ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအပေါ် မုဒိမ်းမှုဖြင့် အမှုဖွင့်ခံရမှုမှာ လီဆယ်တိုင်တန်းခြင်း ဖြစ်ကြောင်းနှင့် တိုင်ကြားသူများအား ဥပဒေနှင့်အညီ အရေးယူမည်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအပေါ် မုဒိမ်းမှုဖြင့် အမှုဖွင့်ခံရမှုမှာ လီဆယ်တိုင်တန်းခြင်း ဖြစ်ကြောင်းနှင့် တိုင်ကြားသူများအား ဥပဒေနှင့်အညီ အရေးယူမည်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်
Published 18 July 2018

ဓာတ်ပုံ - Yangon Police

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုး အပေါ်မုဒိမ်းမှုဖြင့် အရေးယူရန် တိုင်ကြားသူများမှာ လီဆယ်တိုင်တန်းခြင်း ဖြစ်ကြောင်း ဖော်ထုတ်ရရှိသဖြင့် မမှန်မကန် တိုင်ကြားသူနှစ်ဦးကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအပေါ် အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုဖြင့် အရေးယူပေးရန် တိုင်တန်းသည့် အမှုနှင့်စပ်လျဉ်း၍ အမှုမှန် ပေါ်ပေါက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မှုခင်းဖော် ထုတ်ရေးရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်ခဲ့ရာ တိုင်တန်းသည့် အမှုမှာ မှန်ကန်မှု မရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန် အိမ်ရာရှိ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် အသက်(၇၅)နှစ် အရွယ်ရှိ ဒေါ်ဇင်မာဦး၏ မိခင်ဖြစ်သူအား ပြုစုရန် အိမ်အကူဖြစ်သူ ခင်မာမြင့်(၄၀)နှစ်အား အခင်းမဖြစ်မီ (၈)ရက်ခန့်က ခေါ်ယူထားရှိခဲ့ရာ ၁၃-၇-၂၀၁၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဒေါ်ဇင်မာဦးမှ အပြင်သို့သွားရောက်နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ခင်မာမြင့်အား သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရ သုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမှုမှန် ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် အနီးကပ်ကြီးကြပ်၍ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မှုခင်းနှိမ် နင်းရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း စုံစမ်းဆောင်ရွက်ခဲ့ကြောင်း၊ အထူးအမှုစစ်အဖွဲ့မှ တရားလို ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်အား သက်သေများနှင့်အတူ စစ်ဆေး ဆောင်ရွက်ခဲ့ရာ ခင်မာမြင့်(ခ)ညိုညို(ခ) ဇင်မာမြင့်မှာ လွန်ခဲ့သော (၄)နှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်ပြီးနောက် မိသားစု စားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူလုပ်ရန် ဒေါ်ညိုနှင့် ဆက်သွယ်ခဲ့ပြီး ဒေါ်ညိုမှ အိမ်အကူလုပ်၍ အိမ်ရှင်ယောက်ျားများအား မိန်းမမူယာမာယာဖြင့် မြူဆွယ်၍ မုဒိမ်းမှုဖြစ်အောင် ပြုလုပ်ရန်နှင့် အမှုဖြစ်ပါက ငွေကြေးညှိနှိုင်းသည့် ကိစ္စကို ၎င်းမှ တာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်း ပြောဆိုပြီး လုပ်ကြံဖန်တီး၍ ရရှိသောငွေကြေးကို ခွဲဝေသုံးစွဲမည်ဟု သင်ကြားပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ဆက်လက်စစ်ဆေးခဲ့ရာ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်သည် လွန်ခဲ့သော (၄) နှစ်ခန့်က ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်ရှိ ဒေါ်----၏ နေအိမ်တွင် အိမ်အကူအဖြစ် စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး လစာ(၁)သိန်းခွဲ ရရှိကြောင်း၊ အိမ်ရှင်၏ ခင်ပွန်းမှာ ဗိုလ်မှူး (ငြိမ်း) ဖြစ်ကြောင်း၊ အိမ်အကူလုပ်ရင်း အိမ်ရှင်အမျိုးသားအား မြူဆွယ်ရန် အဆင်မပြေသဖြင့် တစ်နှစ်ခန့်နေပြီး အလုပ်မှ ထွက်ခဲ့ကြောင်း၊ ဒုတိယအကြိမ် အိမ်အကူလုပ်ငန်းကိုလည်း ဒေါ်ညိုမှ ဆက်သွယ်ပေးမှုဖြင့် ပုဇွန်တောင်မြို့နယ် ဈေးအနီးရှိ နေအိမ်တွင် လုပ်ကိုင်ခဲ့ရာ အဆိုပါအိမ်တွင် မြူဆွယ်လုပ်ကြံဖန်တီးရန် ယောက်ျားမရှိသဖြင့် အဆင်မပြေ၍ အလုပ်မှ ထွက်ခဲ့ကြောင်း၊ တတိယအကြိမ် အိမ်အကူ လုပ်ငန်းကို ဒေါ်ညို၏ အဆက်အသွယ်ဖြင့် ဗဟန်းမြို့နယ်နေ ရုပ်ရှင်သရုပ်ဆောင် နေဆန်း၏ နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ကြောင်း၊ ကိုနေဆန်းတို့ လင်မယားမှာ ခရီးထွက်နေကြသဖြင့် နေအိမ်တွင် ကလေးများနှင့် ကိုနေဆန်း၏ မိခင်သာ ကျန်ရှိခြင်းကြောင့် မြူဆွယ်ရန် အဆင်မပြေ၍ အလုပ်မှ ထွက်ခဲ့ကြောင်း၊ စတုတ္တအကြိမ် အိမ်အကူလုပ်ငန်းကိုလည်း ဒေါ်ညို၏ အဆက်အသွယ်ဖြင့် ဒဂုံအရှေ့မြို့နယ်၊ (၉)ရပ်ကွက်ရှိ နေအိမ်တွင်လုပ်ကိုင်ခဲ့ကြောင်း၊ ၎င်းအိမ်တွင်လည်း ရောဂါသည်အဖွားအို တစ်ဦးသာ နေထိုင်ခဲ့ခြင်းကြောင့် မြူဆွယ်ရန် အဆင်မပြေသဖြင့် အလုပ်မှ ထွက်ခဲ့ကြောင်း၊ ပဉ္စမအကြိမ် အိမ်အကူလုပ်ငန်းကို တာမွေမြို့နယ်ရှိ တိရစ္ဆာန်ဆေးကု ဆရာဝန် အမျိုးသမီး တစ်ဦး၏ နေအိမ်တွင် လုပ်ကိုင်ခဲ့ရာ အဆင်မပြေသဖြင့် အလုပ်မှထွက်ခဲ့ကြောင်း၊ ဆဋ္ဌမအကြိမ် အိမ်အကူ လုပ်ငန်းကို ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးဈေးအနီးရှိ တရုတ်လူမျိုးတစ်ဦး၏ နေအိမ်တွင် အိမ်အကူလုပ်ခဲ့ရာ အိမ်ရှင်မိသားစုမှာ ရန်ကုန်သွားနေစဉ် ၎င်းနေအိမ်တွင် အလုပ်လုပ်သည့် ကုလားဆိုသူမှ ၎င်းအား သားမယားအဖြစ်ပြုကျင့် ရန်ကြံစည်ခဲ့ရာ မအောင်မြင်သဖြင့် ဒေါ်ညိုအား ပြောပြခဲ့ရာ ဒေါ်ညိုမှ သားမယားအဖြစ် ပြုကျင့်ခံရသည် ဟုပြောဆိုရန် သင်ပေးပြီး တရုတ်မိသားစုထံမှ လျော်ကြေးငွေ တောင်းခံခဲ့သော်လည်း အဆင်မပြေသဖြင့် ပဲခူးအမှတ် (၃) ရဲစခန်းတွင် သားမယားအဖြစ် ပြုကျင့်ခံရသည်ဟု မမှန်မကန် လီဆယ်တိုင်ကြားရန် ဒေါ်ညိုမှ စေခိုင်းခြင်းကြောင့် တိုင်တန်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် အိမ်အကူလုပ်ရန် ဒေါ်ညို၏ ဆက်သွယ်ပေးမှုကြောင့် ၅-၇-၂၀၁၈ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး အသက်(၇၅)နှစ်အရွယ်ရှိ ဒေါ်ဇင်မာဦး၏ မိခင်အား ပြုစုပေးရန် ခေါ်ယူထားခြင်းဖြစ်ရာ ဒေါ်ဇင်မာဦးမရှိခိုက် သီဟတင်စိုးမှ ၎င်းအား သားမယားပြုကျင့်ခဲ့ကြောင်း လိမ်ညာ ပြောဆိုရန် ဒေါ်ညိုသင်ပြသည့်အတိုင်း လိမ်ညာပြောဆို ကြံစည်၍ အမှုရေးဖွင့်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် မခင်မာမြင့်အား အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ ဒေါ်ညို(၆၅)နှစ်အား စစ်ဆေးခဲ့ရာ သီဟတင်စိုးမှ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်အား သားမယား ပြုကျင့်ခဲ့ကြောင်း ရဲစခန်းတွင် အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါက ၎င်းမှ ဈေးစကားပြောမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး သီဟတင်စိုး၏ဇနီး ဇင်မာဦးအား နစ်နာမှုအတွက် ငွေကျပ်သိန်း(၁၀၀)ပေးပါက ကျေနပ်မည်ဖြစ်ကြောင်း တောင်းဆိုမှုအပေါ် လိုက်နာခြင်း မရှိသဖြင့် သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် အလားတူ ဖြစ်စဉ်မျိုး သာကေတ နယ်မြေရဲစခန်းတွင်လည်း မသင်းသင်းထက်အောင်မှ တရားလိုပြု လုပ်၍ ဆရာဝန်တစ်ဦးအား အမှုရေးဖွင့် တိုင်တန်းခဲ့ဖူးကြောင်း၊ ပဲခူးမြို့မရဲစခန်းတွင်လည်း ခင်မာညို(ခ) ညိုညို(ခ) ဇင်မာမြင့်မှ တရားလိုပြုလုပ်၍ အမျိုးသားတစ်ဦးအား မုဒိမ်းမှုဖြင့် ရေးဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် သရုပ်ဆောင် သီဟတင်စိုးအပေါ် မုဒိမ်းမှုဖြင့် အရေးယူရန် တိုင်တန်းချက်မှာ မှန်ကန်မှုမရှိဘဲ တရားလို ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်နှင့် ဒေါ်ညိုတို့ ပူးပေါင်း၍ လီဆယ် တိုင်တန်းခြင်း ဖြစ်ကြောင်း ဖော်ထုတ်ရရှိသဖြင့် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent