<

နမ္မတူမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးရှောင် ၁၀၀၀ ကျော် အနီးအနား ကျေးရွာများနှင့် သီပေါမြို့နယ်ရှိ ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေ

သီပေါမြို့နယ် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းသို့ စစ်ဘေးရှောင်များ ရောက်ရှိစဉ် (ဓာတ်ပုံ-ကိုမျိုး (နယ်စည်းမခြား) နှင့် နန်းစမ်းစမ်းအေး)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်တို့သည် နမ္မတူမြို့နယ်ရှိ ပန်လုံကျေးရွာ၊ မန်စံကျေးရွာနှင့် သီပေါမြို့နယ်ရှိ မိုးတေဘုန်းကြီးကျောင်း တို့တွင် တိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။

ဇူလိုင် ၁၆ ရက်မှ စတင်ကာ နမ္မတူမြို့နယ် မိုင်းမုကျေးရွာတွင် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ပန်လုံကျေးရွာမှ တိုင်းရင်းသား ပြည်သူများ သီပေါမြို့နယ် မိုးတေကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ စစ်ဘေးရှောင် ၄၀၀ ခန့်၊ ဘိုးတော်ကျောင်း ၅၂ ဦး၊ ရွှေဂူကျောင်း ၃၀ ဦးခန့် ရောက်ရှိလာပြီး စားဝတ်နေရေး ဆန်ဆီဆား၊ ရေနှင့်ဟင်း ချက်စရာများ လိုအပ်နေကြောင်း သီပေါမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက ပြောကြားသည်။

“မနှစ်ကတိုက်ပွဲမှာ ဒုက္ခိတဖြစ်ခဲ့တဲ့ အဘိုး ဒီနှစ်လဲစစ်ပွဲကြောင့် ထပ်ပြေးရတာ ခြေထောက်မရှိဘူး။ လမ်းလည်းမလျှောက်နိုင်ဘူး။ ဒီတိုင်းလဲလျောင်းနေရတယ်။ ဒီလိုဖြစ်လာရင် ဘယ်သူက တာဝန်ယူပေးလို့လဲ၊ အသက် ၇၈ နှစ်ရှိပြီ။ နမ္မတူမြို့နယ်တွင်းမှာရှိတဲ့ ပန်လုံမှာ တိုက်ပွဲတွေကြောင့် သီပေါမြို့နယ်ထဲမှာရှိတဲ့ မိုးတေကျောင်းကို စစ်ရှောင်ပေါင်း လေးရာကျော် ဒီနေ့ရောက်လာတယ်။ စာရင်းက ဒီထက်လည်း ပိုများနိုင်တယ်” ဟု သီပေါမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက ပြောကြားသည်။

ထို့ပြင် နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင်လည်း စစ်ဘေးရှောင်ပေါင်း ၂၀၀ နီးပါးရှိနေကြောင်း၊ စားဝတ်နေရေး လိုအပ်ချက်များ ရှိနေကြောင်း သီပေါမြို့နယ်မှ နယ်စည်းမခြား ပရဟိတ လူမှုကူညီရေး အသင်းမှ ကိုမျိုးက ပြောကြားသည်။

“ပန်လုံနဲ့ မန်စံကြားမှာ ဖြစ်တာပေါ့။ အခုက သီပေါမှာလည်းရှိတယ်။ မန်စံမှာလည်းရှိတယ်။ ပန်လုံမှာလည်း ဘုန်းကြီးကျောင်းမှာ ရှောင်နေတာ ၂၀၀ နီးပါးလောက်ရှိတယ်။ ကျွန်တော်တို့က ပန်လုံမှာ ထိုင်နေတယ်။ အရေးအကြောင်းဆိုရင် ပန်လုံမှာကျန်နေတဲ့ သူတွေကိုလာပြီးတော့ ကယ်ထုတ်ပေးဖို့ စောင့်နေတယ်။ ရွာသားတွေက တဖွဲဖွဲနဲ့ ပန်လုံဘက်ကို ဆုတ်လာကြတာကို တွေ့ရတယ်လေ။ ခုတော့ ဘာအရိပ်အယောင်မှတော့ မတွေ့ရသေးဘူး။ ရွာသားတွေ လိုအပ်ချက်က စားသောက်ကုန်ပါပဲ” ဟု သီပေါမြို့နယ်မှ နယ်စည်းမခြား ပရဟိတ လူမှုကူညီရေးအသင်းမှ ကိုမျိုးက ပြောကြားသည်။

ထို့ပြင် နမ္မတူမြို့နယ် မုံးရင်ကျေးရွာ တစ်ဝိုက်နှင့် လုံမိတ်ကျေးရွာတို့တွင် RCSS/SSA တပ်ဖွဲ့၊ တပ်မတော်နှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ စစ်ရေးတင်းမာနေခြင်းကြောင့် ဇူလိုင် ၁၆ ရက်မှ စတင်၍ ဒေသခံများ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်မှု မြင့်တက်နေခြင်းကြောင့် မန်စံကျေးရွာသို့ ထွက်ပြေးတိမ်းရှောင် နေကြခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ရှမ်းမြောက် နမ္မတူမြို့နယ် မိုင်းမုကျေးရွာအနီးတွင် RCSS/SSA တပ်ဖွဲ့နှင့် TNLA တအာင်း၊ ပလောင်တပ်ဖွဲ့တို့ ထိတွေ့မှု ဖြစ်ပွားခြင်းကြောင့် ကျေးရွာပေါင်းရှစ်ရွာမှ တိုင်းရင်းသား ပြည်သူလူထုပေါင်း တစ်ထောင်ကျော်သည် မန်စံကျေးရွာတွင် စစ်ဘေးရှောင် ခိုလှုံနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းတောင်ပိုင်း မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းတွင် နယ်မြေတည်ငြိမ်သွားသဖြင့် စစ်ဘေးရှောင် တစ်ထောင်ကျော်တို့သည် မိမိတို့ နေရပ်များသို့ ဇူလိုင် ၁၅ ရက်မှ စတင်၍ မိမိတို့ နေအိမ်များကို ပြန်သွားကြပြီ ဖြစ်ကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

July 17, 2018














Copy Protected by Chetan's WP-Copyprotect.