<

နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ် စံချိန်ကို ထပ်မံကျော်ဖြတ်ပြီး တစ်ဒေါ်လာ ၁၄၁၈ ကျပ်အထိ မြင့်တက်ကာ ပို့ကုန်ရငွေ တစ်ဒေါ်လာ ၁၄၃၇ ကျပ်၊ စင်ကာပူဘဏ်စာရင်းဈေး ၁၄၃၉ ကျပ်အထိ ရောက်ရှိလာ

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေကြေးလဲလှယ်ရောင်းဝယ်ရေး စင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့်စံချိန်များကို ကျော်ဖြတ်ပြီး တစ်ဒေါ်လာ ၁၄၁၈ ကျပ်အထိ မြင့်တက်ခဲ့ကာ ပို့ကုန်ရငွေ တစ်ဒေါ်လာ ၁၄၃၇ ကျပ်၊ စင်ကာပူဘဏ်စာရင်းဈေး (Away) ၁၄၃၉ ကျပ်အထိ ရောက်ရှိလာကြောင်း နိုင်ငံခြား ငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ဇူလိုင် ၁၇ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး ကျဆင်းမှုရှိနေသော်လည်း ပြည်တွင်းဈေးကွက်တွင် ဒေါ်လာဈေး နှစ်ရက်အတွင်း ကျပ်  ၁၀ ကျော် ဆက်လက်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး အခြားနိုင်ငံခြားငွေကြေးများဖြစ်သော ယူရို၊ စင်ကာပူဒေါ်လာ၊ မလေးရှားရင်းဂစ် နှင့် ထိုင်းဘတ်ဈေးများပါ သိသိသာသာ မြင့်တက်ခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် သမိုင်းတစ်လျှောက် အမြင့်ဆုံးငွေလဲနှုန်းထားအဖြစ် ၁၄၃၈ ကျပ်အထိ ရောက်ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန်၂၈ ရက်တွင် တစ်ဒေါ်လာ ၁၄၀၇ ကျပ်၊ ဇူလိုင် ၁၂ ရက်တွင် ကျပ် ၁၄၁၀၊ ဇူလိုင် ၁၆ ရက်တွင် ၁၄၁၁ ကျပ် ဖြင့် ၂၀၁၈ ခုနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၁၇ ရက်တွင် ၁၄၁၈ ကျပ်ဖြင့် ကျော်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင်  ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသမ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင် ၁၃ ရက်တွင် ၉၄ ဒသမ ၉၈ ပွိုင့်အထိ အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်န၀ါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇ တို့ဖြစ်ပြီး ဇွန် လတွင် ကွာဟချက်အများဆုံး ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်း အမြင့်ဆုံးဈေးနှုန်းအဖြစ် မတ် ၂၁ ရက်တွင် ၁၃၃၄ ကျပ်ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးသည် မတ် ၂၉ ရက်တွင် ၁၃၂၈ ကျပ်အထိ၊ ဧပြီလဆန်းတွင် ၁၃၂၄ ၀န်းကျင်အထိ ကျဆင်းခဲ့သည်။ ထို့နောက် ဧပြီလကုန်ပိုင်း ၂၈ ရက်တွင် ၁၃၃၁  ကျပ်၊ မေ ၂၁ ရက်တွင် ၁၃၅၁ ကျပ်အထိ မြင့်တက်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်၊ ဇွန် ၁၅ ရက်တွင် ၁၃၅၅ ကျပ်၊  ဇွန် ၁၆ ရက်တွင် ၁၃၆၅ ကျပ်၊ ဇွန် ၂၀ ရက် တွင်  ၁၃၆၈ ကျပ်၊ ဇွန် ၂၁ ရက်တွင် ၁၃၇၅ ကျပ်၊ ဇွန် ၂၆ ရက်တွင် ၁၃၈၃၊ ဇွန် ၂၇ ရက် တွင် ၁၃၉၅၊ ဇွန် ၂၈ ရက်တွင် ၁၄၀၇ ကျပ် ၀န်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၁ ရက်တွင် ၁၃၈၄ ကျပ်အထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ကျပ် ၁၄၀၀၊ ဇူလိုင် ၁၁ ရက်တွင် ၁၄၀၆ ကျပ်၊ ဇူလိုင် ၁၂ ရက်တွင် ကျပ် ၁၄၁၀၊ ဇူလိုင် ၁၆ ရက်တွင် ၁၄၁၁ ကျပ်၊ ဇူလိုင် ၁၇ ရက်တွင် ၁၄၁၈ ကျပ်အထိ မြင့်တက်ခဲ့သည်။ ဇူလိုင် ၁၇ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းမှာ ကျပ် ၁၄၁၀ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဇူလိုင် ၁၇ ရက်၌ ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၆၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၄၂ ကျပ်၊ မလေးရှားရင်းဂစ် ၃၄၈ ကျပ်၊ ထိုင်းဘတ် ၄၃ ဒသမ ၁၀ ကျပ်၊ တရုတ်ယွမ် ၂၁၁ ကျပ်၊ ဂျပန်ယန်း ၁၂ ဒသမ ၆၀ ကျပ်၊ တောင်ကိုရီးယားဝမ် ၁ ဒသမ ၄၀ ကျပ် ဖြစ်သည်။

July 17, 2018














Copy Protected by Chetan's WP-Copyprotect.