အစိုးရတစ်ရပ်ဆိုသည်မှာ အဂတိလိုက်စားသည်ဟု စွပ်စွဲမှုကင်းရုံသာမက အဂတိလိုက်စားကြောင်းပြည်သူများက သံသယပင်မရှိရန်နေထိုင်ရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အစိုးရတစ်ရပ်ဆိုသည်မှာ အဂတိလိုက်စားသည်ဟု စွပ်စွဲမှုကင်းရုံသာမက အဂတိလိုက်စားကြောင်းပြည်သူများက သံသယပင်မရှိရန်နေထိုင်ရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 22 July 2018

ကော့မှူးမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဇူလိုင် ၂၀ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

အစိုးရတစ်ရပ်ဆိုသည်မှာ အဂတိလိုက်စားသည်ဟု စွပ်စွဲမှုကင်းရုံသာမက အဂတိလိုက်စားကြောင်း ပြည်သူများက သံသယပင်မရှိရန် နေထိုင်ရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌  အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နောက်တစ်ခုကတော့ ကျွန်မတို့အစိုးရအနေနဲ့ အထူးအလေးပေးတာကတော့ သန့်ရှင်းတဲ့အစိုးရ၊ တာဝန်သိတဲ့အစိုးရ၊ တာဝန်ယူတဲ့အစိုးရ။ သန့်ရှင်းတဲ့အစိုးရဆိုတာ ပြည်သူက သံသယတောင် မရှိရတဲ့အစိုးရ၊ ပြည်သူက အကြောင်းကြောင့်မိုလို့ အစိုးရလူကြီးတွေ က  မသန့်ရှင်းဘူး၊ အဂတိလိုက်စားမှု မကင်းဘူးလို့ ထင်ရင်တောင်မှ ကျွန်မတို့ရဲ့နိုင်ငံ နာပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “စွပ်စွဲမှု ကင်းရုံတင်မကဘူး။ သံသယရှိမှုတောင် ကင်းရမယ်။ အစိုးရတစ်ခုက ဒီလိုပဲ ဖြစ်ရမယ်။ အစိုးရတစ်ခုဆိုတာ အဂတိတရားကင်းတယ်ဆိုတာ အဂတိလိုက်စားပါတယ်လို့ စွပ်စွဲမှုက ကင်းရုံတင်မကဘူး။ အဂတိလိုက် စားပါတယ်လို့ ပြည်သူတွေက သံသယတောင်မှ မရှိအောင်လို နေထိုင်ရမယ်။ အဲဒီတော့ အဲဒီဟာ ဘယ်ကစလဲဆိုရင် အောက်ခြေက စတယ်။ ဝန်ကြီးတွေဆိုတာဟာ အစိုးရ အဖွဲ့ဝန်ကြီးတွေဆိုတာဟာ ၃၀ မပြည့်ဘူး။ ကျွန်မတို့ အောက်မှာ တကယ်ပြည်သူတွေနဲ့ ထိတွေ့နေရတဲ့ဝန်ထမ်းတွေ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထမ်းတွေဆိုတာ အများကြီးပဲ။  အဲဒီတော့ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထမ်းတွေ သန့်ရှင်းမှ အုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်းတွေကို ပြည်သူလူထုက သူတို့ဟာ အဂတိမလိုက်စားဘူးဆိုပြီးတော့ လုံး၀ သံသယမရှိ ယုံကြည် နိုင်မှသာလျှင် ကျွန်မတို့နိုင်ငံဟာ တကယ့်ကို သိက္ခာရှိတဲ့နိုင်ငံ၊ တကယ့်ကို တိုးတက်တဲ့နိုင်ငံမျိုး ဖြစ်သွားမှာပါ” ဟု ဆက်လက်ပြောကြားသည်။

ဝန်ကြီး ၃၀ ခန့်ကို အရေးယူရသည်မှာ လွယ်ကူကြောင်းနှင့် များပြားသော အခြေခံအရာရှိ၊ ဝန်ထမ်းများကို အရေးယူရန်ဆိုသည်မှာ သိပ်မလွယ်ကူကြောင်း၊ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ထိန်းကြရန်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့သည်။

ဝန်ထမ်းများအနေဖြင့် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားကြရန်နှင့် လုံလောက်သည့် လစာ၊ အဆောင်အယောင်များကိုလည်း ပေးထားရမည်ဆိုသည်ကို လက်ခံယုံကြည်ထားကြောင်း၊ တစ်ဆင့်ချင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နေ့ချင်းညချင်း ဝန်ထမ်းများ၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေရန်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် အဆိုပါတွေ့ဆုံပွဲ၌  လွှတ်တော်ကိုယ်စားလှယ်များသည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် ပြည်သူများကြားတွင် ပေါင်းကူးတံတားသဖွယ် ဆက်သွယ်ပေးရန်ဖြစ်ပြီး အပြန်အလှန် နားလည်မှုနှင့် အပြန်အလှန် တာဝန်သိမှုသည် အင်မတန်အရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

Most Read

Most Recent