(၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပမည့် အာဇာနည်ဗိမာန်ကုန်း အနီးတွင် လုံခြုံရေး အထူးတင်းကျပ်

(၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပမည့် အာဇာနည်ဗိမာန်ကုန်း အနီးတွင် လုံခြုံရေး အထူးတင်းကျပ်
Published 19 July 2018

အာဇာနည်နေ့မတိုင်မီ ဇူလိုင် ၁၈ ရက် ညနေပိုင်းက ဇာနည်ဗိမာန်ကုန်းအနီးတွင် အဓိကရုဏ်းနှိမ်နင်းရာ၌ အသုံးပြုသော ရေဖျန်းယာဉ်များဖြင့် လုံခြုံရေးဆောင်ရွက်ထားမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ဇူလိုင် ၁၉ ရက် (ယနေ့) တွင် ကျရောက်မည့် အာဇာနည်နေ့ မတိုင်မီ ဇူလိုင် ၁၈ ရက် ညပိုင်းက ဇာနည်ဗိမာန်ကုန်းအနီး အနောက်ရွှေဂုံတိုင် လမ်းမပေါ်တွင် အဓိကရုဏ်းနှိမ်နင်းရာ၌ အသုံးပြုသော ရေဖျန်းယာဉ်များနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အင်အား အများအပြားဖြင့် လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း သိရသည်။

အာဇာနည်ဗိမာန်တွင် အာဇာနည်နေ့ အခမ်းအနားနှင့် ပတ်သက်၍ လုံခြုံရေး တင်းကျပ်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်က အာဇာနည်ဗိမာန် ကွပ်ကဲရေးရုံး၌ ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

ထို့ပြင် ဇူလိုင် ၁၈ ရက်တွင် လာပို့မည့် ပန်းခွေ၊ ပန်းခြင်း၊ ပန်းစည်းများနှင့် ပတ်သက်ပြီး လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ထားကြောင်းနှင့် နိုင်ငံတော်အကြီးအကဲ ငါးဦး တက်ရောက်မည် ဖြစ်သောကြောင့် အလေးပြုချိန်တွင် စနစ်တကျ ပြင်ဆင် ဆောင်ရွက်ရန် ဝန်ကြီးချုပ်က ပြောကြားထားသည်။

အလားတူ (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပမည့်နေ့ မတိုင်မီ ဇူလိုင် ၁၈ ရက် ညနေ ၆ နာရီမှ ဇူလိုင် ၁၉ ရက် နံနက် ၆ နာရီအထိ အာဇာနည်ဗိမာန် အနီးတစ်ဝိုက်ရှိ လမ်းများအား ယာယီ ပိတ်ထားပြီး အာဇာနည်နေ့ အခမ်းအနားအား အများပြည်သူ ကြည့်ရှုနိုင်ရန် LED ဘုတ်များဖြင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာယီပိတ်ထားမည့် လမ်းများ မှာ (၁) ဦးဝိစာရလမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းဆုံမှ အနောက်ရွှေဂုံတိုင်လမ်းအတိုင်း လင့်လမ်းနှင့် ဆုံရာအထိ၊ (၂) အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံဘုရားအရှေ့မုခ် စောင်းတန်းအထိ၊ (၃) အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်ဗိမာန်သို့ တက်ရောက်ရာ အုတ်လှေကားလမ်းနှင့် ကျောက်ဆည်ဓမ္မာရုံဘေး လမ်းကြားများ ဖြစ်ကြောင်း သိရသည်။

ယင်းနေ့တွင် အာဇာနည်ဗိမာန်သို့ အများပြည်သူ လာရောက် ဂါဝရပြုနိုင်ရန် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အာဇာနည်ဗိမာန်သို့ ဝင်ရောက် ဂါဝရပြုကြမည့်သူများ အနေဖြင့် ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်းအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ ဗီနိုင်းအမျိုးမျိုး၊ ပုလင်းအမျိုးမျိုး၊ အလံအမျိုးမျိုးနှင့် တုတ်၊ သံပိုက်၊ ကော်ပိုက်နှင့် ကြိုတင်စစ်ဆေး ခံယူမှုမရှိသော လုံခြုံရေးကို ထိခိုက်စေနိုင်မည့် ပစ္စည်းတစ်စုံတစ်ရာ ယူဆောင်ခွင့် မရှိကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent