ရန်ကုန်မြို့တော်ကို ပုံမပျက်အောင် အလှဆင်နေသူများ

ရန်ကုန်မြို့တော်ကို ပုံမပျက်အောင် အလှဆင်နေသူများ
Published 23 July 2018

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း သန့်ရှင်းရေး လုပ်ဆောင်နေသော မြို့တော်စည်ပင်သာယာရေးဌာနမှ သန့်ရှင်းရေး ဝန်ထမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

နံနက် ၃ နာရီဆိုသည့် အချိန်သည် ဘုန်းကြီးကျောင်းမှ ပုံမှန်ခေါက်နေကျ အုန်းမောင်းထက်ပင် တစ်နာရီစောသည်ဟု ဆိုနိုင်ပြီး လူအများ အိပ်မောကျနေနိုင်သည့် အချိန်ဖြစ်ကြောင်း ဆေးပညာရပ်များ တွင်လည်း ညွှန်းဆိုထား၏။ ဒီအချိန်မျိုးတွင် ညလုံးပေါက်ဖွင့်သည့် စတိုးဆိုင်လေးများနှင့် လက်ဖက်ရည်ဆိုင် တချို့မှလွဲ၍ ရန်ကုန်မြို့တော်၌ အရာရာသည် တိတ်ဆိတ်ငြိမ်သက် လျက်ရှိသည်။ ကျပ်တည်းရှုပ်ထွေးသည့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ရာ လမ်းမကြီးများတွင်လည်း တစ်ခါတစ်ရံမှသာ အရှိန်မပြင်းတပြင်း သို့မဟုတ် ခပ်ပြင်းပြင်း သွားလာနေသည့် ကားတချို့တလေလောက်သာ ဖြတ်သန်းသွားလာလျက်ရှိပြီး လူသွားလူလာမှာမူ မရှိသလောက်ပင်ဖြစ်၏။

သို့ရာတွင် ကျောတွင် သန့်ရှင်းရေးဟူသည့် စာတန်းနှင့်အတူ နံပါတ်တချို့ဖြင့် တံဆိပ်ကပ်ထားသည့် အဝါရောင် ဝတ်စုံဝတ် ဝန်ထမ်းတချို့ကိုတော့ ဒီလိုအချိန်မျိုး၌ မြင်တွေ့နိုင်မည်ဖြစ်သည်။ အုန်းလက်ဖြင့် ပြုလုပ်ထားသည့် တံမြက်စည်းများဖြင့် ကျယ်ပြောရှည်လျားသည့် လမ်းမကြီးများ တစ်လျှောက်ရှိ စွန့်ပစ်အမှိုက်များစွာတို့အား သိမ်းဆည်း လှည်းကျင်းလျက်ရှိ၏။ သူတို့၏ နံဘေးတွင်လည်း သံထည်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် လက်တွန်းလှည်းများ ရှိနေပြီး သိမ်းဆည်းထားသည့် အမှိုက်များစွာတို့က လှည်းပေါ်တွင် နေရာယူလျက် ရှိနေသည်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။ မကြာမီတွင် ရောက်ရှိလာတော့မည့် အရုဏ်ဦး မတိုင်မီ လမ်းမများ၌ ဗြစ်ခနဲ ထွေးထားသည့် ကွမ်းတံတွေးများ၊ ဖက်ခနဲ ပစ်လိုက်သည့် အမှိုက်များ ကင်းစင်ပြီး သန့်ရှင်းသပ်ရပ်နေရေးသည် သူတို့၏ တာဝန်ဖြစ်၏။

အစိုးရဝန်ထမ်းများထဲတွင်မှ သန့်ရှင်းရေး ဝန်ထမ်းများ၏ တာဝန်ယူမှု တာဝန်ကျေမှုအား နံနက်အလင်း ရောက်သည်နှင့် ရှင်းလင်းသပ်ရပ်နေသည့် လမ်းများက သက်သေပြလျက်ရှိသည်။ သူတို့သည် စကားများများ ပြောဆိုခြင်း မရှိဘဲ ပြည်သူ့ဝန်ထမ်း ပီသအောင် နေ့စဉ်ထမ်းဆောင်နေကြ၏။ နိုင်ငံတကာစံချိန်နှင့် ယှဉ်ထိုးကြည့်လျှင် ခေတ်မမီတော့သည့် အမှိုက်သိမ်းဆည်းရေး ပစ္စည်းများကိုသာ အသုံးပြုနေရသော်လည်း သူတို့ နေထိုင်သည့် မြို့တော်အား နိုင်ငံတကာမှ မြို့ကြီးများနည်းတူ သန့်ရှင်းသပ်ရပ် စေလိုကြကြောင်း သူတို့၏ ပြောပြမှုများမှတစ်ဆင့် သိခွင့်ရခဲ့သည်။

ကျောတစ်ခင်းစာ နေရာတစ်ခု အတည်တကျ ရရှိရေးအတွက် ခက်ခဲလှသည့် ရန်ကုန်မြို့တော်တွင် အစိုးရဝန်ထမ်း ဖြစ်သည့် သန့်ရှင်းရေး ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ခြင်းက နေထိုင်ရေး ပြဿနာ၏ တစ်စိတ်တစ်ပိုင်းအား ဖြေရှင်းပြီးဖြစ်သည်ဟု ဆိုနိုင်သော်လည်း အလုံးစုံတော့ မဟုတ်ပေ။ ၁၀ ပေပတ်လည်ခန့်သာ ကျယ်ဝန်းသည့် လိုင်းခန်းများက သန့်ရှင်းရေးဝန်ထမ်း မိသားစုများအတွက် သက်သောင့်သက်သာ သိပ်မရှိလှပေ။ သို့ရာတွင် လုံခြုံမှုရှိသည့် နားခိုရာတစ်ခု ရှိနေခြင်းကပင် သူတို့၏အဓိက လိုလားရာဆန္ဒ ဖြစ်နေ၏။

နာမည်ကြီး ကြေးအိုးဆိုင်မှ ကြေးအိုးတစ်ပွဲ၏ ဈေးနှုန်းမျှပင်မရှိသည့် နေ့တွက်ကြေး ကျပ် ၃၆၀၀ ဖြင့် နှစ်အတန်ကြာ လုပ်ကိုင်ခဲ့ရပြီး မကြာသေးမီကမှ ကျပ် ၄၆၀၀ အား နေ့တွက်ကြေးအဖြစ် ရရှိခဲ့သည်ဟုဆို၏။ ထိုငွေကြေးသည် လူတစ်ဦး၏ တစ်နေ့တာ စားသောက်စရိတ်အတွက် လုံလောက်ကောင်း လုံလောက် နိုင်သော်လည်း လူဦးရေ များပြားသည့် မိသားစုတစ်ခု အတွက်တော့ စားဖို့ပင် အနိုင်နိုင် ဖြစ်နေမည်လည်း ဖြစ်သည်။

လူဦးရေ သန်းနှင့်ချီ နေထိုင်သည့် မြို့ပြတစ်ခုမှ ထွက်ရှိလာမည့် စွန့်ပစ်ပစ္စည်း မည်ရွေ့မည်မျှ ရှိနိုင်သည်ကို လွယ်လင့်တကူပင် တွေးတောမြင်ကြည့်နိုင်သည်။ လူအများက မလိုချင်သဖြင့် စွန့်ပစ်ခဲ့သည့် အမှိုက်များစွာတို့အား မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းတွင် အဝါရောင် အမှိုက်ကန်များဖြင့် တွေ့ရှိနိုင်သည်။ တစ်နေ့တာ၏ ကုန်ဆုံးချိန်များ၌ ထိုအမှိုက်ကန်များတွင် အမျိုးမျိုးသော စွန့်ပစ်ပစ္စည်းများဖြင့် ပြည့်နှက်နေတတ်ပြီး ညဦးပိုင်း အချိန်များတွင် မြို့ပြင်သို့ သွားရောက် စွန့်ပစ်မည်လည်း ဖြစ်သည်။

ထိုအချိန် မတိုင်မီတွင် အမှိုက်ကန်များ အတွင်းမှ ညစ်ပတ်နံစော်လှသည့် စွန့်ပစ်ပစ္စည်းများစွာထဲမှ တစ်စုံတစ်ခုကို ရှာဖွေနေသည့် သန့်ရှင်းရေး ဝန်ထမ်းများအား နေ့စဉ်တွေ့မြင်နိုင်သည်။ အများက အသုံးမလိုသဖြင့် စွန့်ပစ်ထားသော်လည်း သူတို့အတွက် လိုအပ်သည့် အရာများရှိ၍ ရှာဖွေနေခြင်းလည်း ဖြစ်သည်။ စွန့်ပစ်အမှိုက်များထဲတွင် ဘီယာဘူးခွံ၊ ရေဘူးခွံ၊ ကော်၊ စက္ကူ၊ သံတို သံစ စသည့် ပစ္စည်းများစွာ ပါဝင်နေပြီး ထိုပစ္စည်းများသည် သန့်ရှင်းရေး ဝန်ထမ်းများအတွက် မိသားစု စားသောက်စရိတ်အား အဓိက ရှာပေးနေသည့် အရာများလည်း ဖြစ်၏။

အများအတွက် သန့်ရှင်းမှုများ ပြုလုပ်ပေးနေကြသူများ ဖြစ်သော်လည်း သန့်ရှင်းရေး ဝန်ထမ်းများသည် သူတို့ကိုယ်တိုင်၏ သန့်ရှင်းမှုအတွက် မေ့လျော့ထားကြရ၏။ အမြဲတစေ စွန့်ပစ္စည်းများအကြား လှုပ်ရှား လုပ်ကိုင်နေရခြင်းက သူတို့၏ ခန္ဓာကိုယ် ကျန်းမာရေးအပေါ် ဆိုးရွားစွာ သက်ရောက် စေနိုင်သည်က ငြင်းမရသည့် အချက်ဖြစ်သည်။ သို့ရာတွင် လုံလောက် ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် တစ်ခုက သူတို့အကြားတွင် ရှိမနေခဲ့ပေ။

အညစ်အကြေးများဖြင့် နေ့စဉ်ထိတွေ့နေရသော်လည်း ခေတ်ပညာ တတ်မြောက်ခြင်း မရှိသည့် သန့်ရှင်းရေး ဝန်ထမ်းများတွင် လုံလောက်သည့် ကျန်းမာရေး ဗဟုသုတ ဟူ၍လည်း မရှိကြောင်း သိခွင့်ရခဲ့သည်။

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း သန့်ရှင်းရေး လုပ်ဆောင်နေသော မြို့တော်စည်ပင်သာယာရေးဌာနမှ သန့်ရှင်းရေး ဝန်ထမ်းများကို တွေ့ရစဉ်

“ဆေးထိုးပေးတာတွေတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီအချိန်တွေဆို ကျွန်တော်တို့က ပတ်ပြေးနေလိုက်တာပဲ” ဟူသည့် သန့်ရှင်းရေး ဝန်ထမ်းတစ်ဦး၏ စကားသံက အစိုးရကပေးထားသည့် ကျန်းမာရေး စောင့်ရှောက်မှု အပေါ်တွင် သူတို့၏ အမြင်ပင်ဖြစ်သည်။

လူကြီးလာရင် လက်အုပ်ချီ ကြိုဆိုသည့် အလေ့အထများသည် မြန်မာနိုင်ငံတွင် အရိုးစွဲနေသည့် ပုံစံဖြစ်ပြီး သန့်ရှင်းရေး ဝန်ထမ်းများ အပေါ်တွင်လည်း အဆိုပါ အလေ့အထများက သက်ရောက်လျက် ရှိသည်ကို တွေ့ရသည်။ များသောအားဖြင့် နှာခေါင်းစည်း၊ လက်အိတ်များ ဝတ်ဆင်ထားခြင်း မရှိဘဲ အမှိုက်သိမ်းဆည်းနေသည့် သန့်ရှင်းရေးဝန်ထမ်းများကိုသာ တွေ့မြင်နိုင်သော်လည်း  နှာခေါင်းစည်း၊ လက်အိတ်များ ဝတ်ဆင်ထားပါက အနီးတွင် မြို့တော်စည်ပင်မှ လူကြီးတစ်ဦးဦးရှိ၍ဖြစ်ကြောင်း သန့်ရှင်းရေးဝန်ထမ်း တစ်ဦးက ပြောပြသည်။ သို့ရာတွင် သူတို့ တပ်ဆင်ထားသည် နှာခေါင်းစည်းများသည် မှိုစော်များနံလျက် ညစ်ပတ်လျက်ရှိ၏။ သန့်ရှင်းသော နှာခေါင်းစည်းများအားလည်း လုံလောက်စွာ ထုတ်ပေးခြင်း မရှိဟုလည်း သိရ၏။

“လခစားဝန်ထမ်း မဟုတ်သည့်အတွက် သူတို့တွင် အားလပ်ရက်ဟူ၍လည်း တိတိကျကျမရှိပေ။ အလုပ်မလုပ်ကိုင်နိုင်သည့် ရက်သည်သာ အားလပ်ရက် ဖြစ်နေခဲ့ပြီး ယင်းနေ့အတွက်လည်း နေ့တွက်ကြေး ရရှိမည် မဟုတ်ပေ။ သို့အတွက် နေထိုင်မကောင်း ဖြစ်နေခဲ့သော်လည်း အလုပ်လာရောက် လုပ်ကိုင်ခဲ့သည့်ရက် များစွာရှိသည်ဟုလည်း ဆိုကြ၏။ လက်တွန်းလှည်း တစ်စီးဖြင့် ခေါင်းလောင်းတီးရင်း ရပ်ကွက်များအကြား နေ့စဉ် အမှိုက်လိုက်လံ သိမ်းဆည်းသည့် သန့်ရှင်းရေး ဝန်ထမ်းများ၏ ကျေးဇူးကြောင့် အမှိုက်သည် အမှိုက်ပုံသို့သာ စနစ်တကျ ရောက်ရှိသည့် အဖြစ်မျိုး များပြားလာပြီ ဖြစ်သော်လည်း သန့်ရှင်းရေး ဝန်ထမ်းများ အတွက်မူ လှည်းပျက်ပါက ပြင်ဆင်ရန်စရိတ်ပင် အနိုင်နိုင်ဖြစ်နေခဲ့၏။

သံဖြင့်ပြုလုပ်ထားသည့် လက်လုပ်အမှိုက်သိမ်း လက်တွန်းလှည်းများ ချို့ယွင်းပျက်စီးပါက ဂဟေဆော် ပြုပြင်ရမည်ဖြစ်ပြီး ထိုအတွက် စရိတ်စကသည် သူတို့၏ တစ်ရက်တာ စားသောက်စရိတ်အပေါ်၌ သက်ရောက်မှုများစွာ ဖြစ်ပေါ်စေသည်။ တစ်ခါတစ်ရံ လက်တွန်းလှည်းဘီးများ ချို့ယွင်းပါက ပြင်ဆင်စရိတ်သည် ကျပ် ၂၀၀၀ ဝန်းကျင်တွင် ရှိသည်ဟု ပြောပြခဲ့ကြပြီး ကျပ် ၂၀၀၀ ဟူသည် သူတို့၏ တစ်နေ့တာ ဝင်ငွေ၏ တစ်ဝက်နီးနီးရှိသည့် ပမာဏဖြစ်သည်။

မြန်မာနိုင်ငံရှိ  အစိုးရဝန်ထမ်း အတော်တော်များများတွင် တွေ့ရှိရသည်က လူကြီးကြောက်ရောဂါဖြစ်ပြီး အထက်လူကြီး၏ ညိုငြင်မှုအား မခံလိုသဖြင့် အခက်အခဲအား မပြောရဲ၊ မဆိုရဲ မျိုသိပ်ထားရခြင်းမျိုးလည်း ဖြစ်သည်။ ဒီအစဉ်အလာသည် သန့်ရှင်းရေး ဝန်ထမ်းများ အထိပါ စိတ်မကောင်းစရာ စိမ့်ဝင်လျက်ရှိပြီး သူတို့၏ အခက်အခဲများအား ပြောပြရန် ကြောက်ရွံ့နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

တစ်နေ့တာတွင် နံနက် ၃ နာရီဆိုသည့် အလွန်စောသည့် အချိန်သည် အလုပ်ဝင်ချိန် ဖြစ်နေခဲ့ပြီး ည ၁၂ နာရီအထိ၊ တစ်ခါတစ်ရံ နံနက် ၁ နာရီခန့်ထိ အမှိုက်သိမ်းဆည်းခြင်းများအား လုပ်ကိုင်နေကြရသည်ဟု သိရ၏။ တာဝန်ချထားပေးသည့်နေရာ သန့်ရှင်းသပ်ရပ်နေရေးသည် သူတို့၏ တာဝန်ဖြစ်ပြီး သူတို့၏ တာဝန်အားလည်း စေတနာပါပါဖြင့် ကျေပွန်အောင် ဆောင်ရွက်နေကြသူများလည်း ဖြစ်သည်။

“အလုပ်ချိန်က ဟိုးအစောကြီး မနက် ၃ နာရီ ဒေါင်ဆို လမ်းတစ်လျှောက်ကြီး အမှိုက်တွေ လှဲကျင်းရတယ်။ အလုပ်သိမ်းချိန်က ည ၁၂ နာရီပေါ့။ တစ်ခါတလေလည်း ၁ နာရီထိုးသွားတယ်။ ပြီးရင် ခဏလေးမှိန်း၊ သုံးနာရီဒေါင်ဆို ပြန်ထရတာပဲ။ ပင်ပန်းတာတော့ ပင်ပန်းတာပေါ့။ ဒါပေမဲ့ ကုသိုလ်ရတယ်လို့ စိတ်ထဲကတွေးလိုက်ရင် သိပ်မပင်ပန်းတော့ဘူး” အသက် ၄၀ ကျော်ခန့်ရှိမည့် သန့်ရှင်းရေးဝန်ထမ်း တစ်ဦး၏ စကားသံက သူတို့၏ အလုပ်အပေါ် ထားရှိသည့် စေတနာအား ထင်ဟပ်နေသည်။

ရန်ကုန်မြို့၏ ညဉ့်နက်သန်းခေါင်ယံ အချိန်များသည် တစ်နေ့တာ၏ ကျန်သည့် အချိန်များနှင့် လုံးလုံးလျားလျား တူညီမှုရှိခြင်း မရှိပေ။ ရှုပ်ထွေးပွေလီနေသည့် ယာဉ်ကြောပိတ်ဆို့မှုများ မြင်တွေ့ရခြင်းမရှိ။ ပျားပန်းခပ်နေသည့် လူအများ သွားလာခြင်းများ ရပ်တန့်လျက်ရှိနေ၏။ ယခုကဲ့သို့ မိုးရာသီကာလမျိုးတွင် ပို၍ရှားပါးလှသည့် သွားလာလှုပ်ရှားမှုများက ရန်ကုန်မြို့ပြ၏ ညအား အသက်သွင်းနေမည်လည်း ဖြစ်သည်။ ခပ်သည်းသည်း ရွာသွန်းနေသည့် မိုးများဖြင့် တန်ဆာဆင်ထားသည့် ရန်ကုန်ညများတွင် လူအများ အိပ်စက်မှုနှင့်အတူ ဇိမ်ကျသာယာ နေနိုင်မည် ဖြစ်သော်လည်း ခပ်နွမ်းနွမ်းမိုးကာ ဝတ်ဆင်ထားပြီး အောက်တွင် အဝါရောင် ဝန်ထမ်းဝတ်စုံဖြင့် လူတချို့ကတော့ အများပြည်သူများကဲ့သို့ အိပ်စက်ခြင်းမရှိပေ။

တချို့ကတော့ သူတို့တွင်ရှိသည့် အလှတရားအား ထိုးဖောက်မြင်နိုင်ခြင်း ရှိမည်မဟုတ်သော်လည်း တကယ်တော့ သူတို့သည် မြို့တော်၏ အလှတရားကို ဖန်ဆင်းနေသည့် အဝါရောင်ဝတ်စုံဝတ် သူရဲကောင်းများ ဖြစ်နေသည်ကို အမှန်တရား တစ်ခုအဖြစ် လက်ခံတွေ့ရှိရ၏။ သူတို့ကိုယ်သူတို့ သူရဲကောင်းအဖြစ် မှတ်ယူခြင်း အလျင်းမရှိ။ အလားတူ သူရဲကောင်းများ ကဲ့သို့သော နေထိုင်မှုများကလည်း သူတို့ဘ၀ တစ်လျောက်လုံးတွင် မရှိခဲ့ပေ။ တစ်ရက်တာအတွက် သတ်မှတ်ထားသည့် ၂၄ နာရီဟူသည့် အချိန်များ၏ ရာခိုင်နှုန်း ၈၀ ၌ ဝမ်းရေးအတွက် လှုပ်ရှားနေကြရ၏။ သို့မဟုတ်ပါက များပြားလှသည့် မိသားစုများအတွက် ကျောတစ်ခင်းစာ တစ်နေရာ အတွက်ပင် ဘုံပျောက်သွားနိုင်မည်ဖြစ်ပြီး ရန်ကုန်တွင် ကျောတစ်ခင်းစာနေရာ တစ်ခုအတွက် တိုက်ပွဲဝင်နေရသူ သန်းချီရှိနေသည်ကလည်း အမှန်တရား တစ်ခုပင် ဖြစ်၏။

မကြာမီတွင် အရုဏ်ဦးသို့ ရောက်ရှိတော့မည်ဖြစ်ပြီး ရန်ကုန်မြို့တော်သည် တစ်ဖန်ပြန်လည်စည်ကား အသက်ဝင်လာတော့မည်ဖြစ်၏။ တစ်ဖြောင့်တည်း ဖြစ်နေသော လမ်းမများသည် သပ်ရပ်သန့်ရှင်းစွာဖြင့် လှပနေ၏။ ပြည်သူအများ နိုးထလာကြတော့မည်လည်း ဖြစ်သည်။ ထိုအချိန်တွင်တော့ အဝါရောင် ဝတ်စုံဝတ် သူရဲကောင်းများက မြို့တော်ကို အလှဆင်ပေးသည်မှာ သူတို့ပါဟု ကြွားဝါပြောဆိုခြင်း မရှိဘဲ ခပ်ဆိတ်ဆိတ် နေလျက်ရှိတော့၏။

 

Most Read

Most Recent