သရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟု ဆိုကာ အိမ်အကူ အမျိုးသမီး၏ တိုင်တန်းမှုသည် လီဆယ် တိုင်တန်းခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်

သရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟု ဆိုကာ အိမ်အကူ အမျိုးသမီး၏ တိုင်တန်းမှုသည် လီဆယ် တိုင်တန်းခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်
Published 19 July 2018

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်နှင့် ဒေါ်ညိုတို့၏ ဓာတ်ပုံ

သရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟု ဆိုကာ အိမ်အကူ အမျိုးသမီး၏ တိုင်တန်းမှုမှာ လီဆယ်တိုင်တန်းခြင်း ဖြစ်ကြောင်း ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုကို ဇူလိုင် ၁၄ ရက် ညပိုင်းက အိမ်အကူအမျိုးသမီး ဖြစ်သည့် မကွေးတိုင်းဒေသကြီးနေ ဒေါ်ခင်မာမြင့် (၄၀) နှစ်က သက်ဆိုင်ရာ သုဝဏ္ဏနယ်မြေရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ရဲစခန်း က (ပ) ၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားလို ဒေါ်ခင်မာမြင့် လာရောက် တိုင်တန်းသည့် တိုင်ကြားချက်မှာ ၎င်းသည် ဇူလိုင် ၅ ရက်က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက် ၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ သရုပ်ဆောင် သီဟတင်စိုး၏ နေအိမ်၌ တစ်လလျှင် ကျပ် ၁၅၀၀၀၀ ဖြင့် အိမ်အကူအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ကိုင်ရာတွင် ဦးသီဟတင်စိုး၏ ယောက္ခမဖြစ်သူအား ပြုစုရသည့်အလုပ်ကို အဓိကထား လုပ်ဆောင်ရကြောင်း၊ ယင်းသို့ လုပ်ကိုင်နေစဉ် ဇူလိုင် ၁၃ ရက် နံနက် ၈ နာရီတွင် ဦးသီဟတင်စိုးမှာ အပြင်သို့ ထွက်သွား့ကြောင်း၊ ထို့နောက် ဦးသီဟတင်စိုး၏ ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့မှာလည်း မွန်းလွဲပိုင်းတွင် နေအိမ်မှ ထွက်သွားသဖြင့် အိမ်ထဲတွင် ဒေါ်ခင်မာမြင့်နှင့် ၎င်းပြုစုရသည့် အဘွားတို့ နှစ်ဦးတည်းသာ ကျန်ရှိခဲ့သည်ဟု တိုင်တန်းချက်တွင် ပါရှိကြောင်း သိရသည်။

ယင်းသို့ ထွက်သွားခဲ့ပြီးနောက် ည ၇ နာရီတွင် ဦးသီဟတင်စိုးမှာ နေအိမ်သို့ ပြန်လည် ရောက်ရှိလာကြောင်း၊ ထို့နောက် ဒေါ်ခင်မာမြင့်မှာ ၎င်းပြုစုရသည့် အဘွားကို လိုအပ်သည်များ ပြုလုပ်ပေးပြီး အခန်းအတွင်းရှိ ခုတင်ပေါ်တွင် ထိုင်နေစဉ် ဦးသီဟတင်စိုးမှာ ပုဆိုးဝတ်ဆင်လျက် အင်္ကျီမပါရှိဘဲ အခန်းအတွင်းသို့ ရောက်ရှိလာကာ ဒေါ်ခင်မာမြင့်ကို တွန်းလှဲပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်တွင် ပါရှိသည်။

ထိုသို့ တိုင်တန်းသဖြင့် ရဲတပ်ဖွဲ့က ရဲလုပ်ငန်းစဉ်များအတိုင်း စစ်ဆေး ဆောင်ရွက်ခဲ့ရာ တရားလို ဒေါ်ခင်မာမြင့်မှာ အခြားနာမည်နှစ်မျိုး ထပ်မံရှိပြီး ၎င်းနာမည် နှစ်မျိုးမှာ ညိုညိုဆိုသည့် နာမည်နှင့် ဇင်မာမြင့်ဆိုသည့် နာမည်တို့ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် လေးနှစ်ခန့်က ၎င်း၏ ခင်ပွန်းဖြစ်သူ လေဖြတ်သွားခဲ့ပြီးနောက် စားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူအလုပ်ကို လုပ်ကိုင်ရန် ဒေါ်ညိုဆိုသူနှင့် ဆက်သွယ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် မခင်မာမြင့် (ခ) ညိုညို (ခ) မဇင်မာမြင့်အား ဒေါ်ညိုက အိမ်အကူအလုပ်ကို လုပ်၍ အိမ်ရှင်ယောကျ်ားများအား မြှူဆွယ်ပြီး မုဒိမ်းမှုဖြစ်အောင် ပြုလုပ်ရမည်နှင့် အမှုဖြစ်ပါက ငွေကြေးညှိနှိုင်းသည့် ကိစ္စကို ၎င်းက တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ လုပ်ကြံဖန်တီး၍ ရရှိသည့်ငွေများကို တစ်ယောက်တစ်ဝက် ခွဲဝေယူမည်ဟု ပြောဆို သင်ကြားပေးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သရုပ်ဆောင် သီဟတင်စိုး၏ နေအိမ်တွင် အလုပ်လုပ်ကိုင်ရန် ဒေါ်ညိုကပင် ဆက်သွယ်ပေးခဲ့ပြီး ဇူလိုင် ၅ ရက်တွင် အဆိုပါ နေအိမ်၌ အလုပ်ဝင်ကာ ဒေါ်ဇင်မာဦး၏ မိခင်ဖြစ်သူကို ပြုစုရသည့်အလုပ် လုပ်ကိုင်ခဲ့ရကြောင်း၊ ယင်းသို့ လုပ်ကိုင်နေစဉ် ဒေါ်ဇင်မာဦး မရှိခိုက် သီဟတင်စိုးက ၎င်းအား သားမယားပြုကျင့်သည်ဟု လိမ်ညာပြောဆိုပြီး အမှုဖွင့်ရန် ဒေါ်ညိုက သင်ကြားပေးခဲ့သဖြင့် ယခုလို အမှုဖွင့်ရခြင်းဖြစ်သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ ဒေါ်ညို (၆၅ နှစ်) ကို စစ်ဆေးရာ ၎င်းက ခင်မာမြင့် (ခ) ညိုညို (ခ) ဇင်မာမြင့်အား သီဟတင်စိုးက သားမယားပြုကျင့်ခဲ့သည်ဟု ဆိုကာ ရဲစခန်း၌ သွားရောက် အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါက ၎င်းက ဈေးစကားပြောပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် သရုပ်ဆောင် သီဟတင်စိုးက သားမယားပြုကျင့်ခဲ့သည်ဟု ဆိုကာ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးထံ သွားရောက်ကာ အဆိုပါ နစ်နာမှုအတွက် ကျပ်သိန်း ၁၀၀ ပေးပါက ကျေနပ်မည် ဖြစ်ကြောင်း သွားရောက် ညှိနှိုင်းရာ အဆင်မပြေသဖြင့် ရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးရာ ပြီးခဲ့သည့် လေးနှစ်ခန့်က ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် ဒေါ်ခင်မာမြင့် (ခ) ညိုညို(ခ) ဇင်မာမြင့်မှာ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်ရှိ နေအိမ် တစ်အိမ်တွင် လစာကျပ် တစ်သိန်းခွဲဖြင့် အိမ်အကူအလုပ် စတင် လုပ်ကိုင်ခဲ့ပြီး အဆိုပါအိမ်ရှိ အမျိုးသမီး၏ ခင်ပွန်းမှာ ဗိုလ်မှူး(ငြိမ်း) တစ်ဦးဖြစ်ကြောင်း ၊ ယင်းအိမ်တွင် အိမ်အကူ လုပ်ကိုင်ရင်း အိမ်ရှင်အမျိုးသားကို မြှူဆွယ်ရန် အဆင်မပြေသဖြင့် တစ်နှစ်ခန့် အကြာတွင် အလုပ်မှ ထွက်ခဲ့ကြောင်း၊ ဒုတိယအကြိမ် အိမ်အကူ အလုပ်ကိုလည်း ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် ပုဇွန်တောင်မြို့နယ် ဈေးအနီးရှိ နေအိမ်တစ်အိမ်တွင် လုပ်ကိုင်ခဲ့ပြီး အဆိုပါ နေအိမ်တွင် မြှူဆွယ် ဖန်တီးရန် ယောကျ်ားမရှိသဖြင့် အဆင်မပြေ၍ အလုပ်မှ ထွက်ခဲ့ကြောင်း သိရသည်။

တတိယအကြိမ် အိမ်အကူအလုပ်ကိုလည်း ဒေါ်ညိုကပင် ဆက်သွယ်ပေးခဲ့ပြီး ဗဟန်းမြို့နယ်ရှိ သရုပ်ဆောင်နေဆန်း၏ နေအိမ်တွင် လုပ်ကိုင်ခဲ့ကြောင်း၊ ၎င်း အလုပ်ဝင်သည့်အချိန်တွင် သရုပ်ဆောင် နေဆန်းတို့ လင်မယားနှစ်ဦးမှာ ခရီးထွက်နေပြီး နေဆန်း၏ မိခင်သာ နေအိမ်၌ ကျန်ရှိနေသဖြင့် မြှူဆွယ်ရန် အဆင်မပြေသဖြင့် အလုပ်မှ ထွက်ခဲ့ကြောင်း၊ ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် စတုတ္ထအကြိမ် အိမ်အကူအလုပ်ကို ဒဂုံအရှေ့မြို့နယ် (၉) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လုပ်ကိုင်ခဲ့ပြီး အဆိုပါ နေအိမ်တွင်လည်း ရောဂါသည် အဘွားအို တစ်ဦးတည်းသာ နေထိုင်သဖြင့် မြှူဆွယ်ရန် အဆင်မပြေသည့်အတွက် အလုပ်မှ ထပ်မံထွက်ခဲ့ကြောင်း သိရသည်။

ထိုနောက် ပဉ္စမအကြိမ် အိမ်အကူအလုပ်ကို တာမွေမြို့နယ်ရှိ တိရစ္ဆာန်ဆေးကု ဆရာဝန်အမျိုးသမီးတစ်ဦး၏ အိမ်တွင် လုပ်ကိုင်ခဲ့ပြီး ယင်းအိမ်၌လည်း အဆင်မပြေသဖြင့် အလုပ်မှ ထွက်ခဲ့ကြောင်း၊ ဆဋ္ဌမအကြိမ် အိမ်အကူအလုပ်ကိုလည်း ဒေါ်ညို၏ ဆက်သွယ်မှုနှင့်ပင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးဈေးအနီးရှိ တရုတ်လူမျိုးတစ်ဦး၏ နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ရာ အိမ်ရှင်မိသားစု ခရီးသွားနေခိုက် အဆိုပါနေအိမ်တွင်ပင် အလုပ်လုပ်ကိုင်သူ ကုလားဆိုသူက ၎င်းအား သားမယားပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း၊ ထိုသို့ ကြံစည်သည်ကို ၎င်းက ဒေါ်ညိုအား ပြန်လည်ပြောပြရာ ဒေါ်ညိုက သားမယားပြုကျင့် ခံရသည်ဟု ပြောဆိုရန် သင်ကြားပေးခဲ့ပြီး အိမ်ရှင် တရုတ်မိသားစုထံမှ လျော်ကြေးငွေ တောင်းခံခဲ့ကြောင်း၊ ထိုသို့ တောင်းခံရာ အဆင်မပြေသဖြင့် ပဲခူး အမှတ် (၃) ရဲစခန်းသို့ သွားရောက်ပြီး သားမယားပြုကျင့် ခံရသည်ဟု ပြောဆိုကာ တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သရုပ်ဆောင် သီဟတင်စိုး၏ နေအိမ်ရှေ့တွင် မီဒီယာများ စောင့်ဆိုင်းနေသည်ကို ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

ဆက်လက် စစ်ဆေးချက်အရ ယင်းကဲ့သို့ ဖြစ်စဉ်မျိုး သာကေတနယ်မြေ ရဲစခန်းတွင် မသင်းသင်းထက်အောင် ဆိုသူက တရားလို ပြုလုပ်၍ ဆရာဝန်တစ်ဦးအား အမှုဖွင့် အရေးယူပေးရန် တိုင်ကြားခဲ့ဖူးကြောင်းနှင့် ပဲခူးမြို့မရဲစခန်းတွင်လည်း ခင်မာညို(ခ)ညိုညို (ခ) ဇင်မာမြင့်က တရားလိုပြုလုပ်ကာ အမျိုးသားတစ်ဦးအား တိုင်တန်းခဲ့ဖူးကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ စစ်ဆေး ပေါ်ပေါက်ချက်များအရ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်နှင့်ဒေါ်ညို တို့ နှစ်ဦးအား ဥပဒေနှင့်အညီ အရေးယူရန် ရဲတပ်ဖွဲ့က ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

ဖြစ်စဉ်များနှင့် ပတ်သက်၍ ပရိသတ်များအား အချိန်တန်လျှင် ရှင်းပြမည် ဖြစ်ကြောင်း၊ လိုအပ်သည့် အချက်အလက်များကို စုဆောင်းနေကြောင်း စွပ်စွဲခံရသူ သရုပ်ဆောင် သီဟတင်စိုးက Pissaya မီဒီယာက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းမှုတွင် ဖြေကြားထားသည်ကို တွေ့ရသည်။

“ကိုယ့်ပရိသတ်ကို ကိုယ်ရှင်းပြမှာ။ ကိုယ်တိုင် ရင်ကော့ခေါင်းမော့ ထွက်လာပြီးတော့ကို ရှင်းပြမှာ။ အခုအချိန်မှာ အစ်ကို ပုန်းရှောင်နေတာလည်း မဟုတ်ဘူး။ ထွက်ပြေးနေတာလည်း မဟုတ်ဘူး။ အစ်ကိုမှာ ကြောက်တတ်တဲ့စိတ် တစ်စက်မှမရှိဘူး။ ဒါပေမဲ့ အစ်ကို အချိန်မကျသေးလို့ အချိန်မတန်သေးလို့ အစ်ကိုစောင့်နေတာ။ လိုအပ်တဲ့ အချက်အလက်တွေ ပြည်စုံအောင် အစ်ကို စုဆောင်းနေတယ်။ အစ်ကို တရားခံ မဟုတ်ဘူး။ အစ်ကို့မှာ ဘာအပြစ်မှမရှိဘူး။ အစ်ကို့ကို အခုလို မဖြစ်ဖြစ်အောင် ခွင်ဆင်ပြီး လုပ်တာ။ အစ်ကို ခံရတာ” ဟု သရုပ်ဆောင် သီဟတင်စိုးက ဖြေကြားထားသည်။

အဆိုပါ အိမ်အကူအဖြစ် လုပ်ကိုင်သည့် ဒေါ်ခင်မာညို (ခ) ခင်မာမြင့်၏ ထွက်ချက်များမှာ မဟုတ်မှန်ကြောင်း သရုပ်ဆောင် သီဟတင်စိုး၏ မရီးတော်စပ်သူ ဒေါ်ကေသီဦးက ဇူလိုင် ၁၆ ရက် ညပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်မှ တစ်ဆင့် ရေးသားဖော်ပြခဲ့ပြီး ယင်းအိမ်အကူ ခေါ်ယူရန် တာမွေမြို့နယ်ရှိ ထွန်းတောက် အကျိုးဆောင်လုပ်ငန်းသို့ ဦးစွာ ဖုန်းဆက်၍ ရှာခိုင်းခဲ့ကြောင်း၊ ထို အကျိုးဆောင်လုပ်ငန်းမှ ပွဲစား ဒေါ်ညိုဆိုသူ၏ ဖုန်းနံပါတ် ရရှိခဲ့ပြီး ဖုန်းဆက်ရာ ဒေါ်ညိုမှ တစ်ဆင့် အိမ်အကူ အမျိုးသမီးဖြစ်သည့် ဒေါ်ခင်မာညိုကို တစ်လလျှင် ကျပ် ၁၅၀၀၀၀ ပေး၍ ခေါ်လိုက်ခြင်းဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မိမိ၏ ခင်ပွန်း ဦးသီဟတင်စိုးအား ယုံကြည်သဖြင့် အမှုနှင့် ပတ်သက်ပြီး အဆုံးစွန် ရင်ဆိုင်တုံ့ပြန်မည် ဖြစ်ကြောင်း၊ အမှုနှင့် ပတ်သက်ပြီး တရားလိုဖြစ်သူဘက်မှ ကျပ်သိန်း ၁၀၀ ပေးရန် လာရောက်ညှိနှိုင်းကြောင်း ဒေါ်ဇင်မာဦးက Pissiya News ဆိုသည့် လူမှုကွန်ရက်စာမျက်နှာတွင် ဖြေကြားထားသည်။

“ကိုသီဟကို ယုံတယ်လို့။ ချက်ချင်းကြီး သိန်း ၁၀၀ ကျွန်မတို့မှာ မရှိဘူး။ ရှိလည်း မပေးနိုင်ဘူးလို့။ ကိုသီဟ မှန်တယ်လို့။အဲဒီအတွက်ကြောင့် ကိုသီဟ တကယ် သူနဲ့ ဘာမှမဖြစ်ခဲ့ဘူးဆိုရင် အဆုံးအထိ တက်လိုက်တော့လို့ ပြောထားတယ်” ဟု ဒေါ်ဇင်မာဦးက ဖြေကြားထားသည်။

သရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟုဆိုကာ အိမ်အကူ အမျိုးသမီး၏ တိုင်တန်းမှုမှာ လီဆယ် တိုင်တန်းခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက် မွန်းလွဲတွင် သတင်းထုတ်ပြန်ပြီးချိန်တွင် ယခု စွပ်စွဲခံရသူ သရုပ်ဆောင် သီဟတင်စိုး အနေဖြင့် ၎င်း၏ နေအိမ်၌ သတင်းစာရှင်းလင်းမည်ဟု ယူဆ၍ သတင်းမီဒီယာများက သွားရောက် စောင့်ဆိုင်းခဲ့ကြသော်လည်း ညနေ ၇ နာရီကျော်သည်အထိ သတင်းစာရှင်းလင်းမှု ပြုလုပ်ခြင်း မရှိကြောင်း သိရသည်။

Most Read

Most Recent