကျောင်းများမှာ ရေနစ်မြုပ်ခြင်း မရှိသော်လည်း ကျောင်းသူ ကျောင်းသားများအတွက် သွားလာရာတွင် အန္တရာယ်မဖြစ်အောင် ပိတ်ထားရခြင်း၊ တချို့ကျောင်းများတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားခြင်းများရှိသည်။

မြိတ်ကျွန်းစုနှင့် ပုလောမြို့နယ်များတွင် မိုးလေဝသသာရှိပြီး ဇလဗေဒမရှိ ဖြစ်နေကြောင်း၊ ချောင်းမြောင်းများ ပေါများပြီး မိုးသည်းထန်စွာ ရွာသွန်းတတ်သည့်အတွက် ဇလဗေဒထားရှိရန် တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ မြစ်ရေကြီးမှုဒဏ် ခံစားနေရ သည့် ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေကြသလို လက်ရှိအနေထားတွင် ရေသန့်နှင့် စားသောက်ကုန်များ လိုအပ်နေကြောင်း သိရသည်။

 

Most Read

Most Recent