<

တစ်ဒေါ်လာ ကျပ် ၁၅၀၀ အထိ မြင့်တက်ဖွယ် ရှိကြောင်း ခန့်မှန်းနေကြပြီး ဈေးကစားသည့် ဘဏ်များရှိပါက ဗဟိုဘဏ် အနေဖြင့် ခေါ်ယူတွေ့ဆုံရုံဖြင့် မပြီးဘဲ အရေးယူရန် လိုကြောင်း စီးပွားရေးပညာရှင်အချို့ ထောက်ပြ

လတ်တလောတွင် စဉ်ဆက်မပြတ် မြင့်တက်နေသည့် ဒေါ်လာဈေးမှာ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အထိ မြင့်တက်ဖွယ်ရှိကြောင်း ခန့်မှန်းနေကြပြီး ဈေးကစားသည့် ဘဏ်များရှိနေပါက ခေါ်ယူတွေ့ဆုံရုံဖြင့် မပြီးဘဲ အရေးယူရန်ပါ လိုအပ်ကြောင်း စီးပွားရေးပညာရှင်အချို့က ထောက်ပြသည်။

ပြည်တွင်း၌ ဒေါ်လာဈေး ပုံမှန်ထက် မြင့်တက်လာသည့်အချိန်တိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို ခေါ်ယူတွေ့ဆုံပြီးနောက် ဒေါ်လာဈေး ပြန်လည်ကျဆင်းမှု ရှိသော်လည်း အမှန်တကယ် အရေးယူမှု မရှိသဖြင့် ဒေါ်လာဈေး ခေတ္တသာ ကျဆင်းပြီး ပြန်လည် မြင့်တက်မှုများ မကြာခဏ ဖြစ်ပေါ်နေသည်။

ထို့ပြင် ပုဂ္ဂလိကဘဏ်အချို့သည် ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲနှုန်းအပေါ် သတ်မှတ်နှုန်းထားအတိုင်း ရောင်းဝယ်မှု မရှိခြင်း၊ သတ်မှတ် ပမာဏထက် ဈေးနှုန်းပိုမို ရောင်းဝယ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

“အဓိက, ကတော့ တရုတ်နဲ့ အမေရိကန်ကြားက ကုန်သွယ်ရေး စစ်ပွဲကြောင့်လို့ ထင်တယ်။ ကုန်သွယ်ရေးစစ်ပွဲဖြစ်တော့ အမေရိကန်ကလည်း သူ့ဒေါ်လာ တန်ဖိုးမြင့်အောင် လုပ်တယ်။ တရုတ်ကလည်း သူ့ငွေတွေကို ပြည်ပစီးထွက်မှု လျော့နည်းနိုင်သမျှ လျော့နည်းအောင် လုပ်နေတယ်။ ဒီလို တင်းကျပ်လာတာတွေက အဓိကအကြောင်းရင်းလို့ ထင်တယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ လူမျိုးက စိုးရိမ်စိတ်ကြီးတယ်။ မြန်မာကျပ်ငွေတန်ဖိုး ဒီထက် ကျသွားနိုင်တယ် ထင်ကြတယ်။ ဒီတော့ ဒေါ်လာ စုဆောင်းတယ်။ ၀ယ်ကြတယ်။ အဲဒီတော့ ဒေါ်လာဈေးက တက်တာပေါ့။ အဲဒီလို ဒေါ်လာဈေး တစ်ခုခုဖြစ်ပြီ။ တက်တာ မြန်တယ်။ ကြမ်းတယ် ဆိုရင်တော့ ဗဟိုဘဏ်က ခေါ်တွေ့လေ့ ရှိတယ်။ ဦးသိန်းစိန်ခေတ်တုန်းကဆိုရင် ဦးဝင်းရှိန်က ကျွန်တော်တို့ကို ခေါ်မေးဖူးတယ်။ အဲဒီတုန်းက ဗဟိုဘဏ်ဥက္ကဋ္ဌက ဦးသန်းညိန်းပေါ့။ အဲဒီတုန်းက ကျွန်တော်တို့ တွေ့ပြီးတော့ နောက်နေ့မှာ နည်းနည်း ပြန်ကျသွားတယ်။ ဒေါက်တာ အောင်ထွန်းသက် အပါအ၀င် ငါးဦးပေါ့။ ဒေါ်လာဈေး မြင့်တက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ထင်မြင်ချက် တောင်းခံတာပေါ့။ အခုနောက်ပိုင်းလည်းပဲ ဒေါ်လာဈေးတက်တာ မြန်တယ်။ မြန်မာကျပ်ငွေတန်ဖိုး ကျတာ ကြမ်းတယ်ဆိုရင် သူတို့ ခေါ်တွေ့လေ့ ရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဘဏ်တွေ ကိုယ်တိုင်က မြန်မာကျပ်ငွေထက် ဒေါ်လာအပေါ် အဓိက အားထားပြီးတော့ အလေးထားနေရတဲ့ သဘောရှိတယ်။ ဒါပေမဲ့ ခေါ်တွေ့ရုံ သက်သက်နဲ့တော့ သိပ်ထိရောက်မှာ မဟုတ်ဘူးထင်တယ်။ ခေါ်တွေ့ရုံနဲ့တော့ မသမာနည်းလမ်း မသုံးဖို့၊ ဈေးမကစားဖို့ အဆင့်လောက်ပဲ ဖြစ်မယ်။ ဈေးမကစားဖို့ သတိပေးရုံ သက်သက်နဲ့တော့ မဖြစ်ဘူးပေါ့။ ဒုတိယအဆင့်မှာ အရေးယူဖို့တော့ လိုတာပေါ့။ ဈေးကစားတဲ့ ဘဏ်တွေရှိရင် ထိထိရောက်ရောက် အရေးယူနိုင်ဖို့ လိုတာပေါ့”ဟု မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ဇူလိုင် ၁၈ ရက်တွင် ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီတွင် တစ်ဒေါ် လာ ၁၃၂၀ ပတ်လည်၌သာ ရှိနေသည့် မြန်မာကျပ်ငွေတန်ဖိုးသည် ခြောက်လအတွင်း ကျပ် ၁၄၀၀ ကျော်သို့ မြင့်တက်လာပြီး ဇူလိုင် ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ပို့ကုန်ရငွေ တစ်ဒေါ်လာ ၁၄၄၆ ကျပ်နှင့် စင်ကာပူဘဏ် စာရင်းဈေး (Away) ၁၄၄၈ ကျပ်အထိ မြင့်တက်လာခဲ့ပြီး ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာလည်း မကြာခဏ တိုးမြှင့် သတ်မှတ်မှုများ ရှိနေပြီး မေ ၃၁ ရက်တွင် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း ၁၃၅၅ ကျပ်သာ ရှိသော်လည်း ဇူလိုင် ၁၈ ရက်တွင် ၁၄၁၅ ကျပ်သို့ တိုးမြှင့် သတ်မှတ်ထားသည်။

“ဒေါ်လာဈေး ၁၅၀၀ အထိ ရောက်မယ်ဆိုတာ အများကြီး ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်နိုင်တယ် ဆိုတာက တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ဘယ်လောက်ကြာမှာလဲ။ အဲဒီအပေါ်လည်း မူတည်တယ်။ Stronger America လို့ ပြောထားတာကိုး။ ပိုမို အင်အားကြီးတဲ့ နိုင်ငံဖြစ်အောင် လုပ်မယ်လို့ ထရန့်က သူသမ္မတ မဖြစ်ခင်ကတည်းက ပြောထားတယ်။ ပြောထားတဲ့အတိုင်း လုပ်နေတယ်။ ကုန်သွယ်ရေး လိုငွေတွေ လျှော့ဖို့ ကြိုးစားတယ်။ ဗဟိုဘဏ် အတိုးနှုန်းတွေ မြှင့်ဖို့ ကြိုးစားတယ်။ ဒီလိုလုပ်လာတာနဲ့အတူ ပြည်ပရောက် အမေရိကန်လုပ်ငန်းရှင်တွေ ပြန်ခေါ်တယ်။ အဓိက အမေရိကန်ဒေါ်လာက ပိုခိုင်မာလာမယ့်သဘော ရှိတယ်။ ဒါပေမဲ့ တစ်ဒေါ်လာ ၁၅၀၀ ဖြစ်လာရင် ကျွန်တော်တို့မှာ ကောင်းကျိုးလည်း ရှိလာနိုင်ပါတယ်။ ပို့ကုန်တွေမှာပေါ့။ ပို့ကုန်မြှင့်တင်နိုင်အောင်တော့ ကြိုးစားရမယ်။ အစိုးရက ပို့ကုန်မြှင့်တင်နိုင်အောင် ကြိုးနီစနစ်တွေကိုတော့ ဖြေလျှော့ပေးဖို့ လိုတယ်။ ကြိုးနီစနစ် လျှော့ရမယ်။ Business Friendly ဖြစ်အောင် ပိုလုပ်ရမယ်။ တချို့ အခွန်နှုန်းထားတွေ လျှော့ရမယ်။ အစိုးရက အဲဒီသုံးခုကို တစ်ပြိုင်နက်တည်း လုပ်မှ အကျိုးသက်ရောက်မှု ရှိမယ်။ တစ်ဒေါ်လာ ၁၅၀၀ ဖြစ်သွားလို့ ပို့ကုန် ဒီအတိုင်းတက်လာမယ် လို့တော့ ယူဆလို့ မရဘူး”ဟု ဒေါ်လာဈေး မြင့်တက်မှုအပေါ် Renaissance Institute မှ စီးပွားရေးပညာရှင်တစ်ဦး က သုံးသပ်ပြောကြားသည်။

July 18, 2018














Copy Protected by Chetan's WP-Copyprotect.