မန္တလေးတက္ကသိုလ်ထဲမှာ မဆိုင်သူတွေ ဝင်ရောက်နေထိုင်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ

မန္တလေးတက္ကသိုလ်ထဲမှာ မဆိုင်သူတွေ ဝင်ရောက်နေထိုင်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ
Published 23 July 2018

တက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ လုံခြုံရေးနှင့် ပတ်သက်၍ တက္ကသိုလ်အာဏာပိုင်များက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့်အတွက် တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသားသုံးဦး ဇူလိုင် ၉ ရက်က ဆန္ဒပြနေစဉ်

အခက်အခဲမျိုးစုံကြားက ထူထောင်လာခဲ့တာ နှစ်ပေါင်း ၆၀ ပြည့်ပြီဖြစ်တဲ့ အထက်မြန်မာပြည်ရဲ့ ဂုဏ်ထူးဆောင် မန္တလေးတက္ကသိုလ်မှာ လာမယ့် သြဂုတ်လမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ပြီး ကျောင်းသားများနှင့် စကားဝိုင်း ဆွေးနွေးသွားမယ်လို့ မန္တလေး တက္ကသိုလ် ဆရာဆရာမတွေက ပြောပါတယ်။ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို သြဂုတ် ၁၀ ရက်မှ ၁၂ ရက်ထိ ကျင်းပဖို့ လျာထားပြီး အဲဒီပွဲတော်မှာ စာပေ၊ ကျန်းမာကြံ့ခိုင်ရေးနဲ့ အားကစား အကြောင်းအရာတွေ၊ လူငယ်အစီအစဉ်များ ပါဝင်မယ်ဆိုတာ သိရပါတယ်။ ဒါပေမဲ့လည်း မန္တလေးတက္ကသိုလ်နဲ့ ဆက်စပ်နေတဲ့ လွန်စွာအရေးကြီးတဲ့ အစီအစဉ် တစ်ရပ်တော့ ဆွေးနွေးမယ့် ခေါင်းစဉ်တွေထဲမှာ ရှာမတွေ့ခဲ့ပါဘူး။ အဲဒါကတော့ မန္တလေး တက္ကသိုလ်ထဲမှာ မဆိုင်သူတွေ ဝင်ရောက်နေထိုင်နေတဲ့ ပြဿနာပါပဲ။ မန္တလေး တက္ကသိုလ်ဟာ သမိုင်းဝင် တက္ကသိုလ်တစ်ခုရဲ့ ဂုဏ်အင်္ဂါနဲ့ ပြည့်စုံမှု ရှိ၊ မရှိ ဆိုတာဟာလည်း မေးစရာတစ်ခု ဖြစ်လာပါတယ်။

မန္တလေးတက္ကသိုလ် ပင်မကျောင်းဆောင်ကြီးရှေ့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်က ဆန္ဒပြမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ တက္ကသိုလ် ကျောင်းသား ကျောင်းသူများရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး တက္ကသိုလ်အာဏာပိုင်များက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့အတွက် တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကျောင်းသားသုံးဦးက ဆန္ဒပြခဲ့တာပါ။

တက္ကသိုလ် ကျောင်းဝင်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ၊ ဓားထောက်လုယက်မှုတွေအတွက် ကျောင်းတာဝန်ရှိသူတွေ အနေနဲ့ လုံလောက်တဲ့ ဆောင်ရွက်ပေးမှု မရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန္ဒပြခဲ့တာလည်း ဖြစ်ပါတယ်။

အထက်မြန်မာပြည်ရဲ့ အထင်ကရဖြစ်ခဲ့တဲ့ မန္တလေး တက္ကသိုလ်ဟာ အခုချိန်မှာတော့ ဘွဲ့ကြို၊ ဘွဲ့လွန်၊ မာစတာ၊ ပါရဂူ အတန်းများ သာမက အချိန်ပိုင်း ဖွင့်လှစ်သင်ကြားနေတဲ့  ဒီပလိုမာ တန်းတွေလည်း ရှိနေပြီဖြစ်ပြီး တက္ကသိုလ်ထဲမှာ အချိန်ပြည့် တက်ရောက်နေတဲ့ ကျောင်းသူ ကျောင်းသား ထောင်ဂဏန်းခန့် ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ မန္တလေးတက္ကသိုလ်ဟာ အများသူငါ အလွယ်တကူ ဖြတ်သန်းသွားလာခွင့်မရှိတဲ့ တစ်ချိန်က တက္ကသိုလ် ဆိုတာမျိုး ဖြစ်နေဆဲပါပဲ။ တက္ကသိုလ် လုံခြုံရေးအရ မန္တလေးတက္ကသိုလ် မြောက်ဘက်က ၇၃ လမ်း ဝင်ပေါက်တစ်ခုတည်းကိုသာ လုံခြုံရေး ဂိတ်အစောင့်များနဲ့ ဖွင့်လှစ်ပေးထားတာဖြစ်ပြီး အခြားဝင်ပေါက် သုံးခုလုံးကို ပိတ်ဆို့ထားကာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတယ်လို့ တက္ကသိုလ် တာဝန်ရှိသူတွေက အကြောင်းပြပေမယ့် ကျောင်းဝင်းအတွင်း ဆိုင်ကယ်ပျောက်ဆုံးမှု၊ ဓားထောက် လုယက်မှုတွေ လစဉ်ဖြစ်ပေါ်ခဲ့တာကြောင့် တက္ကသိုလ်ရဲ့ လုံခြုံရေး အစီအမံများဟာ ထိရောက်မှု ရှိပါရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အရင်းစစ်တော့ အမြစ်မြေက

အဲဒီလို တက္ကသိုလ်ကျောင်းဝင်းအတွင်း ဆန္ဒပြတောင်းဆိုတာနဲ့ ပတ်သက်ပြီး အောင်မြေသာစံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက အရင်းစစ်တော့ အမြစ်မြေကဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ရဲ့ဖေ့စ်ဘွတ် စာမျက်နှာမှာ ခုလိုမှတ်ချက်ပြု ရေးသားထားပါတယ်။

အခုရက်ပိုင်း မန္တလေး တက္ကသိုလ်ထဲမှာ ဆိုင်ကယ်ပျောက်တာတွေ လုယက်မှုဖြစ်တာတွေ မကြာမကြာ ကြားနေရတယ်။ တက္ကသိုလ် အတွင်းက အဖွဲ့အစည်း အသီးသီး၊ တာဝန်ရှိ အကြီးအကဲတွေ စီမံခန့်ခွဲပုံ ညံ့ဖျင်းလို့ ဒီလိုဖြစ်တာလို့ ရေးသားထားပြီး တက္ကသိုလ်အတွင်းမှာ ဆရာ ဆရာမတွေရယ်၊ ကျောင်းသား ကျောင်းသူ တွေရယ်သာရှိရင် ဒီလိုပြဿနာ ဖြစ်စရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်က မန္တလေးတက္ကသိုလ်က ပညာသင်ကြားရာရပ်ဝန်း Campus နဲ့မတူတော့ဘဲ မန္တလေးပတ်ဝန်းကျင် တက္ကသိုလ် အသီးသီးက ပညာရေး ဝန်ထမ်းတွေ စုပေါင်းနေထိုင်တဲ့ အိမ်ရာစခန်းကြီး ဖြစ်နေတာ။ ဒါ့ပြင် ပညာရေး ဝန်ထမ်းများတင် မကတော့ဘဲ အိမ်အဆောင်ရသူများက ကျောင်းသား ကျောင်းသူ မဟုတ်တဲ့ အခြားပြင်ပက လူတွေကို အိမ်ငှား အဆောင်ငှားအဖြစ် ထားရှိကာ စီးပွားရှာကြလေတော့ လူပေါင်းစုံနဲ့ ထိန်းမရ သိမ်းမရ ဖြစ်နေကြတယ်။

အဲဒီလို အခြေအနေမှာ လုံခြုံရေး တင်းကျပ်စွာ ကိုင်တွယ်ပြန်တော့ သူတို့ရရှိထားတဲ့ အိမ်အခန်းတွေမှာ အငှားနေသူများ အဝင်အထွက် ခက်ကြတော့ ဆရာ၊ ဆရာမကို ပြဿနာရှာ၊ ဒါတွေကြောင့် လုံခြုံရေး အလျှော့ပေးတော့ ရာဇဝတ်မှုက တိုးလာပြန်တော့ ကျောင်းသား ကျောင်းသူတွေက ပြဿနာရှာနဲ့ စုပ်လည်းစူး၊ စားလည်းရူး ပါပဲလို့ ဆိုပါတယ်။

ဒါကြောင့် အရင်းစစ်တော့ အမြစ်မြေကပါပဲလို့ ဆိုထားပြီး မန္တလေး တက္ကသိုလ်ဟာ လုံခြုံစိတ်ချစွာ အေးချမ်းစွာ ပညာသင်ကြားရာ ရပ်ဝန်းကောင်း တစ်ခုသာ ဖြစ်သင့်ပါတော့တယ်လို့ သုံးသပ်ရေးသား ထားပါတယ်။ ဒါကြောင့် တစ်ချိန်က မန္တလေးမြို့ရဲ့ အထင်ကရ ဖြစ်ခဲ့တဲ့ မန္တလေး တက္ကသိုလ်ဟာ အခုချိန်မှာ တက္ကသိုလ် ဆိုတာထက် ရပ်ကွက်ကြီး တစ်ခုလို ဖြစ်နေပြီဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။ တကယ်လည်း အဲဒီလို ဖြစ်နေပါတယ်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက ဘယ်တက္ကသိုလ်မှာမှ မရှိဖူးတဲ့ ရပ်ကွက်လူကြီးပါ မန္တလေး တက္ကသိုလ်ထဲမှာ ရှိနေတာဖြစ်ပြီး တက္ကသိုလ်ထဲမှာ တက္ကသိုလ်နဲ့ မဆိုင်တဲ့ ပညာရေးနယ်ပယ်က မဟုတ်သူတွေ တကယ်ပဲ မန္တလေး တက္ကသိုလ်ဝင်းကြီးထဲမှာ အခြေချ နေထိုင်နေကြတယ်ဆိုတာ ပညာရေး နယ်ပယ်ကလူတွေ သိကြပါတယ်။

မန္တလေးတက္ကသိုလ်ထဲကို အပြင်လူတွေ ရောက်နေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ် ဆရာများသမဂ္ဂ ဒုဥက္ကဋ္ဌ ဦးသုတက ဒီမန္တလေး တက္ကသိုလ်မှာ ဖြစ်နေတဲ့ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ၊ လုယက်မှုတွေရဲ့ အဓိက ဇာစ်မြစ်က စီမံခန့်ခွဲမှု ညံ့ဖျင်းရုံသာမက တချို့သော ပညာရေး ဝန်ထမ်းများရဲ့ အဂတိ ကြောင့်လည်း ပါပါတယ်။ ကျွန်တော်တို့ မန္တလေးတိုင်းထဲက တချို့တက္ကသိုလ်တွေမှာ ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ထားတာ မရှိပါဘူး။ အဲဒီအခါ အဲဒီတက္ကသိုလ်တွေမှာ တာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေအတွက် အခန်းတွေ၊ အဆောင်တွေ ချပေးပါတယ်။ သူတို့က အဲဒီမှာ လာမနေဘဲ ပြင်ပကလူတွေကို ပြန်လည် အငှားချထား ပေးပါတယ်။ အဲဒီမှာ အုတ်အရောရော၊ ကျောက်အရောရောဖြစ်ပြီး လူပေါင်းစုံလာတဲ့အခါ အခုလို ပစ္စည်းပျောက်ဆုံးမှုတွေ၊ မလုံခြုံမှုတွေ ခံစားလာရတာပဲ ဖြစ်ပါတယ်။ အဲဒီလို ပြန်အငှားချထားတဲ့အခါ တစ်ယောက်ကို နှစ်သောင်း၊ သုံးသောင်းနှုန်းနဲ့ ပြန်အငှားချတာတွေ ရှိတယ်လို့ ကြားတယ်။ တချို့ဆရာကြီးတွေကျ သူတို့ရတဲ့နေရာမှာ မနေဘဲ ကျောင်းသားတွေကို ပြန်အငှားချထားတွေရှိတယ်။ ဒါတွေက ယခင်ကနေ ယခုထိ ဖြစ်နေဆဲပါပဲ။ ဒီလိုကိစ္စတွေကို ရှောင်တခင် ဝင်စစ်ဆေးပြီး သေသေချာချာ စိစစ်သင့်ပါတယ်။ ဘာပဲပြောပြော နိုင်ငံပိုင်ပစ္စည်းတွေကို ဒီလိုလုပ်တာဟာလည်း အဂတိတစ်ရပ်ပါပဲ။ မန္တလေး တက္ကသိုလ်ကြီးဟာ နှစ်ပေါင်း ၂၀ လောက် ကျောင်းသားတွေကို လက်မခံဘဲ ပိတ်ဆို့ထားတယ်။ မာစတာသမားတွေ၊ ပါရဂူသမားတွေလောက်ပဲ လက်ခံလိုက်တယ်။ အဆောင်တွေ အများကြီး ပိုလာတယ်။

ထိန်းသိမ်းမှုလည်း မရှိတဲ့အခါ နဂိုရှိပြီးသား အဆောက်အအုံတွေ ပစ္စည်းတွေက ပျက်စီးယိုယွင်းလာတယ်။ ဒါတွေကို အချိန်မီ ထိန်းသိမ်းပြုပြင်သင့်တဲ့အချိန် ရောက်နေပြီလို့ ပြောကြားခဲ့တယ်။

လက်ရှိ မန်းတက္ကသိုလ်

တက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ လုံခြုံရေးနှင့် ပတ်သက်၍ တက္ကသိုလ်အာဏာပိုင်များက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့်အတွက် တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသားသုံးဦး ဇူလိုင် ၉ ရက်က ဆန္ဒပြနေစဉ်

မန္တလေးတက္ကသိုလ်မှာ အချိန်ပိုင်းဖွင့်လှစ်နေတဲ့ မေဂျာတန်း ၂၀ ကျော်နဲ့အဆောင် နေကျောင်းသား၂၀၀၀ ကျော်ရှိပြီး ဘွဲ့လွန်၊ မာစတာ၊ ဘွဲ့ကြိုသင်တန်းသား ၄၀၀၀ ကျော် ရှိကြောင်းသိရပါတယ်။ သို့သော်လည်း မန္တလေးတက္ကသိုလ် အတွင်းရှိ ကျောင်းဆောင်အများစုမှာ လစ်လပ်နေဆဲဖြစ်ကာ တက္ကသိုလ် တစ်ခုတွင် ရှိသင့်ရှိအပ်သော အဆောက်အအုံ အဆောင်အယောင်များ၊ လုပ်ငန်းစဉ်များ လိုအပ်နေဆဲသာ ဖြစ်သကဲ့သို့ ကြီးမားကျယ်ပြန့်လှသော တက္ကသိုလ်ဝင်းကြီးအတွင်း တက္ကသိုလ်နှင့် သက်ဆိုင်သူများသာ ရှိနေဖို့ လိုအပ်နေတယ်လို့ သုံးသပ်ကြပါတယ်။ အဲဒီလို အဆောင်နေ ကျောင်းသားတွေ၊ ဘွဲ့ကြိုကျောင်းသားတွေ လက်ခံတာဟာလည်း နှစ်အနည်းငယ်မျှသာ ရှိသေးပြီး နဂိုမူလတုန်းကတော့ ဘွဲ့လွန်၊ မာစတာနဲ့ ပါရဂူ ကျောင်းသားတွေကိုပဲ လက်ခံခဲ့တာမို့ ဧရိယာကြီးမား ကျယ်ဝန်းလှတဲ့ မန္တလေးတက္ကသိုလ်ကြီးမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အရိပ်အယောင်ကို မမြင်ရသလောက်ပါပဲ။ ယခုနှစ်ပိုင်းမှသာ အနည်းငယ် ပြန်လည်မြင်တွေ့ လာရတာ ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်နောက်ပိုင်း တက္ကသိုလ်တွေကို ဒေသအနှံ့အပြား တည်ဆောက်ခဲ့ပေမယ့် ကျောင်းအင်္ဂါရပ်နဲ့အညီ ဆရာ ဆရာမတွေ နေထိုင်ဖို့ အဆောင်ပါဝင်ခြင်း မရှိခဲ့လို့ မန္တလေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့  ကျောက်ဆည်၊ မိတ္ထီလာစတဲ့ တက္ကသိုလ်တွေမှာ နယ်ပယ်အစုံက တာဝန်ကျရာ လာရောက်ရတဲ့ ပညာရေး ဝန်ထမ်းတွေကို စာသင်ကြားရာမှာ အပြည့်အ၀ အသုံးမပြုတော့တဲ့ မန္တလေးတက္ကသိုလ် အဆောင်တွေထဲမှာ နေထိုင်စေခြင်းက မန္တလေးတက္ကသိုလ်ရဲ့ အနှစ်သာရတွေကို လျော့ကျလာစေခြင်းရဲ့ အစလည်း ဖြစ်ခဲ့ပါတယ်။ တချို့ဆရာ၊ ဆရာမတွေကျ မန္တလေးမြို့ထဲမှာ နေစရာအိမ်ရှိပေမယ့် တက္ကသိုလ်ကပေးတဲ့ အဆောင်ကို ရယူတယ်။ ပြီးရင် တခြားလူတွေကို ပြန်ငှားစားပြီး အပိုဝင်ငွေ ရှာဖွေကြသလို တချို့ကျတော့ နယ်ပြောင်းသွားပေမယ့် သူတို့ရယူထားပြီးသား မန္တလေးတက္ကသိုလ်ထဲက အဆောင်နေရာကို ပြန်မအပ်ဘဲ လက်လွှဲငှားစားခဲ့တာတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ အပြင်ကနေ လာနေထိုင်သူတွေကလည်း သူတို့နဲ့ နီးစပ်ရာတွေကို တစ်စတစ်စ ဆွဲခေါ်လာရင်းကနေ မန္တလေး တက္ကသိုလ်ဟာ တဖြည်းဖြည်းနဲ့ တက္ကသိုလ်ကြီး တစ်ခုအစား လူနေရပ်ကွက်ကြီး တစ်ခုလို ဖြစ်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ တက္ကသိုလ်နဲ့ မဆိုင်သူတွေဟာ ညကြီးအချိန်မတော် ဝင်ထွက်သွားလာတဲ့အခါ လုံခြုံရေး လုပ်သူတွေကလည်း တက္ကသိုလ်ဝင်းကြီးရဲ့ အဝင်အထွက်ကို သေသေချာချာ၊ ကြပ်ကြပ်မတ်မတ် စစ်ဆေးဖို့ အဆင်မပြေတော့ပါဘူး။ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ မသမာသူတွေပါ ညပ်ဝင်လာပြီး လုံခြုံရေး အင်အားနည်းတဲ့ အဆောင်တွေက ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ ဖုန်းတွေကို ခိုးယူ၊ လုယက်လာပါတော့တယ်။ တက္ကသိုလ်ဝင်းထဲမှာ အဆောင်နေတဲ့ ဆရာ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေဟာ အဲဒီဒဏ်တွေကို ခံစားလာရတာ တော်တော်ကြာနေပြီ ဖြစ်ပါတယ်။ တက္ကသိုလ် ဆိုပေမယ့် လုံခြုံမှုကင်းမဲ့တဲ့ တက္ကသိုလ်ကြီး တခုလို ဖြစ်နေတာဟာ တော်တော်လေး ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့မှ ရရှိသော ကိန်းဂဏန်းများအရ  ၂၀၁၇ ဇွန်လမှ အောက်တိုဘာလအတွင်း မန္တလေးတက္ကသိုလ် ကျောင်းဝင်းအတွင်းရှိ ဆိုင်ကယ် ၂၃ စီး ခိုးယူခံခဲ့ရပြီး ဖုန်းနှင့်အခြား လုယက်မှုများလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ရဲတပ်ဖွဲ့ဆီ တိုင်ချက်ဖွင့်တဲ့ စာရင်းသာဖြစ်ပြီး တိုင်ချက်မဖွင့်တဲ့ သူတွေလည်း အများအပြား ရှိတယ်လို့ တက္ကသိုလ် ကျောင်းသား၊ သူတွေထံက သိရပါတယ်။

မန္တလေးတက္ကသိုလ်ဟာ အထက်မြန်မာပြည် တက္ကသိုလ်တွေထဲမှာ ဧရိယာ အကျယ်ဝန်းဆုံးနဲ့ သစ်ပင်ပန်းမန် အပေါများဆုံး၊ အလှပဆုံး တက္ကသိုလ်ကြီးတစ်ခု ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေ လူငယ်သဘာ၀ ချိန်းတွေ့ဖို့၊ စကားစမြည်ပြောဖို့ အဆင်ပြေတဲ့နေရာတွေ များစွာရှိပါတယ်။ ညနေခင်း ချိန်းတွေ့ကြတဲ့အချိန် ဆိုင်ကယ်အုပ်စုနဲ့ ဝင်လာ၊ ပါလာတဲ့ ဖုန်း၊ ပိုက်ဆံအိတ်၊ ဆွဲကြိုးတွေကို လုယက်ပြီး ထွက်ပြေးသွားတာတွေကို ကြားရ၊ မြင်ရတာ ခဏခဏပါပဲ။ လုယက်ခံရတဲ့ လူငယ်အများစုဟာလည်း သူတို့ရဲ့ ဆွေမျိုး အသိုင်းအဝိုင်းတွေ သိသွားမှာစိုးလို့ ငြိမ်ခံနေကြတဲ့ ဖြစ်စဉ်တွေ အများကြီး ရှိခဲ့ပါတယ်။

တက္ကသိုလ်တွင်း ဆိုင်ကယ်ပျောက်ဆုံးမှုများ၊ ပစ္စည်းပျောက်ဆုံးမှုများ ခပ်စိတ်စိတ် ဖြစ်ပေါ်ခဲ့တဲ့နောက်ပိုင်း ၂၀၁၈ ငါးလပိုင်းလောက်ကစပြီး ပြင်ပလုံခြုံရေးကုမ္ပဏီ တစ်ခုကို မန္တလေးတက္ကသိုလ် လုံခြုံရေးအတွက် ငှားရမ်းလုပ်ဆောင် ခဲ့ပါတယ်။ အဲဒီနောက် ဆိုင်ကယ်ပျောက်ဆုံးမှု လျော့ကျသွားခဲ့တယ် ဆိုပေမယ့် လုံခြုံရေးဝန်ထမ်း နေ့ခြောက်ယောက် ညလေးယောက်ဆိုတဲ့ အင်အားဟာ ကျောင်းပရဝုဏ် တစ်ခုလုံးအတွက် လုံလောက်မျှတမှု မရှိခဲ့ပါဘူး။ တက္ကသိုလ် လုံခြုံရေးအတွက် ပြင်ပကုမ္ပဏီတစ်ခုကို ငှားရမ်းထားတယ် ဆိုတာကလည်း ယင်းကုမ္ပဏီက ၎င်းတို့ကို အပ်နှံထားသော အဆောက်အအုံတွေကိုပဲ လုံခြုံရေး ဆောင်ရွက်နေတာ ဖြစ်သလို တက္ကသိုလ် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ ကား၊ ဆိုင်ကယ်များ လုံခြုံရေးအတွက် သီးခြားအစီအစဉ်နဲ့ လုပ်ဆောင်ထားခြင်း မရှိသေးဘူးလို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေက ဆိုပါတယ်။

မန္တလေးတက္ကသိုလ်လိုပါပဲ ရတနာပုံ တက္ကသိုလ်မှာလည်း ဆိုင်ကယ်တွေ ပျောက်ဆုံးမှု ဖြစ်ပေါ်ခဲ့ပေမယ့် ကိုင်တွယ်ပုံချင်း မတူပါဘူးလို့ ရတနာပုံတက္ကသိုလ်က ကထိက ဆရာတစ်ဦးက ပြောပါတယ်။

“ရတနာပုံတက္ကသိုလ်မှာကျ ဆိုင်ကယ်တွေကို ဆိုင်ကယ်အပ်ခွင့် စတန်းထားထားတယ်။ တစ်ရက်ကို တစ်ရာပေးရတယ်။ ပျောက်ရင် တင်ဒါအောင်တဲ့ ကုမ္ပဏီက လျော်ပေးရတယ်။ အဲဒီတော့ မပျောက်ဘူး။ ဒီမန္တလေး တက္ကသိုလ်မှာကျ အဲဒီလို စနစ်က မရှိဘူး။ ဆိုင်ကယ်စတန်းက မထားဘူး။ အဲဒီမှာ ခဏခဏ အခိုးခံရတယ်။ အဲဒီစနစ်မရှိတဲ့အခါ ကျောင်းသားက သူ့စာသင်ဆောင်ရှေ့မှာ သူရပ်တော့ သူခိုးက အခွင့်အရေး ရတဲ့အခါ လာလာခိုးတယ်။ အဲဒီမှာတင် ခဏခဏ ပျောက်တာပဲ။ တက္ကသိုလ်ဝင်တဲ့ တံခါးတွေ ပိတ်တာနဲ့ ဆိုင်ကယ်ပျောက်တာကို လျော့သွားအောင် မလုပ်နိုင်ဘူးဆိုတာ သိသာနေတာပဲ။ တက္ကသိုလ် လုံခြုံရေးအတွက် ပိုမိုကောင်းမွန်တဲ့စနစ်တွေ လုပ်ဆောင်သင့်ပြီ” လို့ အဆိုပါ ကထိကဆရာက အကြံပြုပါတယ်။

တက္ကသိုလ်များ၏ အသက်ဆိုတာ သုတေသန ဖြစ်ပါတယ်။ သုတေသနပြီးလျှင် ဘေးကင်းလုံခြုံသော တက္ကသိုလ် အသိုင်းအဝိုင်း အငွေ့အသက် အပြည့်ရှိတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ တက္ကသိုလ်တွေဟာ အဲဒီအချက် နှစ်ချက်ကိုပဲ ဦးစားပေး လုပ်ကြတာဖြစ်ပြီး တက္ကသိုလ်တစ်ခု ဘေးကင်းလုံခြုံရေးသည်လည်း ဦးစားပေးထဲ ပါဝင်ပေမယ့် မြန်မာနိုင်ငံမှာတော့ အဆိုပါ အချက်နှစ်ချက်ထက် ရုပ်ပြကောင်းသော အဆောက်အအုံ ကြီးကြီးမားမားများ ဆောက်လုပ်ရေးသည်သာ ဦးစားပေး ဖြစ်နေဆဲပါ။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် ပညာရေးဘတ်ဂျက် ပမာဏက ကျပ်သန်းပေါင်း လေးသိန်းသုံးသောင်းကျော် (ကျပ်သန်းပေါင်း ၄၃၁၉၀၃) ဖြစ်ပြီး စီမံကိန်း ၁၂ ခုအတွက် ခွဲဝေသုံးစွဲသွားမှာပါ။ ဘတ်ဂျက်ခွဲဝေမှု အများဆုံး စီမံကိန်းဟာ ရုပ်ဝန်းကျင်ကောင်း ဖန်တီးရေး (အဆောက်အအုံသစ်များ ဆောက်လုပ်ခြင်း၊ Landscape များ ဖန်တီးခြင်း) ဖြစ်ပြီး ကျပ်သန်းပေါင်း တစ်သိန်းခုနစ်သောင်းကျော် (ကျပ်သန်းပေါင်း ၁၇၇၈၀၄) နှင့် ဒုတိယ အများဆုံးမှာ ICT အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်ရေး (ရုပ်မြင်သံကြား သင်ခန်းစာများ ထုတ်လွှင့်ခြင်း၊ Language Lab အခန်းများ ဖွင့်လှစ်ပေးခြင်း) ဖြစ်ပြီး ကျပ်သန်းပေါင်း တစ်သိန်းတစ်သောင်းကျော် (ကျပ်သန်းပေါင်း ၁၁၃၈၈၄) အသုံးပြုသွားမှာ ဖြစ်ပါတယ်။ သုတေသန ဓာတ်ခွဲခန်းများ ဖြစ်ပေါ်ရေး (ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ သုတေသနဆောင်ရွက်ခြင်း) မှာမူ တတိယ အများဆုံးသာဖြစ်ပြီး ကျပ်သန်းပေါင်း ခြောက်သောင်းရှစ်ထောင်ကျော် (ကျပ်သန်းပေါင်း ၆၈၅၁၀) သာ သုံးစွဲသွားရန် လျာထားတယ်လို့ ၂၀၁၄ ခုနှစ်၊ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော် နှီးနှောဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍ) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘတ်ဂျက်ခွဲဝေတဲ့နေရာမှာ ရုပ်ဝန်းကျင်ကောင်း ဖန်တီးရေးအပြင် တက္ကသိုလ်များရဲ့ လုံခြုံရေး၊ ကျောင်းသားသူများအတွက် အဆင်ပြေသော ပတ်ဝန်းကျင် ကောင်းများ ဖန်တီးပေးရေး (စာကြည့်တိုက်များ၊ စာအုပ်အငှားဆိုင်များ၊ သက်သာဆိုင်များ၊ လုံခြုံရေး အစီအမံများ) ဟာ ဦးစားပေး အစီအစဉ်ထဲ ယခုထိ မပါဝင်သေးပါဘူး။

မန္တလေးတက္ကသိုလ် အာဏာပိုင်များ အနေဖြင့် မန္တလေးတက္ကသိုလ် ပရိဝုဏ်အတွင်း ပညာရေးနှင့် မသက်ဆိုင်တဲ့ အခြားလူများ ဝင်ထွက်သွားလာ နေထိုင်ခြင်းများ ရှိ၊ မရှိ ဆိုသည့်အချက်ကို အမှန်တကယ် စိစစ်ဖြေရှင်းရန် လိုအပ်နေပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အဆောင်တစ်ခုချင်းဆီအလိုက် ကွင်းဆင်းကာ ပညာရေးဝန်ထမ်း မဟုတ်သောသူများ၊ မန္တလေးတက္ကသိုလ်နှင့် သက်ဆိုင်ဆက်စပ်ခြင်း မရှိတော့သော သူများကို မည်သည့်မျက်နှာမှ မထောက်ဘဲ ပြတ်ပြတ်သားသားနဲ့ စိစစ်ဖယ်ရှားကာ အမှန်တကယ် နေစရာ အခက်အခဲ တွေ့နေသော ဆရာ၊ ဆရာမများ ကျောင်းသား ကျောင်းသူများကို ပြန်လည်နေရာချပေးမှသာ ယခုလို တစ်နွယ်ငယ် တစင်ပါနေသော လုံခြုံရေးပြဿနာကိုပါ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးတက္ကသိုလ်မှာ ဆွေးနွေးကြမယ့် ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ မိမိတို့ မိခင်တက္ကသိုလ်ကြီး ရင်ဆိုင်နေရတဲ့ အကြောင်းအရာတွေကို အတိုင်ပင်ခံပုဂ္ဂိုလ်သိအောင် ထည့်သွင်းဆွေးနွေးပြီး သမိုင်းဝင် တက္ကသိုလ်ကြီး တစ်ခုဆိုတဲ့ ဂုဏ်အင်္ဂါနဲ့ ညီညွှတ်တဲ့ မိန်းတက္ကသိုလ် တစ်ခုအဖြစ် ပြန်လည်ဖော်ဆောင်ဖို့ အချိန်တန်ပြီဖြစ်ပြီး ယခင်လိုမျိုး နောက်ထပ်ပြန်လည် သက်ဝင်ရှင်သန်လာမလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 

Most Read

Most Recent