Air Bagan နှင့် Apex အပါအဝင် ပြည်တွင်းလေကြောင်းလိုင်းလေးခု ရပ်နားသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်

Air Bagan နှင့် Apex အပါအဝင် ပြည်တွင်းလေကြောင်းလိုင်းလေးခု ရပ်နားသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်
Published 17 July 2018

FMI လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းအား တွေ့ရစဉ်

Air Bagan နှင့် Apex အပါအဝင် ပြည်တွင်းလေကြောင်းလိုင်းလေးခု ရပ်နားသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ကြောင်း ပြည်တွင်းလေကြောင်းလိုင်း အသိုင်းအဝိုင်းမှ သတင်းရရှိသည်။

ယင်းကဲ့သို့ ရပ်နားသွားပြီဟု သတင်းများထွက်ပေါ်ခဲ့သည့် လေကြောင်းလိုင်းလေးခုမှာ Air Bagan Airlines , Apex Airlines , Asian Wings Airways , FMI Air တို့ ဖြစ်သည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က “Air Bagan နဲ့  Apex လေကြောင်းလိုင်းနှစ်ခုကတော့ သူတို့ရဲ့ လေကြောင်းလိုင်း တည်ထောင်ပျံသန်းခွင့်လိုင်စင် Air Operator’s Certificate (AOC) လိုင်စင်ကို ပြန်အပ်တာမှန်ပါတယ်။ ကျန်တဲ့လေကြောင်းလိုင်းတွေကတော့ (AOC) လိုင်စင်ပြန်အပ်တာ မရှိသေးပါဘူး” ဟု ဇူလိုင် ၁၆ ရက် ညနေပိုင်းက ပြောကြားသည်။

(AOC) လိုင်စင်အား လေကြောင်းဦးစီးဌာနသို့ ပြန်လည်အပ်နှံခဲ့သည့် လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air Bagan လေကြောင်းလိုင်းသည် လေကြောင်းခရီးစဉ် ပျံသန်းမှုအား ၂၀၁၆ ခုနှစ် ဇူလိုင်မှစတင်ကာ ရပ်နားခဲ့ခြင်း ဖြစ်သည်။ ယင်းလေကြောင်းလိုင်းမှ (AOC) လိုင်စင်အား မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ပြန်လည်အပ်နှံခဲ့ခြင်းနှင့် ပတ်သက်ပြီး အဆိုပါလေကြောင်းလိုင်းမှ Deputy Managing Director မစဝ်သန္တာနွဲ့က “မြန်မာနိုင်ငံ လေယာဉ်နည်းဥပဒေပုဒ်မ 155 MCAR Part 1 အရ ရက်ပေါင်း ၆၀ ကျော် ပျံသန်းပြေးဆွဲမှုမလုပ်တဲ့ လေကြောင်းလိုင်းတစ်ခုရဲ့ (AOC) ဟာ အကျိုးသက်ရောက်မှုမရှိတော့ကြောင်း ပြဋ္ဌာန်းထားပါတယ်။ Air Bagan ရဲ့ (AOC) သက်တမ်းက၂၀၁၆ နိုဝင်ဘာမှာကတည်းက သက်တမ်းကုန်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် လတ်တလောမှာ Effictive ဖြစ်မနေတော့တဲ့ Certificate ကို သက်ဆိုင်ရာဌာနမှာ ပျံအပ်ထားခြင်းသာ ဖြစ်ပါတယ်။ လေကြောင်းလိုင်းပျံသန်း ပြေးဆွဲဖို့အဆင်သင့် ဖြစ်တဲ့အခါ ပျံသန်းပြေးဆွဲခွင့်ကို သက်ဆိုင်ရာဌာနကို ချမှတ်ထားတဲ့စည်းမျဉ်းအတိုင်း ပြန်လည်လျှောက်ထားရမှာဖြစ်ပါတယ်။ ဒါကြောင့် Air Bagan  အနေနဲ့ ပျံသန်းပြေးဆွဲဖို့ အဆင်သင့်ဖြစ်နိုင်မယ့်ကာလတစ်ခုမှာ ပြန်လည်လျှောက်ထားခွင့်ပြုဖို့ တောင်းဆိုပြီး Effictive မဖြစ်တော့တဲ့ AOC ကို ပြန်အပ်ထားခြင်း ဖြစ်ပါတယ်။ လေကြောင်းလိုင်းပိတ်သိမ်းတာ မဟုတ်ပါဘူး” ဟု ပြောကြားသည်။

ရပ်နားသွားပြီဟု သတင်းများထွက်ပေါ်ခဲ့သည့် လေကြောင်းလိုင်းလေးခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် Asian Wings Airways သည် ၎င်းတို့၏ လေကြောင်းခရီးစဉ်များကို ပုံမှန်ပျံသန်းနေကြောင်း သိရသည်။

“အစ်မတို့လေကြောင်းလိုင်းက (AOC) လိုင်စင်ပြန်အပ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ လက်ရှိမှာ ပုံမှန်ခရီးစဉ်တွေ ပျံသန်းနေဆဲ ဖြစ်ပါတယ်” ဟု Asian Wings Air ways မှာ PR Manager မယဉ်မျိုးက ဆိုသည်။

လေယာဉ်စင်းရေ နည်းပါးခြင်းနှင့် လေကြောင်းလိုင်းများ ကိုယ်တိုင်အရှုံးပေါ်ခြင်းကြောင့် ခရီးစဉ်ပျံသန်းနိုင်ခြင်း မရှိသဖြင့် လေကြောင်းလိုင်းအချို့ ခရီးစဉ်ပျံသန်းခြင်းအား ယာယီရပ်ဆိုင်းခြင်းခဲ့များ ပြီးခဲ့သည့်နှစ်အတွင်းက ဖြစ်ပေါ်ခဲ့သည်။

ယင်းကဲ့သို့ ခရီးစဉ်ပျံသန်းခြင်း ရပ်ဆိုင်းခဲ့သည့် လေကြောင်းလိုင်းအချို့မှာ လေယာဉ်များအား ငှားရမ်းပျံသန်းခဲ့ခြင်းဖြစ်ပြီး ငှားရမ်းသည့် သက်တမ်းကုန်ဆုံးသဖြင့် ကုမ္ပဏီအား ပြန်လည်အပ်နှံလိုက်ခြင်းကြောင့် ခရီးစဉ်ပျံသန်းခြင်းအား ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။