မည်သူ့တွင်တာဝန်ရှိ၍ မည်သူတာဝန်ခံမည်ကိုပင် မသိနိုင်သော လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှုများ

မည်သူ့တွင်တာဝန်ရှိ၍ မည်သူတာဝန်ခံမည်ကိုပင် မသိနိုင်သော လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှုများ
Published 16 July 2018

 

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ဇူလိုင် ၁၄ ရက်က မြေစာပုံပြိုကျမှုနှင့် မြေပြိုကျမှုကြောင့် သေဆုံးရသူများနှင့် လွတ်မြောက်လာသူများကို ကယ်ဆယ်မှုလုပ်ဆောင်နေသည့် မြင်ကွင်းအချို့

■ မတူတဲ့အခွင့်အရေးတွေ

လွန်ခဲ့တဲ့ရက်ပိုင်းက  ထိုင်းနိုင်ငံမှာ ဂူ အတွင်း ကလေး ၁၂ ဦးနှင့် နည်းပြတစ်ဦး ပိတ်မိလို့ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရတယ်။ ပြည်ပက ရေတပ်တွေ၊ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေပါ အားလုံးဝင်ကူကြလို့ ၁၈ ရက်အကြာမှာ မသေမပျောက် ကယ်ထုတ် နိုင်ခဲ့ကြတယ်။ တစ်ကမ္ဘာလုံးကလည်း ကြည်နူးခဲ့ကြပါတယ်။

တချို့မိတ်ဆွေတွေတောင် နောင်ဘ၀ ထိုင်းနိုင်ငံမှာ လူဖြစ်ခွင့်ရဖို့ လူမှုကွန်ရက်တွေတောင် တင်ကြပါတယ်။ သူတို့ထက်အရင် ဇွန် ၂၂ ရက်မှာ ဖားကန့်မှာ မိုးကြီးမြေပြိုလို့  လူ ၁၈ ပျောက်ဆုံးပြီး ၁၄ ဦးရဲ့အလောင်းပဲ ရလိုက်ပါတယ်။ အိမ်အလုံး ၁၀၀ ပျက်စီးပြီး ၆၉ အိမ် ထိခိုက်ပါတယ်။ လူပေါင်း ၈၀၀ ကျော် ဒုက္ခရောက်ပါတယ်။ မီဒီယာတွေရဲ့ စာမျက်နှာပေါ်မှာ တစ်ရက်၊ နှစ်ရက်ပေါ်လာပြီး အားလုံး မေ့မေ့ပျောက်ပျောက်ပါပဲ။ ပြည်နယ်အစိုးရက အဖွဲ့ဝင်ဝန်ကြီးတွေတောင် ကွင်းဆင်းတာ မရှိခဲ့ပါဘူး။ ဝမ်းနည်းကြောင်း စာ လေးတစ်စောင်၊ သဝဏ်လွှာလေး တစ်စောင်တောင်မှ မရောက်လာခဲ့ကြပါဘူး။ အိမ်နီးချင်းနိုင်ငံနဲ့ ယှဉ်ပြီး မတူလိုက်တဲ့ ဘဝတွေလို့ သာ...။

 

■ ဖားကန့်မှာ မြေပြိုခြင်းရဲ့ သမိုင်းကြောင်း

ဖားကန့်ဒေသမှာ ကျောက်စိမ်းထွက်တာက  ဥရုချောင်းဖျား ကံဆီးကနေ ဆယ်ဇင်းအထိဖြစ်ပါတယ်။ အလျားမိုင် ၂၀ ကျော်၊ အနံ ၁၀ မိုင်လောက် ကျောက်စိမ်းထွက်ပါတယ်။ ဖားကန့်မှာ ကျောက်စိမ်းတူးလာတာ ရှေးမြန်မာမင်းတွေကတည်းကပါ။ နှစ်ရာချီခဲ့ပါပြီ။ ၁၉၉၄ ခုနှစ်အထိ လက်ကျင်းတွေပဲ လုပ်ကိုင်ခဲ့ကြပါတယ်။ အဲဒီနှစ်မှာပဲ ကေအိုင်အို/ကေအိုင်အေက ငြိမ်းချမ်းရေးယူတော့ ဖက်စပ်ကုမ္ပဏီတွေ ဝင်လာပါတယ်။

ဖားကန့်ရဲ့ ကျောက်စိမ်းတူးဖော်မှုကို ကြည့်လိုက်ရင် လက်ကျင်းခေတ်၊ ရေငုတ်ကျင်းခေတ်၊ ခေါက်စားခေတ်၊ ဖက်စပ်ခေတ်၊ ယန္တရားငယ်ခေတ်၊ ယန္တရားကြီးခေတ်လို့ ခွဲလို့ရမယ် ထင်ပါတယ်။ ခေတ်တိုင်းမှာလည်း ကျောက်စိမ်းတူးဖော်မှုဟာ အသက်ပေါင်းများ စွာပေးခဲ့ကြရပါတယ်။

၂၀၀၀ ခုနှစ်လောက်မှာစတင်ပြီး  မြေစာပုံအန္တရာယ်နှင့် ဥရုမြစ်ကြမ်းပြင် မြင့်တက်လာကို စတင်ကြုံတွေ့ရပါတယ်။၂၀၀၅ ခုနှစ် နောက်ပိုင်း စက်အင်အား အမတန်ကြီးတဲ့ မြေသယ်ယာဉ်တွေ၊ မြေတူးစက်တွေ ရောက်လာကြပါတယ်။ လက်လုပ်လက်စားတွေပျောက် ကုန်တယ်။ အဲဒီကာလကတည်းက ကုမ္ပဏီက စွန့်ပစ်မြေစာတွေမှာ ကျောက်စိမ်းရှာတဲ့ လူတန်းစားတစ်ရပ် ပေါ်ပေါက်လာပါတယ်။ ရေမဆေးလို့ခေါ်တဲ့ ကျောက်စိမ်းရှိသူတွေပါပဲ။ မြန်မာနိုင်ငံတစ်ဝန်းလုံးက လူမွဲတွေရဲ့  သူဌေးဖြစ်လမ်းလို့ ပြောကြတဲ့ ရေမဆေးရှာ တဲ့သူတွေ နှစ်တိုင်းပဲ တိုးပွားလာသလို သေဆုံးမှုတွေလည်း မြင့်တက်လာပါတယ်။ ဦးသိန်းစိန် အစိုးရမတိုင်ခင်ကတော့ ဒီလိုသေဆုံးမှုတွေက လူထုကြားမပျံ့နှံ့ခဲ့ပါဘူး။ ဆယ်ချီ၊ ရာချီတွေဟာ အရင်ကလည်း ရှိခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရ မဲရှုံးကာလ၂၀၁၅ ခုနှစ်ဒီဇင်ဘာ မှာ မြေစာပုံပြိုကျမှုကတော့ လူပေါင်းရာချီ သေဆုံးဖွယ်ရှိပေမယ့် ၁၁၄ ဦးပဲ အလောင်း ပြန်ရပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း တင်သွင်းလာတဲ့ တရားမဝင် ယာဉ်ယန္တရားကိစ္စ ကို လူထုတစ်ရပ်လုံးက ထောက်ပြလာကြပြီး

ကွင်းဆင်းစစ်ဆေးရာမှာလည်း တရားမဝင် ယန္တရား ၆၀၀၀ ကိုတွေ့ရကြောင်း အစိုးရ အဖွဲ့က ပြောပါတယ်။ အခုလက်ရှိမှာတော့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုနှင့် ဆိပ်မူကျေးရွာအုပ်စုက ကျေးရွာပေါင်း ၂၀ ကျော်ဟာလည်း မြေပြိုနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် သတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိက ကုမ္ပဏီ ၈၀၈ ခု တစ်ဧက လုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူ ကုမ္ပဏီ  ၂၂၂ ခု၊ လုပ်ကွက်ပေါင်း ၃၀၂ ကွက်ရှိခဲ့ရာတွင် NLD အစိုးရလက်ထက်တွင် သက်တမ်းကုန်များကို သက်တမ်း ထပ်တိုးခွင့်မပြုဘဲ ထားရှိခဲ့သည်။ ဖားကန့်- လုံးခင်းရတာမြေတွင် ၂၀၁၈ ခုနှစ် မေလစာ ရင်းအရ ဖားကန့်-လုံးခင်း ရတနာမြေတွင် ပုဂ္ဂလိကလုပ်ကွက် ၁၈၇၉ ကွက်၊ အကျိုးတူ ၇၉ ကွက် ကျန်ရှိနေဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ဇူလိုင် ၁၄ ရက်က မြေစာပုံပြိုကျမှုနှင့် မြေပြိုကျမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ်

■ မြေပြိုတဲ့ရာသီ

ဖားကန့်ဒေသတွင် မြေပြိုမှုကို လစဉ်တိုင်း နေရာအနှံ့ဖြစ်တတ်တယ်။ အထူးသဖြင့် မိုးဦးရာသီမှာ မိုင်းဒဏ်၊ သဘာဝဒဏ်များကြောင့် အက်ကြောင်းများ မိုးရေဝင်ကာ လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန်များ လျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံများ မြေလျှော ပြိုတာတွေ ဖြစ်နေတာပါ။

ရေမဆေးရှာသူ ကိုဗိုလ်စိန်က “ဇူလိုင် ၁၄ ရက် ဖြစ်စဉ်မှာက ကျွန်တော်တို့တော့ လွတ်တယ်။ ကမ်းပါးနှစ်ဖက် ရေလှိုင်းရိုက်တဲ့ဘက်က လူတွေတော့ ရတဲ့သဘောရှိတယ်။အခုပဲ ကျွန်တော့်မိတ်ဆွေရဲ့ ကျင်းသားသုံးဦး ပြန်မလာနိုင်သေးဘူး။ မြေပြိုတဲ့ဘက်က  တူးတဲ့သူတွေပေါ့။ အောက်မှာ ဆယ်ဂဏန်းလောက် ရှိဦးမယ်။ ဖားကန့်မှာကလည်း ဒီလို စွန့်စွန့်စားမလုပ်နိုင်ရင် ဘာမှမဖြစ်လာနိုင်ဘူးလေ။ သေမြေကြီး ရှင်ရွှေထီး လုပ်နေရတာ။ အားလုံးဒီလိုပဲ”ဟု ဆိုသည်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက “ဒီအချိန်က မိုးကြိုကာလဖြစ်တော့ ဖားကန့်ဒေသမှာ မြေပြိုတာက ခပ်စိပ်စိပ်ဖြစ်နေတယ်။ မြေပြိုတာက  ပုံစံမျိုးစုံရှိပါတယ်။ မိုးဦးမှာ အဓိက အမာကြောတွေ ပြိုတာက ကုမ္ပဏီတွေက တောင် ဖြိုမိုင်းတွေကြောင့် မြေအောက်ပေပေါင်းများစွာမှာ မိုင်းအားပြင်းပြင်းခွဲတော့ ကျောက်ကြောတွေကို အက်ကြောင်း ထင်စေတယ်။မိုးလေးကျတော့ မြေအက်နေရာထဲ ရေဝင်ပြီး လျှောပြိုဖြစ်တာပေါ့။ အဓိကတော့ ရေမဆေးတွေက သိန်းချီပြီး ရှိနေတယ်။ လောဘ ဇောတွေကြောင့်ဆိုတော့လည်း အန္တရာယ်ကို သတိလက်လွတ်ဖြစ်တတ်ကြတယ်။ ဝှေခါမှာ  လွန်ခဲ့တဲ့ရက်ပိုင်းက လူ ၂၀ လောက် မြေပြိုပြီး သေသွားတဲ့နေရာမှာ။ အောက်မှာတောင် လူတွေ မဖော်နိုင်သေးဘူး။ ထပ်ပြိုပြီးပြန်သေတယ် ဆိုတာမျိုးတွေပါ ကြားနေရတယ်။မြေပြိုနဲ့အတူ ကျောက်စိမ်းတွေလည်း ပါလာတာကို။ တချို့ခေါင်းကျင်း (ကြွက်တွင်းကျင်း)တူးတယ်။အပေါ်က ကြံဖတ်ကွာသလိုကွာပြီး မြေပိတယ်။ စွန့်ပစ်မြေစာပုံဆိုရင် လျှောပြိုပြိုတယ်။ အခြားအချိန်တွေမှာလည်း တစ်နှစ်လုံး ဖြစ်နေတယ်။ မိုးဦးကတော့ များတတ်တယ်။ နှစ်စဉ်လည်း လူပေါင်း ရာဂဏန်းဝန်းကျင်ဖြစ်နေတာ။ ရဲတောင် သေမှုသေခင်းမယူတဲ့ အဆင့်ဖြစ်လာတွေ တွေ့နေရတယ်။ ကုမ္ပဏီတွေ၊ အုပ်ချုပ်ရေးဘက်တွေကိုလည်း

အပြစ်ပုံလို့မရဘူး။ သတိပေးရင်း ကြားထဲမှာကို စွန့်စားမိုက်ပြီး အသက်ဆုံးနေကြတယ်။ အသက်ကို ဉာဏ်စောင့်ဆိုတာကိုတော့ လက်မလွတ်စေချင်ဘူး။ တစ်ဦးချင်းကလည်း ဆင်ခြင်ဖို့၊ ရေမဆေးလောပန်းတွေကလည်း ကိုယ့်အလုပ်သမားတွေကို ညီအစ်ကို၊ သားသမီး တွေလို သဘောထားပြီး အန္တရာယ်တွေကို သတိပေးတာတွေ အမြဲတမ်းလုပ်စေချင်ပါတယ်”ဟု ဆိုသည်။

ဖားကန့်ဒေသ၌ လက်ရှိအချိန်တွင် ခန့်မှန်းချက်အရ ရေမဆေးကျောက်ရှာဖွေသူ နှစ်သိန်းအထက်ရှိနေပြီး ၎င်းတို့နှင့်ဆက်နွယ်သည့် ပြဿနာများလည်း ဖြေရှင်းရန် ခက်ခဲသည့် အခြေအနေဖြစ်ကြောင်း ဦးတင်စိုးက ပြောကြားသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ဇူလိုင် ၁၄ ရက်က မြေစာပုံပြိုကျမှုနှင့် မြေပြိုကျမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ်

■ ဖားကန့်ကိုထိန်းသိမ်းဖို့ နည်းလမ်းသုံးသွယ်

ဖားကန့်ကို ထိန်းချုပ်ဖို့ အရင်ဦးသိန်းစိန်လက်ထက်နှင့် အခု NLD အစိုးရလက်ထက်မှာပါ ကြိုးစားကြပါတယ်။ ခိုင်လုံတဲ့ သတင်းတွေအရ ဖားကန့်ကျောက်စိမ်းတူးဖော်တဲ့ နေရာတွေကို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ထိန်းချုပ်ဖို့တောင် ကြိုးစားခဲ့ပါတယ်။ ဖားကန့် ထိန်းမရတာဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိနေတာ။ မငြိမ်းချမ်းတာနဲ့ နိုင်ငံဆင်းရဲတာရဲ့ အကျိုးဆက်တွေဖြစ်ပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က “မနေ့ကမှ နေပြည်တော်က ရောက်တယ်။ လူမှုရေးဝန်ကြီးကိုလည်း ဒီကိစ္စတွေ ဆောင်ရွက်နိုင်တာ ဆောင်ရွက်ဖို့ မှာတယ်။ သေတာ ၁၅ ဦး၊ ဒဏ်ရာရ ၄၀ ကျော် တယ်လို့ပဲ အကြမ်းဖျင်းသိထားတယ်။ ဖားကန့် က ရေမဆေးပြဿနာကို ကျွန်တော်တို့ အဖြေရှာနေတာ နှစ်ချီနေပြီ။ ပြောရရင် ငြိမ်းချမ်းရေးမရတော့ ခက်တယ်။မငြိမ်းချမ်းတော့ တရားဥပဒေစိုးမိုးမှု မရှိဘူး။ အဲဒီမှာ တစ်ဖက်လက်နက်ကိုင်အဖွဲ့တွေ၊ တပ်မတော် လက်နက်ကိုင်တွေ၊ ပြည်သူ့စစ်တွေ၊ ရွှေ့ ပြောင်းအလုပ်သမားတွေ သိန်းနဲ့ချီများနေတယ်။ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေတယ်။ တရားဥပဒေ မစိုးမိုးမှုက တစ်ပြေးညီမရှိဘူး။ အခု မြေပြိုတဲ့ကိစ္စကို ဆွေးနွေးဖို့လုပ်နေတယ်” ဟု ဆိုသည်။

NLD အစိုးလက်ထက် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရတို့က ဖားကန့်ရေမဆေးပြဿနာ (ရွှေ့ပြောင်းလုပ်သားပြဿနာ) ကို နည်းသုံးခုနဲ့ ဖြေရှင်းဖို့ ကြိုးစားကြတယ်။ ကုမ္ပဏီတွေမှာ ဝန်ထမ်းခန့်ဖို့။ ဥပဒေအရ လက်လုပ်လက်စားတူး ဖော်မှုတွေချပေးဖို့။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်ဖို့ဆိုတဲ့ မူသုံးချက်ဖြစ်ပါတယ်။ အခုတော့ အကောင်အထည်ဖော်မယ့်သူ မရှိသေးဘူးလို့ ပြည်နယ်အစိုးရအဖွဲ့က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်က ဆို ပါတယ်။

၎င်းက“ ဖားကန့်မှာ ပြဿနာက ရေမဆေးရှာသူတွေ၊ စွန့်ပစ်မြေစာပုံကိစ္စ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်တဲ့ကိစ္စ၊ အလုပ်သမားကိစ္စတွေ ဖြစ်နေတယ်။ ရေမဆေးတွေကလည်း အတိုင်းအတာမရှိ လူတွေက များနေတယ်။ အဲဒီအထဲမှာ အခုက စည်းကမ်းမဲ့ လူတန်းစားတွေ ပေါ်နေတယ်။ ရေမဆေးရပ် ကွက်တွေ ပေါ်လာတယ်။ ရတနာနယ်မြေမှာ ကျူးလာတယ်။ အဲဒါတွေကို လျော်ကြေးပေးရတယ် ဆိုတော့လည်း နည်းတဲ့ပြဿနာ မဟုတ်ဘူး။ တချို့လည်း အန္တရာယ်ဇုန်ထဲမှာ ဖြစ်နေတယ်။ ပြည်ထောင်စုအစိုးရနှင့်တော့ ရေမဆေးတွေကိုဖြေရှင်းဖို့ နည်းသုံးနည်းပေါ့။ တစ်က ကုမ္ပဏီမှာ ဝန်ထမ်းခန့်မယ်။နှစ်က ဥပဒေအရ အသေးစားလက်လုပ်လက်စား လုပ်ငန်းမှာ ပါဝင်နိုင်ဖို့ပါ။ သုံးက လူမှုထူထောင်ရေး လုပ်ငန်းတွေမှာ၊ ဒေသထူထောင်ရေး လုပ်ငန်းတွေမှာ အလုပ်တာဝန်ပေးဖို့ပေါ့။ ဒါပေမဲ့ အကောင်အထည်ဖော်ရေးအတွက် ခက်နေတယ်။ မြေစာပုံတွေဆိုရင် ၄၅ ဒီဂရီထက် မတ်စောက်မှုမရှိဖို့ စစ်တယ်။ကျော်ရင် ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းဖို့ပေါ့။

သားစဉ်မြေးဆက် အကျိုးရှိအောင်လုပ်ဖို့ဆိုရင် တူးဖော်မှုအင်အားတွေက လျှော့ချရမှာပါ။ လုပ်ခလစာပြဿနာတွေကိုတော့ ဖြေရှင်းနိုင်ပါတယ်” ဟု ပြောကြားသည်။

ဖားကန့်ဒေသတွင် မှော်စီဇာ၊ မက်လင်ချောင်၊ မျောက်ဖြူ၊ ကုလားကုန်း၊ ဆိုင်းတောင်၊ တာမခံ စသည့်ဝန်းကျင်မှော်များမှာ မကြာခဏ မြေပြိုမှုဖြစ်ပွားတတ်ပြီး သေဆုံးသူများ၊ ဒဏ်ရာရရှိမှုများဖြစ်ပေါ်နေပါတယ်။

ဖားကန့်မြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းက “မှန်တာကိုပြောရရင် မနေ့က  ဖြစ်တဲ့အကြောင်း ကတော့ လောဘကြောင့်ပါပဲ။ ဒီလိုပြောလို့ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိဘူးလို့ ပြောလာမှာလည်း စိုးရသေးတယ်။ တချို့လုပ်ကွက်တွေက သက်တမ်းကုန်လို့ နားကုန်ကြပြီ။တချို့က လုပ်နေဆဲပါ။ သက်တမ်းရှိပြီး မလုပ်တဲ့ ကုမ္ပဏီတွေကျတော့ အားလုံးက ဝင်တူးနေကြတာလေ။ ရွှေ့ပြောင်းလုပ်သားတွေက လွတ်တဲ့နေရာ ဝင်တူးနေကြတာလေ။ လူ ၁၀၀ မှာ  ၅၀ လောက်က သိန်းဆယ်ပိုင်း ကိုင်ကြရတယ်။ တစ်ရာတစ်ယောက် ၊ တစ်ထောင် တစ်ယောက်က သိန်းရာကြီး၊ ထောင်ပိုင်းတွေ ရကြတယ်။ ကျောက်အောင်တဲ့သူတွေကလည်း သူနဲ့နီးစပ်တဲ့ သူတွေအားလုံးကို ခေါ်လာတယ်။ ရေမဆေးမွေးတဲ့ လောပန်းတွေကလည်း သူ့နည်းသူ့ဟန် ရပ်တည်နေကြတာလေ။ ဒီဒေသမှာနေတဲ့သူက ငါးသောင်းဝန်းကျင်ရှိမယ်။ ကုမ္ပဏီဝန်ထမ်းတွေက တစ်သိန်းကျော်၊ ရေမဆေးကျောက်ရှာသူတွေက နှစ်သိန်းလောက်ဆိုတော့ ဖားကန့်မှာ လူပေါင်း သုံးသိန်းအထက်လောက် အမြဲရှိနေတယ်။ လွန်ခဲ့တဲ့နှစ်တွေကတော့ ငါးသိန်း အထက်ရောက်သွားတာလည်းရှိတယ်။ အားလုံးကို ကန့်သတ်လိုက်ရင်လည်း ကျောက်ကို အမီပြုတဲ့သူတွေက ဒုက္ခရောက်ကုန်ကြမယ်။အခုဖြစ်နေတာတွေလည်း တရားဥပဒေ မစိုးမိုး၊ လူတွေကများတော့ ဖြစ်ချင်တာ ဖြစ် နေတော့တာ။ ကျွန်တော်ကတော့ အကောင်း ဆုံးကျောက်စိမ်းဟာ ကမ္ဘာမှာ ဖားကန့်ပဲ ထွက်တယ်။ နိုင်ငံအတွက်၊ ပြည်သူတွေအတွက် အကျိုးများပြီး အန္တရာယ်ကင်းကင်းနဲ့ ထုတ်လုပ်နေကြတာပဲ မြင်ချင်ပါတယ်” ဟု ပြောကြားသည်။

 

■ တစ်နှစ်မှာ မြေပြိုသေသူ ၃၀၀ ကျော်

ဖားကန့်ဒေသမှာ ကျောက်ရှာရင်း မြေပြိုသေတာ တစ်နှစ်ကို ၃၀၀ အထက်မှာရှိနေပါတယ်။ ဖားကန့်မှာ မြေပြိုတာဟာ ၂၀၁၈ ခုနှစ်အတွင်း ဇူလိုင် ၁၄ ရက်ဖြစ်စဉ်မပါ ၁၁ ကြိမ်ဖြစ်ပြီး သေဆုံးသူ ၇၈ ဦးလို့ လူမှုအသင်း အဖွဲ့တွေရဲ့ မှတ်တမ်းကဆိုပါတယ်။ ဒါကတော့ တစ်ဦးချင်းသေဆုံးမှုတွေ မပါတဲ့ စာရင်းတွေလို့လည်း သိရပါတယ်။

ဖားကန့်ဒေသမှာ သတင်းလုပ်ငန်း အစဉ်တစိုက်လုပ်နေတဲ့ ဓာတ်ပုံဆရာ ကိုဇော်မိုးထက်က “ မြေပြိုလို့ သေတာ ၂၀၁၈ ခုနှစ် နှစ်ဝက်မှာ ၁၀၀ ကျော်သွားပြီ။ ဒါတောင် တစ်ယောက်စ၊ နှစ်ယောက်စ စာရင်းမပါဘူး။အားလုံးရာချီမှာပေါ့။ တစ်ပတ်ကို သုံးလေး ယောက်ဖြစ်နေတာ။ လူတွေဒီလောက်များပြီး ပရမ်းပတာဖြစ်နေတာ နောက်လည်း ဒီလိုအ ဖြစ်မျိုးတွေ ကြားရဦးမှာပဲ။ ဒီလိုကြီးဖြစ်နေတာကိုတော့ ထိန်းသိမ်းသင့်ပါပြီ”ဟု ပြောကြားသည်။။

မည်သူ့တွင်တာဝန်ရှိ၍ မည်သူ တာဝန်ခံမည်ကိုပင် မသိနိုင်သော လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှုများ ဖားကန့်ဒေသတွင် ကြုံခဲ့ကြသည်။ ကြုံနေဆဲလည်း ဖြစ်သည်။နောင်လည်း ကြုံတွေ့ကြရဦးမည်။ ကျွန်တော်တို့ ကျိန်စာမိနေကြပြီ။

Most Read

Most Recent