(၇၁) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားများ မြန်မာနိုင်ငံ ဒေသအနှံ့တွင် ကျင်းပ

(၇၁) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားများ မြန်မာနိုင်ငံ ဒေသအနှံ့တွင် ကျင်းပ
Published 20 July 2018

၂၀၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများတွင် တက်ရောက် ဂါရဝပြုကြသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်အကြီးအကဲများ၊ ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်-ကျော်ဇင်ဖြိုး-စည်သူ)

(၇၁) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားများကို မြန်မာနိုင်ငံ ဒေသအနှံ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

■ (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အာဇာနည် ခေါင်းဆောင်များ၏ မိသားစုဝင်များ တက်ရောက် ဂါရဝပြု

၂၀၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ဇူလိုင် ၁၉ ရက် နံနက်တွင် ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အာဇာနည် ခေါင်းဆောင်များ၏ မိသားစုဝင်များ တက်ရောက် ဂါရဝပြုခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက် အလေးပြုခဲ့ကြောင်း သိရသည်။

အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်သော သခင်မြ၏ မိသားစု၊ ဒီးဒုတ် ဦးဘချို၏ မိသားစု၊ ဦးဘဝင်း၏ မိသားစု၊ မန်းဘခိုင်၏ မိသားစု၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်း၏ မိသားစု၊ ဦးရာဇတ်၏ မိသားစု၊ ဦးအုန်းမောင်၏ မိသားစု၊ ရဲဘော်ကိုထွေး၏ မိသားစုဝင်များက တစ်ဖွဲ့ချင်းစီ တက်ရောက် ဂါရဝပြုခြင်း၊ လွမ်းသူ့ပန်းခွေ ချခြင်းနှင့် အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ မြန်မာနိုင်ငံရှိ သံရုံးများမှ သံအမတ်ကြီးများ၊ NGO များလည်း တက်ရောက်၍ လွမ်းသူ့ ပန်းခွေချခြင်းနှင့် အလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

အာဇာနည်ဗိမာန် အခမ်းအနား၌ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးကို ဥသြဆွဲ၍ အလေးပြုခြင်းများ ပြုလုပ်ခဲ့ပြီး နံနက် ၁၁ နာရီတွင် အာဇာနည်ဗိမာန် ပြင်ပတွင် စောင့်ဆိုင်းနေသည့် ပြည်သူများအား အာဇာနည် ခေါင်းဆောင်ကြီးများကို ဂါရဝပြုရန် ခွင့်ပြုကာ ပြည်သူများကို အုပ်စုခွဲ၍ အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုခြင်းများ ပြုလုပ်ပေးခဲ့သည်။

အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည်ဗိမာန်ကို ပြီးခဲ့သည့်၂၀၁၆ ခုနှစ်ကစ၍ မူလ ဗိသုကာပညာရှင်များ၏ မူရင်းဒီဇိုင်းအတိုင်း ပြန်လည် အကြီးစားပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ကြယ်ဖြူနေရာတွင် ဖောက်ထွင်းကာ ကြွေလွင့်သွားသည့်ကြယ် အထိမ်းအမှတ်အဖြစ် မြက်ခင်းပြင်တွင် ထားရှိခြင်း၊ အာဇာနည် ကိုးဦး၏ နာမည်အသီးသီးပါ ဂရင်းနိုက် ကျောက်ပြားများကို လဲလျောင်းပုံသဏ္ဌာန် ထားရှိခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျန်အာဇာနည်များ၏ ကိုယ်ရေးအကျဉ်းများ၊ ဗိုလ်ချုပ်၏ အောင်ဆန်းမိန့်ခွန်း ကောက်နုတ်ချက်များပါ ဂရစ်ဖစ်ဘုတ်များအား ပြည်သူများ လေ့လာနိုင်ရန် ထားရှိခြင်းတို့ ဆောင်ရွက်ထားကာ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန် အာဇာနည်နေ့ အမှတ်တရစာအုပ်များ ဝေငှခဲ့သည်။

■ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော အတွင်းဝန်ရုံးတွင် ပြည်သူများ ဂါရဝပြု

အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများ ရုံး) တွင် ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရုံးဝင်းအတွင်းရှိ အာဇာနည်ကျောက်တိုင်ကို ပြည်သူများစွာ ဂါရဝပြုခဲ့ကြသည်။

နံနက်ပိုင်း ၇ နာရီ မိနစ် ၃၀ တွင် အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) ၏ အာဇာနည် ကျောက်တိုင်နေရာတွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပကာ အလေးပြုခဲ့ကြောင်း၊ အာဇာနည်များ ကျဆုံးခြင်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံ တစ်ဝက် လွှင့်ထူခဲ့ကြောင်း သိရသည်။

အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးရာ အတွင်းဝန်ရုံးတွင် လာရောက် ဂါရဝပြုသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ယခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ကိုးဦး ကျဆုံးခဲ့သော အခန်းနေရာသို့ ပြည်သူများကို ဝင်ရောက်ခွင့် မပြုတော့ဘဲ အခန်းနေရာကို ကင်မရာဖြင့် ရိုက်ကာ အောက်ထပ်တွင် ပရိုဂျက်တာဖြင့် ပြန်လည်ပြသခဲ့ကြောင်း သိရသည်။

ထို့ပြင် အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) အတွင်းရှိ မြန်မာနိုင်ငံ၏ ပထမဆုံး လွှတ်တော်အတွင်းသို့လည်း ဝင်ရောက် လေ့လာခွင့်ပြုထား၍ ပြည်သူများ လေ့လာခဲ့ကြပြီး အတွင်း၌ အာဇာနည်ခေါင်းဆောင်ကြီးများ အထိမ်းအမှတ် ကလေးများ ရေးဆွဲထားသော ပန်းချီကားများ၊ ပညာရှင်များ ပြုလုပ်ထားသော အနုပညာပြကွက်များ၊ အာဇာနည် ကိုးဦး ၏ ရုပ်ပုံနှင့် ကိုယ်ရေးအချက်အလက်များ ပြသထားသည်။

■ အာဇာနည်ဗိမာန်သို့ ပြည်သူလူထု သိန်းနှင့်ချီ လာရောက် ဂါဝရပြု

ဇူလိုင် ၁၉ ရက်က ကျရောက်သော (၇၁) နှစ်ပြည့် အာဇာနည်နေ့တွင် အာဇာနည် ခေါင်းဆောင်များ၏ ဂူဗိမာန်ရှိရာ အာဇာနည်ကုန်းသို့ ပြည်သူလူထု သိန်းနှင့်ချီ၍ လာရောက် ဂါရဝပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အာဇာနည်ကုန်းသို့ လာရောက် ဂါဝရပြုသူများသည် နံနက် ၇ နာရီ မထိုးခင်ကပင် ရောက်ရှိနေကြခြင်းဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၏ လုံခြုံရေးအရ တားမြစ်ထားခြင်းကြောင့် အာဇာနည်ကုန်း အပြင်ဘက်တွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

■ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့ လာရောက် လေ့လာသူ၊ ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်သို့ လာရောက် ဂါရဝပြုသူ များပြား

ဇူလိုင် ၁၉ ရက်တွင် ကျရောက်သော (၇၁) နှစ်ပြည့် အာဇာနည်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နှင့် ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တွင် လာရောက် ဂါရဝပြုသူများ၊ လေ့လာသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၊ ကန်ပတ်လမ်းအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် ဂါရဝပြုခြင်း၊ လွမ်းသူ့ပန်းခွေ ချခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်သူများဖြင့် စည်ကား များပြားခဲ့ပြီး ၁၀ နာရီ ၃၇ မိနစ်တွင် လာရောက် ဂါရဝပြုသူများက တစ်မိနစ်ခန့် ငြိမ်သက်ပြီး နိုင်ငံတော်သီချင်း သီဆိုခြင်း၊ အဆိုပါ ဗိုလ်ချုပ်ကြေးရုပ် အနီးရှိ နတ်မောက်လမ်းတွင် သွားလာနေသည့် ယာဉ်များမှာလည်း ရပ်တန့်ပြီး ဟွန်းများ သံရှည်တီးခြင်း၊ လူနာတင်ယာဉ်များမှလည်း ဥသြသံရှည် ဆွဲခြင်းဖြင့် ဂါရဝပြုခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်တုတွင် လာရောက် ဂါရဝပြုသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ထက်ခိုင်)

အလားတူ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်တွင်လည်း လာရောက် လေ့လာသူများဖြင့် စည်ကားခဲ့ပြီး အဆိုပါ ဗိုလ်ချုပ်ပြတိုက်ရှိသော ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်လမ်းတွင် အအေးများ၊ စတုဒိသာ တိုက်ကျွေးသူများ၊ ဗိုလ်ချုပ်အောင်ဆန်းစာအုပ် ဝေငှသူများ၊ ဗိုလ်ချုပ်ပုံနှင့် အမှတ်တရ ခေါင်းစည်းများ ရောင်းချသူများလည်း ရှိခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်သူများသည် အိတ်များ၊ လက်ကိုင်ဖုန်းများ ယူဆောင်ခွင့် မရှိသောကြောင့် ပါလာသည့် ပစ္စည်းများအား ငွေပေးပြီး အပ်နှံသည့် ဆိုင်များတွင် အပ်နှံခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ အသင်းကတော့ အဖြူရောင် စေတနာပရဟိတ အသင်းဆိုပြီးတော့ ခေါင်းစဉ်လေးနဲ့ ဖွဲ့ထားတာပါ။ ကျွန်တော်တို့က ရက်ကြီးအခါကြီး ဒီလိုရက်မျိုး၊ အာဇာနည်ရက်မျိုး၊ အထိမ်းအမှတ်ရှိတဲ့ ရက်ဆို ကျွန်တော်တို့ တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ ကျွန်တော်တို့ ပရဟိတလုပ်တာတို့ အလှူအတန်းလေးတွေ လုပ်တာတို့ လုပ်တယ်။ ဒီနေ့က အအေးနဲ့ ကြာဆန်ကြော် ကျွေးပါတယ်” ဟု အဆိုပါ ဗိုလ်ချုပ်ပြတိုက်အနီးတွင် အအေး၊ စတုဒိတာ တိုက်ကျွေးနေသူ အဖြူရောင် စေတနာပရဟိတအသင်းမှ တာဝန်ခံ ကိုဖြိုးက ပြောကြားသည်။

■ (၇၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုရုံးချုပ်တွင် ပြုလုပ်

ကျဆုံးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို သတိရ ဂုဏ်ပြုသောအားဖြင့် (၇၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုရုံးချုပ်တွင် ဇူလိုင် ၁၉ ရက် နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နံနက် အစောပိုင်းတွင် NLD အဖွဲ့ချုပ်ရုံး၌ သံဃာတော် ငါးပါးအား ဝါဆိုသင်္ကန်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း ပြုလုပ်ခဲ့သည်။

ထို့နောက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို ပါတီအဖွဲ့ဝင်များ၊ တက်ရောက်လာသော ပြည်သူများနှင့် ကျောင်းသားကျောင်းသူများက ဥသြဆွဲ၍ အလေးပြုခဲ့ကြသည်။

■ ဦးရာဇတ်နှင့် ရဲဘော် ကိုထွေးတို့၏ အုတ်ဂူများသို့ လာရောက် ဂါရဝပြု

အာဇာနည် ကိုးဦးတွင် ပါဝင်သော ဦးရာဇတ်နှင့် ရဲဘော် ကိုထွေးတို့၏ အုတ်ဂူများသို့၎င်းတို့၏ ဆွေမျိုးများက ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက လာရောက် ဂါရဝပြု ဆုတောင်းပွဲ ပြုလုပ်ကြောင်း သိရသည်။

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အစ္စလာမ်သုသာန်တွင် မြှုပ်နှံထားသော အာဇာနည်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးရာဇတ်နှင့် ရဲဘော် ကိုထွေးတို့၏ အုတ်ဂူများသို့ ၎င်းတို့၏ ဆွေမျိုးများက ၎င်းတို့၏ ဘာသာထုံးတမ်း စဉ်လာအတိုင်း လာရောက် ဂါရဝပြုကြသည်။

အာဇာနည် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေး၏ ဂူဗိမာန်တွင် ၎င်းတို့၏ မိသားစုဝင်များ၊ ဘာသာဝင်များက ပန်းခွေချ ဂါရဝပြုစဉ် (ဓာတ်ပုံ-လွင်မျိုးသူ)

ထို့ပြင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ် စသည့် ဘာသာကြီး လေးခုမှ ဆုတောင်းဝတ်ပြုပွဲလည်း ကျင်းပခဲ့ပြီး ဆုတောင်းပွဲသို့ ဦးရာဇတ်၏ သား၊ ရဲဘော်ကိုထွေး၏ တူမ ဒေါ်မမကြီးနှင့် ၎င်းတို့၏ ဆွေမျိုးများ တက်ရောက်ခဲ့သည်။

■ အာဇာနည် ခေါင်းဆောင်ကြီးများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကားဟွန်းတီး၍ အလေးပြု

(၇၁) နှစ်မြောက် အာဇာနည်နေ့ ဖြစ်သော ဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကျောက်တံတားမြို့နယ်၊ ဆူးလေစေတီအနီး မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်၏ ဟွန်းဖြင့် ဥသြဆွဲပြီး ဂါရဝပြုကြပြီး လမ်းသွားလမ်းလာ မော်တော်ယာဉ် အားလုံးကလည်း ရပ်တန့်၍ ကားဟွန်းသံများဖြင့် အလေးပြုခဲ့ကြသည်။

(၇၁) နှစ်မြောက် အာဇာနည်နေ့တွင် မီးပွိုင့်များ စိမ်းနေသော်လည်း ဥသြဆွဲနေစဉ် ယာဉ်များ ရပ်နားထားသည်ကို ရန်ကုန်မြို့လယ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ထို့သို့ ကားဟွန်းသံများဖြင့် ဥသြဆွဲ၍ အလေးပြုနေချိန်တွင် ခရီးသွား ပြည်သူများကလည်း မိမိရောက်ရှိသည့် နေရာ၌ မတ်တတ်ရပ် ငြိမ်သက်စွာ အလေးပြုနေသည်ကို တွေ့ခဲ့ရသည်။

■ တောင်ဥက္ကလာပ ပန်းခြံ ဗိုလ်ချုပ်ကြေးရုပ်တုတွင် လာရောက် ဂါရဝပြုသူများဖြင့် စည်ကား

တောင်ဥက္ကလာပ ပန်းခြံ ဗိုလ်ချုပ်ကြေးရုပ်အား (၇၁) နှစ်ပြည့် အာဇာနည်နေ့တွင် လာရောက် ဂါရဝပြုသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

(၇၁) နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို တောင်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုကရေကစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ လူငယ်ပရဟိတ အဖွဲ့ဝင်များနှင့် မြို့သူမြို့သားများ တက်ရောက် ဂါရဝပြုခဲ့ကြသည်။

■ နေပြည်တော်

အာဇာနည် ခေါင်းဆောင်များအား ရည်စူးကာ နိုင်ငံတော်သမ္မတနှင့်ဇနီး အပါအဝင် ပြည်ထောင်စုဝန်ကြီးများ ရေစက်သွန်းလောင်း အမျှဝေခြင်းအား နေပြည်တော်ကောင်စီအတွင်းရှိ ဇဗ္ဗူသီရိခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၁) နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးများက အာဇာနည်ခေါင်းဆောင်များအား ရည်စူးကာ သံဃာတော်များအား နေ့ဆွမ်းကပ်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်သွန်းလောင်း အမျှဝေခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

■ ဟင်္သာတမြို့

အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ဇာတိဒေသ ဟင်္သာတ၌ (၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။

အဆိုပါ အာဇာနည်နေ့ အခမ်းအနားကို ဟင်္သာတမြို့လယ်ရှိ အာဇာနည်ဗိမာန်၌ ဇူလိုင်လ ၁၉ ရက် နံနက် ၈ နာရီက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ခွဲက အလေးပြုခြင်း အစီအစဉ်ကို ဦးဆောင် ပြုလုပ်ခဲ့သည်။

(၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဟင်္သာတမြို့နယ် အာဇာနည်ဗိမာန်တွင် ကျင်းပစဉ် (ဓာတ်ပုံ-အောင်ကျော်မျိုး)

ယင်းအခမ်းအနားသို့ ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပါတီအသီးသီးမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ဆွေမျိုးများ စုပေါင်းအလေးပြုကာ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြသည်။

■ မော်လမြိုင်မြို့

မော်လမြိုင်မြို့တွင် (၇၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားအား ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီက မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ရင်ပြင်၌ ပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့ အာဇာနည်နေ့ အခမ်းအနားတွင် လွမ်းသူ့ပန်းခွေချနေစဉ် (ဓာတ်ပုံ-သက်ပိုင်ဇော်)

နံနက် ၉ နာရီမှ စတင်ကာ မော်လမြိုင်မြို့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ရာ သံလွင်ဥယျာဉ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ရင်ပြင်သို့ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ ဆရာများသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ မြို့ခံပြည်သူများမှ လွမ်းသူ့ပန်းခွေ၊ ပန်းခြင်းနှင့် ပန်းစီးများချကာ ဂါရဝပြုခဲ့ကြပြီး အာဇာနည် ခေါင်းဆောင်များ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥသြဆွဲသံနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း ရင်ပြင်အတွင်းရှိ နေရာများအပြင် လမ်းမများပေါ်တွင် သွားလာနေကြသော ယာဉ်၊ ဆိုင်ကယ်များလည်း ရပ်တန့်ကာ အာဇာနည် ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုခဲ့ကြသည်။

■ ပဲခူးမြို့

ပဲခူးမြို့လယ်ကောင်ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ဇူလိုင် ၁၉ ရက် နံနက် ၇ နာရီမှ စ၍ (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အာဇာနည်နေ့ အခမ်းအနားတွင် အဖွဲ့အစည်း အသီးသီးမှ လွမ်းသူပန်းခွေချခြင်း၊ အလေးပြုခြင်းများ ပြုလုပ်၍ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် တက်ရောက်လာသော လူထုအားလုံးမှ တညီတညွတ်တည်း အလေးပြုပြီး ပဲခူးတစ်မြို့လုံးရှိ မီးသတ်ကားများက နှစ်မိနစ်ခန့် ဥသြဆွဲသံများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

■ မြဝတီ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၁ ရပ်ကွက်ရှိ အာဇာနည်ပန်းခြံအတွင်းတွင် ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီခန့်က စတင်ကာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါရဝပြုကာ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

NCA လက်မှတ် ရေးထိုးထားသည့် DKBA ၊ KNU ၊ KNU/KNLA စသည့် တိုင်းရင်းသား လက်နက်ကိုင်များလည်း လာရောက်၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြု အလေးပြုခဲ့ကြသည်။

■ ဘားအံမြို့

(၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ ဘားအံမြို့ အမှတ်(၃) ရပ်ကွက် အာဇာနည်ကျောက်တိုင်၌ ကျင်းပရာ အစိုးရအဖွဲ့အစည်း၊ ပြည်နယ်လွှတ်တော်၊ လူမှုရေး၊ နိုင်ငံရေးပါတီတို့မှ အင်အား ၃၀၀၀ ကျော် ချီတက် အလေးပြုခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော်အတွင်း အစည်ကားဆုံး အာဇာနည်နေ့ အခမ်းအနား ဖြစ်ခဲ့ကြောင်း သိရသည်။

(၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့ အာဇာနည်ကျောက်တိုင်တွင် ကျင်းပစဉ် (ဓာတ်ပုံ-စိုးစိုး)

(၇၁) နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်များ အောက်မေ့ဖွယ်ရာအဖြစ် ကရင်ပြည်နယ် အစိုးရအဖွဲ့က ဘားအံမြို့ အမှတ် ၉ ရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် နေ့ဆွမ်း ဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

■ မိတ္ထီလာမြို့

၂၀၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်က (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မိတ္ထီလာမြို့ မြို့မရပ်ရှိ အာဇာနည်ကျောက်တိုင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

■ စစ်ကိုင်းမြို့

စစ်ကိုင်းမြို့ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ၌ ဇူလိုင် ၁၉ နံနက်တွင် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် နိုင်ငံတော်အလံ တိုင်ဝက် လွှင့်ထူခြင်း၊ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခြင်း၊ အာဇာနည် ခေါင်းဆောင်များ ကျဆုံးသည့်အချိန် ၁၀ နာရီ ၃၇ မိနစ်တွင် ဥသြဆွဲခြင်း၊ တစ်မိနစ် ငြိမ်သက်စွာ အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

■ မြိတ်မြို့

(၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ အာဇာနည် ကျောက်တိုင်တွင် ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ တစ်စုတစ်စည်းတည်း ကျင်းပခဲ့ကြောင်း သိရသည်။

ယခင်နှစ်များက ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်နှင့် အာဇာနည်ကျောက်တိုင်တွင် သီးခြားစီ ကျင်းပခဲ့ကြသော်လည်း ယခုနှစ်တွင် တစ်စုတစ်စည်းတည်း ကျင်းပခဲ့ကြောင်း သိရသည်။

အာဇာနည်ကျောက်တိုင်သို့ ရပ်/ကျး အသီးသီးမှ ပြည်သူများ၊ ပါတီများ၊ ဌာနဆိုင်ရာများနှင့် အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်ကာ လွမ်းသူ့ပန်းခွေ ချခြင်း၊ အလေးပြုခြင်းနှင့် ဥသြဆွဲ ငြိမ်သက်ကာ အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြိတ်ခရိုင် တနင်္သာရီမြို့တွင်လည်း အန္တရာယ်ရေအမှတ်၂၄ ပေထက် ကျော်လွန် ရောက်ရှိနေသော်လည်း ဒေသခံများက အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြကြောင်း သိရသည်။

■ ခန္တီးမြို့

(၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ဘောလုံးကွင်းရှိ မြို့နယ် အားကစားခန်းမတွင် ဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြသည်။ ထိုအခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ကချင်၊ ရှမ်း၊ ချင်း၊ နာဂ၊ လီဆူး တိုင်းရင်းသားများနှင့် ခန္တီးမြို့ ပြည်သူများ စုစုပေါင်း အင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

■ တောင်ကြီးမြို့

(၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုရှိရာ ဗိုလ်ချုပ်ပန်းခြံတွင် လူဦး ရေ ၅၀၀၀၀ ကျော် လာရောက် ဂါရဝပြုခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့နယ်အတွင်းရှိ အစိုးရ စာသင်ကျောင်းများ၊ ပုဂ္ဂလိက စာသင်ကျောင်းများ၊ သူနာပြုဆရာမများ၊ တက္ကသိုလ်ကျောင်း လေးခုမှ ကျောင်းသားကျောင်းသူများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက်ရောက်၍ လွမ်းသူ့ပန်းခွေများ ချခြင်း၊ အလေးပြုခြင်းတို့ကို မိမိတို့ အစုအဖွဲ့အလိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

■ မန္တလေးမြို့

မနော်ရမ္မံကွင်းအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုရှေ့၌ ပြုလုပ်ခဲ့သည့် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ မြို့ခံပြည်သူများ၊ တောင်သူလယ်သမားများ တက်ရောက် ဂါရဝပြုခဲ့ကြသည်။ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးချိန်ဖြစ်သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မဟာမြိုင်ရပ်ကွက် မီးသတ်ဌာနက အချက်ပေးဥသြဆွဲကာ လမ်းမပေါ်တွင် သွားလာလျက်ရှိသည့် ယာဉ်များမှလည်း ရပ်တန့်၍ ဟွန်းတီး၍ ဂါရဝပြုခဲ့ကြသည်။

(၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများကို မန္တလေးမြို့ရှိ နေရာအသီးသီးတွင် ကျင်းပခဲ့ပြီး မန္တလာသီရိ ဘောလုံးအားကစားကွင်း၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ဗိုလ်ချုပ်ရုပ်တု ရင်ပြင်၊ မနော်ရမ္မံကွင်း အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုရင်ပြင်၊ မန္တလေးဈေးချိုတော်၊ ရတနာပုံတက္ကသိုလ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံ၊ မန္တလေး အာဇာနည် ၁၇ ဦးတို့၏ ဂူဗိမာန် အစရှိသည့် နေရာအသီးသီးတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။

■ ညောင်ဦးမြို့

ညောင်ဦးမြို့တွင် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား နှစ်စဉ် ကျင်းပမြဲဖြစ်သော အနော်ရထာလမ်းမဘေးရှိ အာဇာနည်ကျောက်တိုင်ကွင်းတွင် ဇူလိုင်လ ၁၉ ရက် နံနက်တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများ စုစုပေါင်း အင်အား ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

■ တောင်ငူမြို့

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ပြီး အခမ်းအနားအား တောင်ငူမြို့ မြို့မမိုင်ဒါ အားကစားကွင်း တောင်ဘက်ရှိ အာဇာနည်ကျောက်တိုင်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

■ ပခုက္ကူမြို့

(၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား ပခုက္ကူမြို့ရှိ တက္ကသိုလ်/ကောလိပ် အသီးသီးမှ ကျောင်းသားသမဂ္ဂများ အခြေခံကျောင်းသား၊ ကျောင်းသူများ လူမှုရေးအသင်းအဖွဲ့များ၊ (၈၈) ငြိမ်း/ပွင့်၊ ကဗျာဆရာများသမဂ္ဂ၊ သခင်ကိုယ်တော်မှိုင်းကွန်ရက် နိုင်ငံရေး အကျဉ်းသားဟောင်းသားနှင့် ပြည်သူများ စုပေါင်း၍ အမှတ် (၂)ဈေး ဧရိယာအတွင်း ထည့်သွင်းခံထားရသည့် အာဇာနည်ကျောက်တိုင်သို့ သွားရောက် ဂါရဝပြုခဲ့ကြသည်။ ပခုက္ကူမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်းတွင်လည်း ယာယီ အာဇာနည်ဗိမာန်တစ်ခု တည်ဆောက်ပြီး ဌာနဆိုင်ရာများ နိုင်ငံရေးပါတီများနှင့် ပြည်သူများ သွားရောက် ဂါရဝပြုကြ သည်။

■ အောင်လံမြို့

(၇၁) နှစ်မြောက် အခမ်းအနားကို အောင်လံမြို့ ဗိုလ်ချုပ်ပန်းခြံတွင် ဇူလိုင် ၁၉ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီး ကိုးဦးအား ရပ်ကွက်အလိုက် လွမ်းသူ့ပန်းခွေများ ချခြင်း၊ ဌာနဆိုင်ရာများ၊ ပြည်သူများက အလေးပြုခြင်းများ ပြုလုပ်ခဲ့ပြီး ၁၀ နာရီ ၃၇ မိနစ်တွင် ဥသြဆွဲခြင်းနှင့် ငြိမ်သက်စွာ အလေးပြုခြင်းများ ပြုလုပ်ခဲ့သည်။

■ လားရှိုး

(၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက် (၈) နာရီက လားရှိုးမြို့ အာဇာနည်ကျောက်တိုင်ကွင်းတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာကြသူများက ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်သတိရခြင်း အနေဖြင့် နှစ်မိနစ်ခန့် ငြိမ်သက်ကာ အလေးပြုခဲ့ကြကြောင်း သိရသည်။

■ ထားဝယ်

တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ တွင် (၇၁)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ထားဝယ်မြို့ရှိ NLD ကျောက်တိုင် ပန်းခြံနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က တည်ဆောက်ထားသည့် အာဇာနည်ရင်ပြင်တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ နှင့် ထားဝယ်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ကျင်းပခဲ့သည့် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားကို ထားဝယ်မြို့ရှိ ပုထိုးကျောင်းတိုက်တွင် ကျင်းပခဲ့ပြီး မြန်မာ့လွတ်လပ်ရေးအတွက် ကျဆုံးခဲ့သူများအား ရည်စူး၍ အရုဏ်ဆွမ်းကပ်လှူခြင်းနှင့် ကျောင်းသားများအတွက် စာရေးကိရိယာများ လှူဒါန်းခြင်းကို ပြုလုပ်ခဲ့သည်။

အာဇာနည်နေ့ အခမ်းအနားကို ဒေသခံများ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရှိ အခြေခံ ပညာကျာင်းများမှ ကျောင်းသားများ၊ တိုင်းဒေသကြီး လွှတ်တော်၊ အစိုးရအဖွဲ့တို့မှ လွမ်းသူပန်းခွေများ လာရောက်ချထား အလေးပြုခဲ့ကြပြီး အာဇာနည်ကိုးဦး ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အလေးပြုပြီး ဥသြဆွဲကာ တစ်မိနစ် ငြိမ်သက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent