ဖားကန့်မြေပြိုမှုတွင် သေဆုံး ၁၈ ဦး၊ ဒဏ်ရာရရှိသူ ၆၃ ဦးနှင့် ပျောက်ဆုံး ခြောက်ဦးရှိကြောင်း သိရ

ဖားကန့်မြေပြိုမှုတွင် သေဆုံး ၁၈ ဦး၊ ဒဏ်ရာရရှိသူ ၆၃ ဦးနှင့် ပျောက်ဆုံး ခြောက်ဦးရှိကြောင်း သိရ
Published 17 July 2018

ပြိုကျခဲ့သည့်မြေစာပုံတွင် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် 

ဖားကန့်ဒေသ ဆန်ခါကျေးရွာအနီး မြေပြိုမှုတွင် သေဆုံးသူ ၁၈ ဦး၊ ဒဏ်ရာရရှိသူ ၆၃ ဦးနှင့် ပျောက်ဆုံးနေသူ ခြောက်ဦးရှိကြောင်း မြင့်မြတ်သူလူမှုကူညီရေးအသင်းမှ သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီး မဟာကျောက်မျက်တူးဖော်ရေး လုပ်ကွက်တွင် ဇူလိုင် ၁၄ ရက် မွန်းလွဲပိုင်းတွင် မြေပြိုမှုဖြစ်ပွားကာ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မြင့်မြတ်သူ လူမှုကူညီရေးအသင်းက ဦးမင်းဇော်က “ဒီနေ့ညနေပိုင်းမှာ ခြေထောက် ကလေးပေါ်နေလို့ အမျိုးသားအလောင်းရတယ်။ သေဆုံးသူက ၁၈ ဦးပေါ့။ ရေလှိုင်းက ဆွဲချလိုက်တဲ့ခါကျတော့ ရေလိုင်းနဲ့ မျောလာတဲ့လူပါ။ ပြိုတဲ့နေရာက ရတာမဟုတ်ဘူး။ ဘက်ဖိုးတစ်စီးလည်း အခုနွံအိုင်ထဲမှာ။ လူတွေက ရေဆွဲချပြီး သေတဲ့သူက ပြန်ပေါ်လာမယ်။ မြေစာထဲရောက်သူကတော့ ပြန်ပေါ်မလာနိုင်တော့ဘူး။ ပျောက်ဆုံးတာက ၁၀ ဦး ကျော်နေသေးတယ်။ ဒါပေမဲ့ အခုသေဆုံးသူ တွေမှာလည်း တချို့တွေက ပိုင်ရှင်မဲ့တွေ ဖြစ်နေတယ်ဗျ။ မှန်းဆလို့ မရသေးဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ဒဏ်ရာရသူများကို ကျပ်နှစ်သိန်းခွဲ၊ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုကို သုံးသိန်းကျပ်နှုန်းဖြင့် ထောက်ပံနေကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ပြောကြားသည်။

၎င်းက “တစ်ဦးကို မနေ့က မုန့်ပုံးနဲ့ ငွေ ၅၀၀၀၀၊ ဒီနေ့ နှစ်သိန်းကျပ် ထောက်ပံ့မယ်။ သေဆုံးသူကိုတော့ သုံးသိန်းနှုန်းနဲ့ ထောက်ပံ့မှာပေါ့။ လူကယ်ပြန်ဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့တာ။ လုံးခင်း၊ ဖားကန့်ဆေးရုံတွေကိုလည်း သွားပြီးထောက်ပံ့မှာပါ။ ပျောက်ဆုံးတာတွေကို ကျွတော်တို့ဆီ စာရင်းမတက်ဘူး။ အုပ်ချုပ်ရေးဌာနကနေ လာပါလိမ့်မယ်” ဟု ပြောကြားသည်။

ဖားကန့်ဒေသတွင် ၂၀၁၈ ခုနှစ်အတွင်း မြေပြိုမှုကြောင့် သေဆုံးမှုများမှာ လူပေါင်း ၁၀၀ အထက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဖားကန့်ဒေသတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင် အမြဲရှိနေပြီး ကျောက်စိမ်းလုပ်ကွက်များတွင် တရားမဝင် တစ်နိုင်တစ်ပိုင်တူးဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်စိမ်းတူးဖော်နေဆဲလုပ်ကွက်များတွင် ကျောက်စိမ်းရှာဖွေခြင်း လုပ်ငန်းတွင် လုပ်ကိုင်နေပြီး မြေပြို့မှုကြောင့် အပတ်တိုင်းတွင် လူသေဆုံးမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ဖားကန့်ဒေသတွင် မြေပြိုမှုကို လစဉ်တိုင်း နေရာအနှံ့ဖြစ်နေပြီး အထူးသဖြင့် မိုးဦးရာသီမှာ မိုင်းဒဏ်၊ သဘာဝဒဏ်များကြောင့် အက်ကြောင်းများမိုးရေဝင်ကာ လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန်များလျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံများမြေလျှောခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။ ဖားကန့် မြို့နယ်တွင် ဖားကန့်မြို့နှင့် လုံးခင်းကျေးရွာအုပ်စုမှ ဆိပ်မူကျေးရွာအုပ်စုအထိ (အလျား မိုင် ၂၀ ကျော်) ကျောက်စိမ်းလုပ်ကွက်များ အနီးရှိ ကျေးရွာပေါင်း ၂၀ ကျော်မှာ မြေပြိုမည့် အန္တရာယ်ရှိနေကြောင်း သိရသည်။

ထွန်းလင်းအောင်

Most Read

Most Recent