ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား၁၆ ကြိမ်မြောက် ရုံးထုတ်ပြီး ရုံးထုတ်လာစဉ် ယူနီဖောင်းမဝတ်သောရဲများ မဝိုင်းကြရန် ဒေါက်တာအေးမောင် မေတ္တာရပ်ခံ

ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား၁၆ ကြိမ်မြောက် ရုံးထုတ်ပြီး ရုံးထုတ်လာစဉ် ယူနီဖောင်းမဝတ်သောရဲများ မဝိုင်းကြရန် ဒေါက်တာအေးမောင် မေတ္တာရပ်ခံ
Published 17 July 2018

ဒေါက်တာအေးမောင်အား ရုံးထုတ်လာစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ စာပေဟောပြောပွဲတွင် ဟောပြောခဲ့မှုကြောင့် ပုဒ်မသုံးခုဖြင့် တရာစွဲဆိုခံထားရသော စာရေးဆရာ ဝေဟင်အောင်နှင့် ဒေါက်တာအေးမောင်တို့အား ဇူလိုင် ၁၆ ရက်က ၁၇ ကြိမ်မြောက် ရုံးထုတ်ခဲ့ရာ ရုံးထုတ်လာစဉ် ယူနီဖောင်းမဝတ်သော ရဲများမဝိုင်းကြရန် ဒေါက်တာ အေးမောင်က မေတ္တာရပ်ခံခဲ့ကြောင်းနှင့် ရုံးချိန်းအတွင်း တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

“ကျွန်တော့်နားမှာ ရဲတွေဝိုင်းထားတာ ရှိတယ်။ ယူနီဖောင်းဝတ်တဲ့ရဲတွေပဲ ဝိုင်းပါ၊ ယူနီဖောင်းမဝတ်တဲ့ ရဲတွေ လူထုပုံစံမျိုးနဲ့ ဝိုင်းတာမျိုးမလုပ်ပါနဲ့။ ဒါ ကျွန်တော် မေတ္တာရပ်ခံတာပါ။ အခု ရဲတွေထွက်ဆိုတာအားလုံးဟာ မှတ်တမ်းရေးလာတာအားလုံးကို တရားရုံးမှာ ဖတ်ပြတာပဲ လုပ်နေတယ်။ အဲဒါသက် သေခံဥပဒေနဲ့ မြောက်မမြောက်ကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရှေ့နေတွေ တရားသူကြီးတွေ သုံးသပ်နိုင်အောင် ကျွန်တော်က တင်ပြတာဖြစ်ပါတယ်။ စရဖ မပါဘူး။ တပ်ကမပါဘူး၊ ပြည်နယ်အစိုးရတစ်ခုတည်းက ၄ /၂၀၁၈ နဲ့ တရားစွဲတယ်ဆိုတာကတော့ ခင်ဗျားတို့ သဘောပေါက်မှာပါ” ဟု လည်း ဒေါက်တာအေးမောင်က ပြောကြားသည်။

စာပေဟောပြောပွဲတွင် ဟောပြောမှုများ နှင့်ပတ်သက်ပြီး ယင်းတို့နှစ်ဦးအား ပုဒ်မ ၁၂၂ ၊ ပုဒ်မ ၁၇(၁)နဲ့ ၅၀၅(ခ)(ဂ)တို့ဖြင့် စွဲဆိုထားခြင်းဖြစ်ကာ စစ်တွေခရိုင်တရားရုံးတွင် အမှုသုံးခုစလုံးကို စစ်ဆေးခွင့်ရရှိထားကြောင်း သိရသည်။

ဇူလိုင် ၁၆ ရက် ရုံးချိန်းတွင် တရားလိုပြ သက်သေတစ်ဦးဖြစ်သော ရဲတပ်ကြပ်အောင်သာဖြူအား စစ်တွေခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ကြောင်းနှင့် လာမည့်ရုံးချိန်းကို ဇူလိုင် ၂၃ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။

ဇွန် ၂၇ ရက်ရုံးချိန်းတွင် တရားလိုပြသက်သေ ဒုရဲအုပ်စိုးနိုင်ထွန်းအားလည်းကောင်း၊ ဇူလိုင် ၉ ရက်တွင် တရားလိုပြသက် သေရသေ့တောင်ရဲစခန်းမှ တပ်ကြပ်ကြီး ယဉ်လှအားလည်းကောင်း စစ်ဆေးခဲ့သည်။

ဒေါက်တာ အေးမောင်၏အမှုကို ဖျက်သိမ်းရန် ဒေါက်တာအေးမောင်၏ ရှေ့နေများက ပြည်နယ်တရားလွှတ်တော်သို့ ရာဇဝတ် အထွေထွေအမှုလျှောက်ထားခြင်းအား ပြည်နယ်တရားလွှတ်တော်က မေ ၃၁ ရက်တွင် ပယ်ချထားကြောင်း သိရသည်။

အစိုးရတစ်ရပ်၏ပုံရိပ်မှာ အရေးကြီးကြောင်း၊ ပြည်နယ်အစိုးရဖြစ်ဖြစ် တိုင်းဒေသကြီး အစိုးရဖြစ်ဖြစ် အစိုးရတစ်ရပ်၏ ပုံရိပ်ကျဆင်းသွားပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ ပုံရိပ်ကို ထိခိုက်ကြောင်း၊ အစိုးရအနေဖြင့် ပြည်သူလူထုအား မည်သို့အလုပ်အကျွေး ပြုပြီးသည်ဆိုသည်ကို လေ့လာဆန်းစစ်ရန် လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ဇွန် ၂၇ ရက်က ရုံးထုတ်လာစဉ် မီဒီယာများသို့ ပြောကြားထားသည်။

Most Read

Most Recent