ပြန်စမည့် လွှတ်တော်ပုံမှန်အစည်းအဝေး၌ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို အဓိကထား ဆွေးနွေးအတည်ပြုသွားမည့်အပြင် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်များကိုလည်း လွှဲပြောင်းထမ်းဆောင်မည်

ပြန်စမည့် လွှတ်တော်ပုံမှန်အစည်းအဝေး၌ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို အဓိကထား ဆွေးနွေးအတည်ပြုသွားမည့်အပြင် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်များကိုလည်း လွှဲပြောင်းထမ်းဆောင်မည်
Published 19 July 2018

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မစတင်မီ အစည်းအဝေးခန်းမအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်

မကြာခင်ပြန်စမည့် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေးကာလအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို အဓိကထား ဆွေးနွေးအတည်ပြုသွားမည့်အပြင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယက တာဝန်များကိုလည်း လွှဲပြောင်းထမ်းဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေးများကို ဇူလိုင် ၂၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး လက်ရှိတွင်လည်း လွှတ်တော်ကော်မတီ အချို့အနေဖြင့် အစည်းအဝေးများ ပြုလုပ်လျက်ရှိသည်။

ဇူလိုင် ၁၇ ရက်က နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း ကျင်းပသည့် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ယခုကျင်းပမည့် အစည်းအဝေးတွင် လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်တွင် ပါရှိသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်၏အမျိုးသားစီမံကိန်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း အပါအဝင် လွှတ်တော်အသီးသီး၌ အတည်ပြုရန် ကျန်ရှိသည့် ဥပဒေများ အနက်မှ ဦးစားပေးအလိုက် ဆွေးနွေးအတည်ပြုခြင်းနှင့် အခြားလွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားရန်ရှိကြောင်း ပြောကြားခဲ့သည်။

“ဒီဘတ်ဂျက်က စက်တင်ဘာ ၃၀ ရက် မတိုင်မီ အတည်ပြုပေးဖို့တော့ လိုတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အောက်တိုဘာ ၁ ရက်ကျတော့ ဘတ်ဂျက်အသစ်စပြီပေါ့။ တကယ်တော့ ကျွန်တော်တို့ အနေအထားထဲမှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့က ကျွန်တော်တို့ဆီကို ဇူလိုင် ၁၅ ရက် နောက်ဆုံးထားပြီး အရောက်ပို့မယ်လို့ ကြားသိထားတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ တကယ် လက်တွေ့လုပ်မယ့်အချိန်ကတော့ လွှတ်တော်တင်တာနဲ့ ဘာနဲ့ဆိုရင် စိစစ်နိုင်တဲ့ အချိန်ကတော့ တစ်လ၊ တစ်လခွဲလောက်တော့ ရှိတာပေါ့။ အဲဒီလောက်တော့ရှိတဲ့ အနေအထားရှိတာပေါ့။ ဘာပဲပြောပြော စက်တင်ဘာလဆန်းလောက်ဆိုရင် လွှတ်တော်ကို တင်ပြရမယ်။ နောက်တစ်ခုက အခုကာလက ဘတ်ဂျက်ဥပဒေတင်မကဘူး။ အမျိုးသားစီမံကိန်းဥပဒေ၊ အခွန်အကောက် ဥပဒေ သုံးခုစလုံးကို အတည်ပြုပေးရမှာပါ” ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားထားသည်။

ဘတ်ဂျက်နှင့်ပတ်သက်၍ လွှတ်တော်ထဲ၌ အချိန်အပြည့်အ၀ ဆွေးနွေးခွင့်ပေးမှသာ ပြည်သူများအနေဖြင့် ဘတ်ဂျက်နှင့် ပတ်သက်သည့် အကောင်းအဆိုးကို နားလည်မည်ဖြစ်သည့်အတွက် ယင်းကိစ္စကို ဝန်ကြီးဌာန၊ လွှတ်တော်များအနေဖြင့် လေးလေးနက်နက် စဉ်းစားရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားထားသည်။

ထို့ပြင် ပြန်စမည့် လွှတ်တော်အစည်းအဝေးကာလအတွင်း ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်များကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ လွှဲပြောင်းထမ်းဆောင်မည်ဖြစ်၍ ထူးခြားမှုရှိသော ပုံမှန်အစည်းအဝေး ကာလတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဆိုသည်။

“ပြန်စရင် နာယက အလွှဲအပြောင်း လုပ်မယ်။ နောက်ပြီးတော့ ဒုတိယနာယက ပြောင်းမယ်။ နောက် ပူးပေါင်းကော်မတီတွေလည်း ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေ၊ တွဲဖက်အတွင်းရေးမှူးတွေ အကုန်ပြောင်းမယ်ပေါ့” ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောကြားသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးများသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ကျင်းပခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၆ (က) တွင် ပြည်သူ့လွှတ်တော် သက်တမ်းတစ်ခု စတင်သည့် နေ့ရက်မှ လပေါင်း ၃၀ ပြည့်မြောက်သည့်နေ့ရက်အထိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင်ရမည်။ ကျန်သက်တမ်းကာလအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင်ရမည်ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။

Most Read

Most Recent