ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရနှစ်ရပ်နှင့်ဆွေးနွေးနေသည့်ပုံစံသည် ငြိမ်းချမ်းရေးအောင်မြင်မှုမရရှိနိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ သတိပေး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရနှစ်ရပ်နှင့်ဆွေးနွေးနေသည့်ပုံစံသည် ငြိမ်းချမ်းရေးအောင်မြင်မှုမရရှိနိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ သတိပေး
Published 22 July 2018

 

နေပြည်တော်တွင် ဇူလိုင် ၁၅ ရက်ကကျင်းပခဲ့သည့် UPDJC အစည်းအဝေးတွင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းအား တွေ့ရစဉ်(ဓာတ်ပုံ-မင်းနိုင်စိုး)

လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရအဖွဲ့က ဦးဆောင်မှုယူရမည်ဖြစ်ပြီး အစိုးရနှစ်ရပ်နှင့်ဆွေးနွေးနေသည့် ပုံစံသည် ငြိမ်းချမ်းရေးမအောင်မြင်နိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)  ဒုတိယဥက္ကဋ္ဌ ဒေါက် တာဆလိုင်းလျန်မှုန်းဆာခေါင်းက သတိပေး ပြောကြားသည်။

ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ City Hotel Yangon တွင် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက “တတိယအကြိမ်ညီလာခံ ငြိမ်းချမ်းရေးတံခါး ပွင့်ပြီလား” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော DVB Debate  ဆွေးနွေးပွဲတွင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ထိုသို့ သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခုလက်ရှိအနေအထားက ဒါ ပွင့်ပွင့် လင်းလင်း ပြည်သူလူထုကို ကျွန်တော်တင်ပြချင်တာက အစိုးရနှစ်ရပ်နဲ့ကျွန်တော်တို့ ဆွေး နွေးနေတဲ့ ပုံစံနဲ့တော့ ကျွန်တော်တို့ ဒီငြိမ်းချမ်းရေး မအောင်မြင်နိုင်ဘူး။ ထို့အတွက်ကြောင့် ကျွန်တော်တို့ တိုင်းရင်းသားဘက်က တင်ပြသင့်တဲ့ တင်ပြမှု ဖက်ဒရယ်အခြေခံမူပဲဖြစ်ဖြစ်၊ ဒီမိုကရေစီအခြေခံမူပဲဖြစ်ဖြစ် ကျွန်တော်တို့တင်ပြသင့်သလောက်တော့ တင်ပြပြီးပြီ။ အဲဒီအပေါ်မှာ အစိုးရနဲ့တပ်မတော်ကနေပြီးတော့ တိုင်ပင်ပြီးတော့ ဒီလောက်ကတော့ ဒီတိုင်းပြည်အတွက် လက်ခံသင့်တယ်၊ လက်မခံသင့်ဘူးဆိုတာသူတို့ရဲ့ဘုံသဘောထားနဲ့ကျွန်တော်တို့ကို လာဆွေးနွေးသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ တပ်မတော်က တခြား၊ အစိုးရကတခြားဆိုတဲ့ ပုံစံနဲ့ လာဆွေးနွေးနေသရွေ့ကတော့ ကျွန်တော်တို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ရှေ့တိုးမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

နိုင်ငံတစ်ခု၏ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော အစိုးရသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပို၍ပင်ဦးဆောင်မှု ယူရမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အစိုးရနှင့်တပ်မတော်ကို သီးခြားစီဆွေးနွေးနေရသည့် ပုံစံမျိုး မကြာခဏဖြစ်ပေါ်နေကာ အစိုးရအနေဖြင့် အကျိုးဆောင်ပေးရုံ ဘေးကထိုင်နေသည့် ပုံစံမျိုးဖြင့် ဆက်သွား၍ မရတော့ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက သုံးသပ်ပြောကြားသည်။

“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နဲ့တပ်မတော်ပဲ ငြင်းခုံ၊ ဆွေးနွေး၊ အဖြေရှာမရ။ ဒီကြားထဲမှာ အစိုးရက ဦးဆောင်တယ်ဆိုပြီးတော့လည်း ဘေးကနေပဲထိုင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့တော့ ဆက်သွားလို့ မရတော့ဘူးလို့ ကျွန်တော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့အစိုးရနှစ်ရပ်နဲ့ ဆက်ပြီးတော့ ဆွေးနွေးဖို့ ခက်သွားပြီ”ဟု ၎င်းက ပြောကြားသည်။

တိုင်းပြည်ကို မိဘသဖွယ်ဦးဆောင်နေသည့် နိုင်ငံ့ခေါင်းဆောင်နှင့်အစိုးရအဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အကျိုးဆောင်ရုံဖြင့် လုံလောက်မှုမရှိကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့သုံးဖွဲ့အကြားတွင် စေ့စပ်ခြင်း၊ ညှိ နှိုင်းခြင်းများ ပြုလုပ်ပေးရမည်ဖြစ်ကာ ဆွေး နွေးပွဲအချို့၌ ထိပ်တိုက်တွေ့မှု ဖြစ်စဉ်များတွင် အစိုးရက ငုတ်တုတ်ထိုင်ကြည့်နေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်ကလည်း အဆိုပါဆွေးနွေးပွဲတွင် ပြော ကြားသည်။

“အစိုးရက ဒီအတိုင်းကြားကနေ ထိုင်နေတယ်။ ဘာမှ ဦးဆောင်မှုမပေးနိုင်ဘူး။ ဒါ ကျွန်တော်တို့ အတွေ့အကြုံဖြစ်တယ်။ကျွန်တော်အခုပြောတာ အပြုသဘောနဲ့ ပြောတာဖြစ်တယ်။ တိုင်းပြည်က ဒါတွေသိဖို့လိုတယ်။ဒါတွေသိမှ ဒါတွေ ကျွန်တော်တို့အ ခက်အခဲတွေကို တိုင်းပြည်က ဝိုင်းပြီးမှကူ နိုင်မယ်လို့ ကျွန်တော်ထင်တယ်။ အကျိုးဆောင်ပေးရုံနဲ့တော့ မလုံလောက်ဘူး။ အစိုးရတစ်ရပ်က ဦးဆောင်ဖို့ပဲ။ တိုင်းပြည်ကို အုပ်ချုပ်တာ ဦးဆောင်ဖို့ပဲ။ ကောင်းမွန်တဲ့စနစ်တွေ ချမှတ်နိုင်ဖို့အတွက် ဦးဆောင်ဖို့ပဲ။ကြားဝင်ပေးရုံလောက်နဲ့တော့ မလုံလောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်”ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ယခုပြုလုပ်သည့် ဆွေးနွေးပွဲတွင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာ ဇာလင်းနှင့်တိုင်းရင်းသားလူမျိုးများရေးရာစင်တာမှ ဒုတိယအလုပ်အမှုဆောင် ဒါရိုက်တာ ဒေါက်တာပညာမွန်တို့လည်း ပါဝင်ဆွေး နွေးခဲ့ကြသည်။

ငြိမ်းချမ်းရေးခရီးလမ်းသည် ဝေးလွန်းသော်လည်း အားမလျှော့ရန်လိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နောက်ကြောင်းပြန်မလှည့်ဟု သန္နိဋ္ဌာန်ချထားကာအဆိုပါ ခရီးကို ဆက်သွားမည်ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

Most Read

Most Recent