တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲနဲ့ ကြုံလာရနိုင်တဲ့ ကမ္ဘာ့စီးပွားပျက်ကပ်မှာ မြန်မာနိုင်ငံ ဘယ်လိုရင်ဆိုင်မလဲ

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲနဲ့ ကြုံလာရနိုင်တဲ့ ကမ္ဘာ့စီးပွားပျက်ကပ်မှာ မြန်မာနိုင်ငံ ဘယ်လိုရင်ဆိုင်မလဲ
Published 16 July 2018

လက်ရှိအစိုးရသက်တမ်း နှစ်နှစ်ကျော် ကာလအတွင်း ကျဆင်းလာသည့် ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို တွေ့ရစဉ်

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲရဲ့ ဂယက်ကြောင့် ကမ္ဘာ့စီးပွားပျက်ကပ်ကို ကြုံလာရနိုင်တယ်လို့ ခန့်မှန်းနေချိန်မှာ အထိနာနိုင်တာက မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေပါ။

ဒီလို ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာမှ ပိုပြီးတော့ အထိနာနိုင်တဲ့ နိုင်ငံကို ရွေးထုတ်ပေးပါဆိုရင် အဓိက ကုန်သွယ်ဖက်က တရုတ်ဖြစ်နေတဲ့အပြင် ရခိုင်အရေး၊ ပြည်တွင်းစစ်ပဋိပက္ခ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျဆင်းမှု၊ နိုင်ငံခြား ခရီးသွား ကျဆင်းမှုတွေနဲ့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုအပြင် အထွေထွေ ပြိုကျနေတဲ့ ပြည်တွင်းစီးပွားရေး ကဏ္ဍတွေထဲမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံကပဲ အထိနာနိုင်ဆုံး နိုင်ငံအဖြစ် ရွေးထုတ်ခံရမှာပါ။

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲမှာ အထိနာနိုင်တဲ့ နိုင်ငံက တရုတ်နိုင်ငံလို့ ကမ္ဘာက ခန့်မှန်းနေချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အတွက်ပါ တရုတ်ကို မှီခိုနေရတဲ့ မြန်မာနိုင်ငံဟာ သေချာပေါက်ကို အထိနာနိုင်တယ်လို့ သတ်မှတ်နေချိန်မှာ ဒီအခြေအနေဆိုးကို ဘယ်လိုကြိုတင် အဖြေရှာမလဲဆိုတာ စဉ်းစားထားဖို့ လိုအပ်တဲ့ အခြေအနေ ဖြစ်လာပါတယ်။

“၂၁ ရာစု တတိယပင်လုံ ကျင်းပနေတယ်။ ပြီးခါနီးနေပြီ။ သူတို့ဘယ်လောက် အောင်မြင်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ အဲဒီဘက်က အောင်မြင်ရင် အောင်မြင်သလောက်၊ ဒီနိုင်ငံရေးလိုင်းချည်း အာရုံစိုက်နေမယ့်အစား စီးပွားရေးဘက်ကို အာရုံစိုက်လာလို့ ရတာပေါ့။ အခုဟာက တစ်လမ်းသွားကြီး ဖြစ်နေတယ်။ စီးပွားရေးက အခုအချိန်မှာ နောက်ဘယ်တော့ ကောင်းလာမလဲ ပြောရခက်တယ်။ နိုင်ငံရေး ဆိုတာက လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခမှာလည်း တိုင်းပြည်ရဲ့ ပုံရိပ်က တော်တော်လေးကျနေတယ်။ အဲဒီဟာကို ဘယ်လိုဆွဲတင်မလဲဆိုတာ အရေးတကြီး စဉ်းစားဖို့လိုတယ်။ အဲဒီဘက်က ရိုဟင်ဂျာလို့ ကမ္ဘာက သုံးကြတယ်။ ရှစ်သိန်းကျော် တစ်သန်းနီးနီး ထွက်ပြေးသွားတယ် ဆိုတာကြီးက ပြန်လက်ခံဖို့ကိုလည်း ပြဿနာမျိုးစုံ လုပ်နေတယ်။ အဲဒီဟာကို အင်မတန် ခေါင်းကောင်းကောင်းနဲ့ မြန်မြန်လေး ဖြေရှင်းပေးမယ်ဆို စီးပွားရေးဘက် ပြန်လှည့်လို့ရမှာပေါ့” စီးပွားရေး ဆောင်းပါးရှင် အောင်ချိန်ဘွားက သုံးသပ်ပြောကြားပါတယ်။

ကုန်သွယ်ရေးစစ်ပွဲ ကောက်ကြောင်း

တရုတ်ရဲ့ ပို့ကုန်တွေကို အမေရိကန်နိုင်ငံက စည်းကြပ်လိုက်မှုမှာ ကမ္ဘာ့စီးပွား ပျက်ကပ်လို့ ယူဆမှုတွေရှိသလို ကမ္ဘာ့နိုင်ငံ အများအပြားကိုလည်း ဂယက်ရိုက်ပြီး စီးပွားရေး ကျဆင်းမှုတွေ ဖြစ်စေမယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

အခြားသော တစ်ဖက်မှာလည်း အမေရိကန်က တရုတ်ရဲ့ ပို့ကုန်တွေနဲ့ သူ့နိုင်ငံဆီကို အများအပြား ပို့ကုန်တင်သွင်းနေတာကို တုန့်ပြန်ဖို့၊ ကုန်သွယ်မှု လိုငွေကို လျှော့ချဖို့အတွက် ပို့ကုန်အများအပြား တင်ပို့နေတဲ့ တရုတ်၊ ကနေဒါ၊ မက္ကဆီကိုနဲ့ ဥရောပသမဂ္ဂ စတဲ့နိုင်ငံတွေကိုပဲ အဓိကထား တုံ့ပြန်နေတာဖြစ်လို့ ပို့ကုန်အခွန် မြှင့်တင်ခံရတဲ့ နိုင်ငံကြီးတွေဆီက ရင်းနှီးမြှုပ်နှံမှုတွေက ပို့ကုန်အခွန် မြှင့်တင်ခံရတဲ့ နိုင်ငံလေးတွေဆီကို သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာနိုင်တာမို့လို့ နိုင်ငံငယ်လေးတွေအတွက် အခွင့်အရေး ရလာနိုင်တယ်လို့ တွက်ဆမှုတွေလည်း ရှိနေပါတယ်။

ဘယ်လိုပဲ ခန့်မှန်းနေပါစေ။ ကြုံလာရနိုင်တဲ့ ကမ္ဘာ့စီးပွားပျက်ကပ်မှာ ကိုယ့်နိုင်ငံ မထိခိုက်ဖို့ဟာ အစိုးရတစ်ရပ်ရဲ့ အမြော်အမြင်နဲ့ တိုင်းပြည်အခြေအနေကို ကမ္ဘာကြည့် ကြည့်ပြီး ရေရှည်ကို ရင်ဆိုင်တတ်ဖို့ပါ။ မြန်မာနိုင်ငံဟာ ဟိုးတုန်းက တံခါးပိတ် ကြားနေနိုင်ငံဖြစ်လို့ အရင်က ကြုံခဲ့ရတဲ့ ကမ္ဘာ့စီးပွား ပျက်ကပ်တွေမှာ မထိခိုက်ခဲ့ဘူး ဆိုပေမဲ့ အခုအခြေအနေကတော့ ဈေးကွက်စီးပွားရေးစနစ် ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံဟာ ပြည်ပသွင်းကုန်တွေကို အဓိကထား ရပ်တည်နေရသလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများများဝင်မှ တိုင်းပြည်စီးပွားရေး တိုးတက်တယ်ဆိုတဲ့ အခြေအနေမို့လို့ ကမ္ဘာ့စီးပွားပျက်ကပ်သာ ကြုံလာရမယ်ဆိုရင် မလွဲမသွေထိခိုက်မှု ကြုံလာရနိုင်ပါတယ်။

အမေရိကန်နဲ့ တရုတ်က ဒေါ်လာ ၃၄ ဘီလျံဖိုးရှိတဲ့ စည်းကြပ်ခွန်တွေကို အပြန်အလှန်ချမှတ်မှု စတင်အသက်ဝင်လာတဲ့နောက်မှာ ဒေါ်လာဘီလျံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ်သွင်းကုန်တွေကို ထပ်ပြီးတော့ စည်းကြပ်သွားမယ်လို့ အမေရိကန်က ခြိမ်းခြောက်မှုဟာ ကုန်သွယ်ရေးစစ်ပွဲရဲ့ အရှိန်ကို ပိုမိုမြင့်တက် လာစေခဲ့ပါတယ်။

တရုတ်သွင်းကုန် ဒေါ်လာဘီလျံ ၂၀၀ ကို စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းချမှတ်ဖို့ လုပ်ငန်းစဉ်ကို ဒေါ်နယ်ထရန့်က ကုန်သွယ်ရေးဌာနကို ညွှန်ကြားခဲ့တယ်လို့ အမေရိကန် ကုန်သွယ်ရေး အကြံပေး ရောဘတ်လိုက်သီဇာက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ပစ်မှတ်ထားမယ့် ကုန်ပစ္စည်းစာရင်းကို သြဂုတ်လကုန်ပိုင်းမှာ ဆွေးနွေးမှာဖြစ်ပြီး ဒီဆွေးနွေးမှုက နှစ်လလောက်ပဲ ကြာမြင့်မှာဖြစ်လို့ Trade War ဂယက်ဟာ ၂၀၁၈ အကုန်ပိုင်းထဲမှာကို ပိုပြီးတော့ ပြင်းထန်လာမယ့် အခြေအနေပါ။ ဒါ့အပြင် လက်ရှိကုန်သွယ်ရေးစစ်ပွဲရဲ့ ဂယက်ဟာ လာမယ့် ၂၀၁၉ ခုနှစ်ထဲမှာ ပိုပြီးအရှိန်ပြင်းထန်လာမယ်လို့ ခန့်မှန်းထားတာကြောင့် ဘယ်သူတွေပိုပြီး အထိနာမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ချင်စရာပါ။

တရုတ်နဲ့ ကုန်သွယ်မှုက ကုန်သွယ်ရေးလိုငွေပြမှုဟာ ပြီးခဲ့တဲ့နှစ်မှာ ၃၇၅ ဘီလျံကျော် စံချိန်တင် ဖြစ်ခဲ့ပြီးတဲ့နောက်မှာ ဒေါ်နယ်ထရန့်က ဒေါ်လာဘီလျံ ၄၅၀ အထိရှိနေတဲ့ တရုတ်သွင်းကုန် အားလုံးကိုလည်း စည်းကြပ်မယ်လို့ ကြွေးကြော်ခဲ့ပြီး တရုတ်ကလည်း တန်ပြန်ဆောင်ရွက်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ တရုတ်တုံ့ပြန်မှုအတိုင်း အမေရိကန်နိုင်ငံကလည်း စည်းကြပ်ခွန်တွေတိုးဖို့ ပြင်ဆင်နေတာကြောင့် ကုန်သွယ်ရေးစစ်ပွဲ ဂယက်ဟာ အရှိန်မြင့်လာဖို့ပဲ ရှိပါတယ်။

ဘီလျံ ၅၀၀ လောက်ရှိတဲ့ တရုတ်သွင်းကုန်တွေကို အမေရိကန်က စည်းကြပ်မယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ လက်တုံ့ပြန်နိုင်မှာက ဘီလျံ ၁၅၀ မပြည့်တဲ့ အမေရိကန်သွင်းကုန်တွေ အပေါ်ပဲဖြစ်လို့ ကုန်သွယ်ရေးစစ်ပွဲမှာ အထိနာနိုင်တာက တရုတ်လို့ ခန့်မှန်းနေကြတာပါ။ လက်ရှိမှာဆိုရင်ကို တရုတ်နိုင်ငံဟာ ယွမ်ငွေတန်ဖိုး ကျဆင်းမှုအပြင် အခြားသော ဆိုးကျိုးတွေအဖြစ် ရှန်ဟိုင်းအညွန်း ကျဆင်းတာတွေလည်း ဖြစ်လာပါတယ်။ ဒါပေမဲ့ မြင်နေရတဲ့ ကုန်သွယ်မှု ကိန်းဂဏန်းတွေကိုပဲ တွက်ဆနေတာဖြစ်ပြီး တခြားသောအကြောင်း အရာတွေအဖြစ် တရုတ်နိုင်ငံက အမေရိကန်ထုတ် ဇိမ်ခံကားတွေကို သပိတ်မှောက်တာ၊ တရုတ်ခရီးသွားတွေနဲ့ ကျောင်းသားတွေရဲ့ အမေရိကန်နိုင်ငံဆီ သွားရောက် လည်ပတ်တာနဲ့ ပညာသင်ကြားမှုတွေ ကန့်သတ်လိုက်တာ၊ အမေရိကန်လေယာဉ်ကုမ္ပဏီ ဘိုးအင်းဆီက လေယာဉ်မှာယူမှုတွေ ချုပ်ကိုင်လိုက်တာ၊ ကမ္ဘာ့အများဆုံး နိုင်ငံခြားအရန်ငွေကြေး ကိုင်ထားမှုနဲ့ အမေရိကန် ဘဏ္ဍာရေး စာချုပ်မှာ ဒေါ်လာဘီလျံနဲ့ချီ မြှုပ်နှံထားတာတွေကြောင့် တရုတ်က ဒီကုန်သွယ်ရေးစစ်ပွဲမှာ နိုင်မယ်လု့ိ ခန့်မှန်းမှုတွေ ရှိနေပါတယ်။

ကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်နိုင်ခြင်း၊ တရုတ်နိုင်ခြင်းက မြန်မာနိုင်ငံအတွက် အဓိက မကျပါဘူး။ အဓိကကျတာက ကုန်သွယ်ရေးစစ်ပွဲသာ တကယ်ဖြစ်လာရင် မြန်မာနိုင်ငံ အထိမနာဖို့ပါ။ ဒီလိုဖြစ်လာဖို့ဆိုရင် အနည်းဆုံး အဆင့်မှာကို အမေရိကန်က တရုတ်ဆီက ဘယ်လိုသွင်းကုန်မျိုးကို စည်းကြပ်သလဲ။ မြန်မာက တရုတ်နဲ့ အမေရိကန်ဆီတိုးပြီး တင်ပို့လာနိုင်မယ့် ပို့ကုန်မျိုးကဘာလဲ။ အမေရိကန်လို ဒေါ်လာသန်း ရာဂဏန်းလောက် နိုင်ငံမျိုးကို ဘီလျံအဆင့် တင်ပို့နိုင်အောင် ဘယ်လိုမူဝါဒ ချမှတ်မလဲ။ တရုတ်ဘက်က မြန်မာ့ပို့ကုန်တွေကို ထိန်းချုပ်ထားတဲ့ အခြေအနေတွေကို ဘယ်လိုကျော်လွှားမလဲဆိုတဲ့ အခြေအနေမျိုးတွေကို ပြင်ဆင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ သူတို့ဘာသာ ဖြစ်နေတာ ငါတို့နဲ့ ဘာဆိုင်လဲတွေးနေပြီး ကြိုတင်ပြင်ဆင်မှု မရှိရင်တော့ လက်ရှိကြုံနေတဲ့ စီးပွားရေး ကျဆင်းမှုက ပိုဆိုးပါလိမ့်မယ်။ အာဏာမရခင် သုံးနှစ်လောက်မှာ ကြိုတင်ပြင်ဆင်မှု အားနည်းတာနဲ့ မဟာဗျုဟာ မရှိတာကြောင့် ဘာတစ်ခုမှ နားမလည်ဘဲ ပြောခဲ့တာတွေနဲ့ ကြုံလာရတာ တခြားစီ ဖြစ်နေလို့ စီးပွားရေး တုံ့သွားတာမျိုး ထပ်ဖြစ်လို့ မရတော့ဘူးဆိုတာ အသေအချာ သုံးသပ်ပြင်ဆင်ဖို့ လိုနေပါပြီ။

လတ်တလောမှာကြည့်ရင်ကိုပဲ ကုန်သွယ်ရေးစစ်ပွဲအစမှာကို မြန်မာနိုင်ငံက မြန်မာကျပ်ငွေတန်ဖိုး ထိုးကျသွားတာ၊ တရုတ်ကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေက ယွမ်ငွေတန်ဖိုးကျဆင်းမှု၊ ဈေးနှုန်းကျဆင်းမှုတွေကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ တစ်ခုခံသာနေတာက ဒေါ်လာဈေး မြင့်တက်မှုကြောင့် အဓိက ကုန်သွယ်ဖက် နိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးတွေလည်း ကျနေတာပါ။ ဒါပေမဲ့ တစ်ခုသတိချပ်ရမှာက မြန်မာနိုင်ငံဟာ ငွေကြေးတန်ဖိုး ကျဆင်းတိုင်း ဖြစ်သင့်တာထက် ပိုမိုကျဆင်းမှုဖြစ်ပြီး လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် လက်ထက်မှာ ကျပ်ငွေတန်ဖိုး ရာခိုင်နှုန်း ၄၀ ကျော် ကျဆင်းလာတာနဲ့ ကမ္ဘာ့စီးပွားပျက်ကပ် စိန်ခေါ်မှုအသစ်မှာ ဗဟိုဘဏ်က ကျပ်ငွေတန်ဖိုး လိုတာထက် ပိုမကျအောင် တောင့်ခံနိုင်ပါ့မလားဆိုတာ သံသယဝင်စရာ ဖြစ်လာနေပါတယ်။

ကမ္ဘာ့စီးပွားပျက်ကပ်မှာ အခက်ကြုံနေဆဲ မြန်မာ

မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံသူတွေက လက်တွန့်ကြပါတယ်။ ဘာကြောင့် လက်တွန့်သလဲဆို မြေယာအငြင်းပွားမှု ပြဿနာ၊ အလုပ်သမား ဆန္ဒဖော်ထုတ်မှု၊ ဥပဒေ မခိုင်မာတဲ့အပြင် ပြောင်းလွယ်ပြုလွယ်တာ၊ လျှပ်စစ်၊ ရေ၊ မီး၊ လမ်း၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ကြီးမြင့်လွန်းတာ၊ အချိန်မရွေး နောက်ပြန်လှိုင်း ရိုက်ခတ်နိုင်တာ (Democracy Back Wave) နဲ့ အဆိုးဆုံးက ရခိုင်အရေးမှာ ပုံရိပ်ကျဆင်းပြီး လူမျိုးရေး၊ ဘာသာရေး အကဲဆတ်လွန်းတဲ့ သွေးဆူဆူပူလွယ်တဲ့ နိုင်ငံအဖြစ် နိုင်ငံတကာက အမြင်စောင်း ခံနေရတာပါ။

ဒီလိုအမြင်စောင်း ခံရမှုမျိုးက မြန်မာနဲ့ ယှဉ်ပြိုင်ဖက် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်း စတဲ့ နိုင်ငံမျိုးတွေမှာ မရှိပါဘူး။ ဒီလို ကမ္ဘာ့အလယ်မှာ မြန်မာ့ပုံရိပ်ကျဆင်းမှုကို ဘယ်လိုပြန်လည် ကုစားမလဲ ဆိုတာက NLD အစိုးရအတွက် အသေအချာ မဟာဗျု ဟာ ချမှတ်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်လာပါတယ်။

ဒါ့အပြင် တခြားသော အာဆီယံနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု၊ လုပ်သားစီးဆင်းမှုတွေကို အလွယ်တကူ ခွင့်ပြုပေးရမယ့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ကလည်း ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက်မှာ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေအတွက်လည်း မြန်မာက အသင့်မဖြစ်သေးပါဘူး။

“အမေရိကန်နဲ့ တရုတ်ဆိုတာ ကမ္ဘာ့နံပါတ် (၁) နဲ့ နံပါတ် (၂) ပေါ့။ အမေရိကန်ကစပြီး ကုန်ပစ္စည်းအမျိုး ၈၀၀ ကို ပထမ ၃၄ ဘီလျံ၊ နောက်တော့ ဘီလျံ ၅၀၊ အခုဆို ဘီလျံ ၂၀၀ အထိ အကောက်ခွန် စည်းကြပ်မယ် ဆိုတော့ တရုတ်ကနေ အမေရိကန်ဆီ ပို့နေတဲ့ ကုန်တွေက အမေရိကန်မှာ ဈေးကြီးသွားမယ်။ ဈေးကြီးသွားမယ်ဆိုတော့ အဝယ်နည်းသွားမယ်။ အဝယ်နည်းသွားရင် တရုတ်က Export Promotion လုပ်နေတာဆိုတော့ သူတို့ US Market Only ဆိုတဲ့ ကုန်ပစ္စည်း အကောင်းစားတွေ အမေရိကန်ကို ပို့မရရင် သူတို့ဘာလုပ်မလဲ။ အဲဒီတော့ အိမ်နီးနားချင်း နိုင်ငံတွေကို ရောက်ဖို့များတော့ လူသုံးကုန်၊ လျှပ်စစ်၊ IT ပစ္စည်းတွေက အစပေါ့။ အမေရိကန်က မဝယ်ရင် အာဆီယံနိုင်ငံတွေဆီ ဈေးချိုချိုနဲ့ ထုတ်ရောင်းမယ့်သဘော ရှိတာပေါ့။

နောက်တစ်ချက်က အမေရိကန်ကနေ သူတို့ဝယ်မယ့် ပစ္စည်းတွေကိုလည်း ၂၅ ရာခိုင်နှုန်း အကောက်ခွန် စည်းကြပ်မှု တင်လိုက်တယ်။ ဘီလျံ ၅၀ အပေါ် စည်းကြပ်လိုက်တယ်။ ဆိုတော့ တရုတ်ကနေ အမေရိကန်ဆီ အဓိက သွားတာက ပဲပုပ်စေ့။ နောက်ပြီး ဟင်းသီးဟင်းရွက်၊ အသားငါး နည်းနည်းရှိတယ်။ အဲဒါတွေကို ဈေးတင်လိုက်ပြီဆိုတော့ သိပ်မဝယ်နိုင်တော့ဘူးပေါ့။ အဲဒီလိုဖြစ်နေတယ်။ အဓိက,ကတော့ အသေးစား၊ မော်တော်ကား၊ ဝီစကီတို့ပေါ့။ မြန်မာက ဘာလုပ်လို့ရလဲဆိုရင် ပဲမျိုးစုံကို များများရောင်းဖို့ အခွင့်ကြုံတုန်း လုံးပန်းရမယ်။ စိုက်ပျိုးရေးသီးနှံ ကုန်သည်တွေရဲ့အလုပ်။ ဆန်လည်း ပိုပြီးရောင်းနိုင်အောင် ကြိုးစားရမယ်။ နောက်ပြီးတော့ တကယ်လို့ တော်လို့ရှိရင်ပေါ့။ အမေရိကန်က ဝီစကီမသွင်းတော့ဘူး။ တို့ဆီက ဝီစကီသွင်းနေတယ်။ ဘော်ဒါတွေကနေ ကုန်သည်တွေ သွားရောင်းရင် အမြတ်အစွန်း ရနိုင်တာပေါ့။ အဲဒီတော့ ဆိုလိုတာက ကမ္ဘာ့နံပါတ် (၁) နဲ့ (၂) ရဲ့ ကုန်သွယ်မှု ထိပ်တိုက်ဖြစ်တာကို တချို့ကလည်း Trade War လို့ သုံးတယ်ပေါ့။ ကုန်သွယ်မှု စစ်ပွဲသဘောမျိုးပေါ့။ အဲဒါဆိုရင် သူတို့နှစ်ခုစလုံးက WTO ကို ဝင်ထားတာဆိုတော့ ကုလသမဂ္ဂက ဝင်ကိုင်တွယ်ရမှာပေါ့။ သူတို့ဆီက ဖြစ်လာမယ့် ကိစ္စတွေက အခုနက ပြောသလို မြန်မာနိုင်ငံကလူတွေ ထိုင်မနေဘဲ အမြတ်ထုတ်တတ်ရင် ရမယ်ပေါ့။ နောက်တစ်ခုက AEC ဖြစ်လာရင်ပေါ့။ ဒါက သိပ်ပြီး ပြဿနာ မရှိနိုင်ဘူး။ ဘာလို့ မရှိဘူးလဲဆိုရင် ထိုင်းတို့၊ စင်ကာပူတို့ မလေးရှားတို့ ပစ္စည်းတွေက တန်းစီအောတိုက်ပြီး ဝင်နေတာက Securest ဖြစ်နေပြီ။ ဒီ့ထက်ပိုပြီး ထပ်ဝင်လာစရာလည်း မရှိဘူး။ ဘာရှိမလဲဆို ကိုယ်ကတော်လို့ရှိရင် အစားအစာ၊ ဆေးဝါးလုံခြံမှု (Food, Medical Security) မရှိဘူး။ ပြီးတော့ Standardization လို့ခေါ်တဲ့ စံထားသတ်မှတ်ချက် မရှိဘူး။ လွတ်လွတ်လပ်လပ် ဝင်နေတဲ့ဟာတွေကို စံနှုန်းတွေ သတ်မှတ်ပြီးတော့ စိတ်မချရတဲ့ပစ္စည်း၊ ဒီမှာ မှတ်ပုံတင်မထားတဲ့ပစ္စည်း ဝင်မရဘူး ဆိုတာမျိုး လုပ်လို့ရတယ်။ လွတ်လွတ်လပ်လပ် ဆိုပေမယ့် ဒီလိုစံနှုန်းတွေက တစ်ကမ္ဘာလုံး တားပိုင်ခွင့်ရှိတဲ့ ကုန်သွယ်ရေး စနစ်တစ်ခု။ အဲဒီနည်းတွေနဲ့ ပြန်ကိုင်လို့ရတယ်” လို့ စီးပွားရေးပညာရှင် ဦးလှမောင်က ပြောပါတယ်။

မြန်မာ့ပုံရိပ် မြှင့်တင်ရေး၊ Doing Business နဲ့ Trade War မှာ ဘာတွေပြင်ထားမလဲ

ဇူလိုင် ၆ ရက်က ကယ်လီဖိုးနီးယားရှိ လောင်းဘိချ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘောတစ်စင်းပေါ်၌ China Shipping မှ ကွန်တိန်နာများ စီထားသည်ကို တွေ့ရစဉ်

ဆိုးဆိုးရွားရွား ကျဆင်းနေတဲ့ အထဲမှာ မြန်မာနိုင်ငံအတွက် ပထမဆုံး ဆွဲတင်သင့်တာက NLD အစိုးရလက်ထက်မှာ ပြန်ပြီးတော့ ကျဆင်းသွားတဲ့ Doing Business မှာ အဆင့်ပြန်လည် မြင့်တက်ရေးပါ။

တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးကာလ၊ လာဘ်ပေးလာဘ်ယူကစလို့ ရေ၊ မီး စတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ကြုံရနိုင်တဲ့ ကဏ္ဍမျိုးစုံအားလုံးပါအောင် တွက်ချက်အမှတ်ပေးတဲ့ Doing Business မှာ အဆင့်ပြန်ပြီး ကောင်းမွန်လာရေး ကြိုးပမ်းမှုဟာ ၂၀၁၈ ခုနှစ် ညွှန်းကိန်းမှာ အဆင့်ပြန်လည် တက်လာမလားဆိုရင် လက်ရှိအနေအထား အရတော့ မလွယ်ကူသေးပါဘူး။

စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့် ရယူခြင်း၊ လျှပ်စစ်သွယ်တန်းရယူခြင်း၊ မြေနှင့်အိမ်ရာ အဆောက်အအုံ မှတ်ပုံတင်ခြင်း၊ ချေးငွေရယူခြင်း၊ အနည်းစုသော ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း၊ အခွန်များပေးဆောင်ခြင်း၊ ပြည်ပသို့ ကုန်သွယ်ခြင်း၊ စာချုပ်များ သဘောတူညီမှု အာဏာတည် လိုက်နာစေခြင်း၊ ဒေဝါလီခံမှုကို ဖြေရှင်းခြင်း စတဲ့အချက်တွေမှာ ၂၀၁၈ ရလဒ်မြင့်တက်ဖို့ ထူးထူးခြားခြား ကြိုးပမ်းနိုင်တာ မရှိဘဲ အမြင့်ဆုံး စွမ်းဆောင်ရည်က ကွာလှမ်းမှုရမှတ် (DTF Score) တွေမှာ အဆင့်တက်ဖို့ သိပ်မလွယ်ပါဘူး။ ကဏ္ဍတစ်ခုဖြစ်တဲ့ ဒေဝါလီခံမှုကို ဖြေရှင်းခြင်း အတွက်ဆိုရင် လူမွဲအဖြစ်ခံယူမှု ဥပဒေ (Insolvency Law) ဟာ ဥပဒေပြဋ္ဌာန်းဖို့တောင်မှ မလုပ်နိုင်သေးတာနဲ့ တချို့လုပ်ငန်း ဆောင်ရွက်မှုတွေက၂၀၁၈ အညွှန်းကိန်း သတ်မှတ်ချိန် ကာလအတွင်း မလုပ်နိုင်ခဲ့တာကြောင့် ၂၀၁၇ ခုနှစ်မှာ နိုင်ငံပေါင်း ၁၉၀ ထဲက အဆင့် ၁၇၁ မှာ ရပ်တည်နိုင်ခဲ့တာထက် မဆိုးသွားဖို့ဘဲ ဆုတောင်းရမှာပါ။

နောက်တစ်ချက် ကမ္ဘာ့ဘဏ်ကနေပြီးတော့ Doing Business မှာ အဆင့်ပြန်တက်ဖို့ အချက်ငါးချက် အကြံပြုထားပေမယ့် ဒီအချက်တွေကို မြန်မာနိုင်ငံဘက်က လုံးဝနီးပါး လုပ်ဆောင်နိုင်မှု မရှိသေးတာကလည်း အဆင့်တက်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုးပါ။

ဥပမာအားဖြင့် Credit Bureau ကို ခွင့်ပြုလိုက်ပေမဲ့လည်း အကောင်အထည်ဖော်နိုင်ဖို့ သုံးနှစ်လောက် အချိန်ယူရမှာ၊ အခွန်ပေးဆောင်မှုတွေမှာ လာဘ်ပေးလာဘ်ယူတွေ ရှိနေဆဲ ဖြစ်နေတာ၊ အစိုးရအဖွဲ့ကနေ အဆင့်ဆင့်တင်ပြ၊ ဆင်းပြီးစစ်၊ အောက်ခြေ ပြန်ရောက်နဲ့ လုပ်ငန်းအသေးလေး တစ်ခုတောင်မှ ခြောက်လ၊ တစ်နှစ် ကြာတဲ့အထိ ဖြစ်လာတာတွေကို ပြင်ဆင်ဖို့ လိုအပ်မှာပါ။

“Rank (အဆင့်) ကတော့ တက်ချင်မှ တက်မှာပေါ့။ ဘာကြောင့်လဲဆို တခြားနိုင်ငံတွေကလည်း ကြိုးစားနေတာ။ ကျွန်တော်တို့ ကြိုးစားသလို တခြားနိုင်ငံတွေလည်း ကြိုးစားနေတာ။ စင်ကာပူတို့ ဆိုရင်လည်း ကြိုးစားနေရင်း အဆင့် (၁) ကနေ အဆင့် (၃) ပြန်ရောက်သွားပြီး သူ့နောက်ကသူတွေ တက်သွားတာတို့။ ကျွန်တော်တို့လည်း အလားတူပါပဲ။ သို့သော် အမှတ်ကတော့ အရင်ကထက်ကောင်းမယ် ထင်ပါတယ်” လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက Doing Business မှာ အဆင့်တက်ခြင်း မတက်ခြင်းအပေါ် ပြောကြားပါတယ်။

တကယ်တော့ ညွှန်းကိန်းတွေကို သတ်မှတ်ရာမှာ ပုံသေနည်းရှိတယ် ဆိုပေမဲ့ အုပ်ချုပ်တဲ့အစိုးရအပေါ် အမြင်မကြည်မှု၊ အဆင့်တွေ သတ်မှတ်ဖို့ စစ်တမ်းကောက်ယူချိန်တွေက မြန်မာနိုင်ငံမှာ  သီးနှံစိုက်ပျိုးချိန် မဟုတ်လို့ အလုပ်မရှိတာမျိုး၊ ရေကြီးရေလျှံနေလို့ အစိုးရက ဂရုမစိုက်နိုင်တာမျိုး၊ လာပြီးတော့  စစ်တမ်းကောက်ယူတဲ့ ကာလတွေနဲ့ မြန်မာ့ရေမြေ အခြေအနေအရ အလုပ်မလုပ်တဲ့ အချိန်ကာလမျိုး ဖြစ်နေမယ်ဆိုရင် စစ်တမ်းအမှန်ထွက်မှာ မဟုတ်ပါဘူး။ ဒီလို စစ်တမ်းအမှန် မထွက်နိုင်ဘူး ဆိုပေမဲ့လည်း ဝန်ကြီးဌာနတွေ လျှော့ချပြီး ကြိုးနီစနစ် မလျှော့နိုင်တာ၊ ငါးကြီးကြီးလည်း မဖမ်းနိုင်၊ ငါးသေးသေးလည်း မတားနိုင်ဘဲ ပေါ်တင်တောင်းခံနေတဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ဆက်ရှိနေတာ တွေကလည်း မြန်မာနိုင်ငံအတွက် အားနည်းချက် ဖြစ်နေတဲ့အပြင် ဝန်ကြီးဌာနတွေတိုင်းမှာ ဝန်ထမ်းတစ်ယောက်ချင်းစီ၊ အဆင့်တိုင်းစီအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အလေ့အထ မရှိတာကလည်း မြန်မာနိုင်ငံဟာ ဝါးအစည်းပြေနေတဲ့နိုင်ငံလို့ မြင်စေတဲ့ ဖြစ်ရပ်ပါ။ ဒီလိုအခြေအနေတွေကို ကျော်လွှားဖို့ဆိုရင် ဝန်ကြီးဌာနတိုင်းမှာ အဆင့်အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တင်ပြလာတဲ့ လုပ်ငန်းတစ်ခုကို အချိန်ဘယ်လောက်အတွင်း လုပ်ကိုလုပ်ရမယ်ဆိုတဲ့ ဆုပေးဒဏ်ပေး Standard Operation Procedure တွေ မဖြစ်မနေရေး ဆွဲသတ်မှတ်ဖို့ လိုပါလိမ့်မယ်။ ဒါမှလည်း လာဘ်ငွေမရရင် အချိန်ဆွဲတဲ့ ဝန်ကြီးဌာနတွေရဲ့ အလေ့အထတွေကို တစ်ဖက်တစ်လမ်းက လျှော့ချနိုင်မှာပါ။

“နံပါတ် (၁) အနေနဲ့ ကြိုးနီစနစ်တွေကို လျှော့ချရမယ်။ ပိုပြီးလျော့အောင်လုပ်ရမယ်။ နံပါတ် (၂) က Business Friendly ဖြစ်အောင် ပိုပြီးလုပ်ရမယ်။ လုပ်ငန်းတွေ ပိုပြီးတော့ လွယ်ကူအောင်လုပ်ရမယ်။ တချို့သော အခွန်နှုန်းထားတွေကို ပြန်လည်ပြင်ဆင်ပြီးတော့ လျှော့သင့် လျှော့ထိုက်တာတွေ ပြန်ပြီးလျှော့ချရမယ်။ ဒါတွေက အဆိုးဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင် ထားဖို့ပေါ့။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ကလည်း ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ၊ တရုတ်ကလည်း ဒုတိယ စီးပွားရေး အင်အားကြီးတဲ့နိုင်ငံ ဖြစ်တဲ့အခါကျတော့ ဒါကိုသူတို့ရဲ့ ဂုဏ်သိက္ခာအရ အလျှော့ပေးမှာ မဟုတ်ဘူး။ အရှုံးပေးလို့ မရတဲ့ အခါကျတော့ နှစ်ဖက်စလုံးကလည်း တစ်ဖက်နဲ့တစ်ဖက် စောင့်ကြည့်ပြီး အခြေအနေ အတိုင်းအတာအရ ကစားနေတာပေါ့။ ဒါက စီးပွားရေး အားပြိုင်မှုတင် မဟုတ်ဘဲ နိုင်ငံရေး အားပြိုင်မှုဆိုလည်း ဟုတ်တယ်။ ကျွန်တော်တို့နိုင်ငံကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံခြား အရန်ငွေအနေနဲ့ အမေရိကန်ဒေါ်လာကို အဓိကသုံးတဲ့နိုင်ငံပေါ့။ နောက်တစ်ခု တရုတ်နဲ့ကျတော့ အဓိက ကုန်သွယ်ဖက်နိုင်ငံ။ အဓိက ရင်းနှီးမြှုပ်နှံမှုနိုင်ငံ။ ပြီးတော့ နယ်စပ်မိုင်ထောင်ချီ ထိစပ်နေတဲ့ အကြီးဆုံး အိမ်နီးချင်းနိုင်ငံ။ နောက်ပြီးတော့ ငြိမ်းချမ်းရေးမှာ တရုတ်က ပါဝင်ပတ်သက်နေတဲ့နိုင်ငံ ဖြစ်တဲ့အခါကျတော့ အမေရိကန်နဲ့တရုတ် အားပြိုင်တဲ့အခါမှာ အင်မတန်ကို သတိကြီးစွာနဲ့ စောင့်ကြည့်ဖို့ လိုပါတယ်” လို့ မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပါတယ်။

ရခိုင်ပဋိပက္ခကြောင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံဆီ ရင်းနှီးမြှုပ်နှံမှု မလာကြတော့ဘဲ Sanction လှုပ်ရှားမှုတွေ စတင်လာချိန်မှာ မြန်မာနိုင်ငံအတွက် တရုတ်နဲ့ အာရှနိုင်ငံ အချို့ကိုပဲ မျှော်လင့်ရတော့မှာပါ။ ကမ္ဘာက အမြင်စောင်းနေတဲ့ အခြေအနေမျိုးမှာ လက်ရှိစွမ်းဆောင်ရည်ဟာ အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ တစ်ဟုန်ထိုး တိုးဝင်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပိုပြီးဆိုးနေတာက မြန်မာ့အဓိက ကုန်သွယ်ဖက်နဲ့ ရင်းနှီးမြှုပ်နှံမှုနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံသာ ကမ္ဘာ့စီးပွားပျက်ကပ်မှာ ပြိုဆင်းသွားရင် OBOR မှာပါလာမယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ကျောက်ဖြူ-ကူမင်း ရထားလမ်း၊ ထိုင်းနိုင်ငံအထိ ဖောက်လုပ်ဖို့ရှိတဲ့ အမြန်ရထားလမ်း စီမံကိန်းတွေနဲ့ တရုတ် CCCC ကို ပုံအပ်ထားတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းတွေဟာ အဟောသိကံ ဖြစ်သွားနိုင်ပါတယ်။ အနောက်နိုင်ငံတွေဆီက ရင်းနှီးမြှုပ်နှံမှု တွေကလည်း အယုံအကြည်မရှိလို့ မလာ။ တရုတ်ကလည်း ပြိုဆင်းသွားမယ်ဆိုရင် ဒီကုန်သွယ်ရေး စစ်ပွဲမှာ အထိအနာနိုင်ဆုံး နိုင်ငံဟာ မြန်မာနိုင်ငံ ဖြစ်သွားမှာ မြေကြီးလက်ခတ်မလွဲ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့ကတော့ လက်ရှိအစိုးရရဲ့ စွမ်းဆောင်ရည်ကိုပဲ စောင့်ကြည့်ရမှာဖြစ်ပြီး အရင်ကထက် စွမ်းဆောင်ရည် မြင့်တက်ပါစေ။ မြန်မာကို ကမ္ဘာကြည့်ကြည့်ပြီး မဟာဗျုဟာမြောက် ပြင်ဆင်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပါ။

 

Most Read

Most Recent