ကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုတွင် ဓာတ်ကြိုးပြတ်ကျစဉ် အကြောင်းကြားရာ၌ ရုံးဖုန်း လိုင်းမအားခြင်း ဖြစ်ဖွယ်ရှိကြောင်းနှင့် သေဆုံးသူအတွက် ကူညီငွေ ကျပ် ၁၇ သိန်း ပံ့ပိုးထားကြောင်း မြို့နယ် လျှပ်စစ်ရုံးတာဝန်ရှိသူ ပြောကြား

ကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုတွင် ဓာတ်ကြိုးပြတ်ကျစဉ် အကြောင်းကြားရာ၌ ရုံးဖုန်း လိုင်းမအားခြင်း ဖြစ်ဖွယ်ရှိကြောင်းနှင့် သေဆုံးသူအတွက် ကူညီငွေ ကျပ် ၁၇ သိန်း ပံ့ပိုးထားကြောင်း မြို့နယ် လျှပ်စစ်ရုံးတာဝန်ရှိသူ ပြောကြား
Published 15 July 2018

ဓာတ်လိုက်သေဆုံးခဲ့သော အဋ္ဌမတန်းကျောင်းသား၏ နေအိမ်အပြင်ဘက်နှင့် ကျန်ရစ်သူမိသားစုအား တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ချယ်ရီဥယျာဉ်အိမ်ရာအနီး သံသုမာလမ်းမပေါ်၌ အဋ္ဌမတန်းကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုတွင် ဓာတ်ကြိုးပြတ်ကျနေသည်ဟု ပြည်သူတစ်ဦးက ဖုန်းဆက်အကြောင်းကြားစဉ် ရုံးဖုန်းလိုင်း မအားခြင်းဖြစ်ဖွယ်ရှိကြောင်း ဇူလိုင် ၁၄ ရက် က မြို့နယ်လျှပ်စစ်ရုံးတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

“အခုပြောနေတဲ့ ဓာတ်ကြိုးပြတ်ကျတဲ့အချိန် သတင်းပို့တယ်။ EPC က လာရောက်ခြင်း မရှိဘဲ မီးဖွင့်လို့ ဒီလိုဖြစ်ရတယ်ဆိုတဲ့ အပိုင်းက ဒီလိုရှိတယ်။ အဲဒီကနေ ကျွန်တော်တို့ ရုံးကို သတင်းမပို့ဘူးဗျ။ အဲဒီအချိန်က သံသုမာလမ်းပေါ်ရဲ့ နောက်တစ်နေရာမှာပဲ နန်းကြိုးလိမ်ပြီးပြုတ်နေတယ်လို့ သတင်းပို့တာနဲ့ အဲဒီကိုသွားလုပ်ပေးပြီး မလွတ်တဲ့သစ်ကိုင်းတွေ ရှင်းပေးခဲ့တာ။ အဲဒီနေရာက ကြိုးပြတ်ထားတယ်ဆိုပြီး ရုံးကိုသတင်းမပို့ထားဘူး။ အဲဒီအချိန် ရုံးဖုန်းကိုခေါ်လို့မရဘူး ဆိုတာလည်း အဲဒီအချိန်ကရုံးကို ကွန်ပလိန်းတွေ ဝင်တာများနေလို့ လိုင်းမအားဖြစ်တာနေမှာပါ” ဟု တောင်ဥက္ကလာမြို့နယ် EPC ရုံး၏ တာဝန်ခံဖြစ်သူက ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “အခင်းဖြစ်တဲ့ဘက်က ဆက်တယ်ဆိုတာက လူသေတော့မှ ဆက်တာ။ ဝန်ထမ်းတစ်ယောက်ကိုပဲ ဖုန်းဆက်တယ်ဆိုတာလည်း ရုံးက တာဝန်ကျ ကောင်လေးကိုဆက်တာ မဟုတ်ဘူး။ အပြင် ရောက်နေတဲ့ကောင်လေးကို ဆက်တာ။ အဲဒီ ကောင်လေးက အကြောင်းပြန်ကြားတော့လည်း လူက သေပြီးသားဖြစ်နေပြီ။ စီစီတီဗွီရှိတဲ့ အိမ်ကလူရဲ့ ဖုန်းကိုလည်း ကျွန်တော်တို့ ယူကြည့်ပြီးပြီ။ ဖုန်းက ၅ နာရီ ၁၃ မိနစ်မှာ ဆက်တာကိုတွေ့ရတယ်။ ဓာတ်လိုက်နေတဲ့ ကောင်လေးကို စီစီတီဗွီမှာ ကြည့်တော့ တီဗွီမှာက ၅ နာရီ  ၁ မိနစ်ဖြစ်တယ်။ နောက်ကျပြီးမှ ဆက်တာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဓာတ်လိုက်သေဆုံးမှု ဖြစ်စဉ်အနီးတွင် နေထိုင်သူ ဦးကျော်သင်းအောင်က သံသုမာလမ်းမပေါ်သို့ ဓာတ်ကြိုးပြတ်ကျနေကြောင်း ဇူလိုင် ၁၃ ရက် ညနေ ၃ နာရီကျော်ကတည်းက သတင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ခေတ္တသာ လျှပ်စစ်မီးဖြတ်ခဲ့ပြီး ပြတ်ကျနေသော ဓာတ်ကြိုးကို ပြန်လည်တပ်ဆင်ခြင်းမရှိဘဲ မီးပြန်လွှတ်ခဲ့သဖြင့် ကလေးငယ် သေဆုံးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ဓာတ်ကြိုးကြီး ပြတ်နေတယ်ဆိုတဲ့ အကြောင်းကို ကျွန်တော် ၃ နာရီခွဲကတည်းက EPC ကို လှမ်းဖုန်းဆက်တယ်။ ဆက်မရလို့ အဲဒီက ဝန်ထမ်းတစ်ယောက်ကို လှမ်းပြောထားပြီးသား။ ဒါကို ဂရုမစိုက်ကြတာ။ ဒီကလေးတစ်ယောက် တည်းဖြစ်သွားတာ ကံကောင်းတာနော်။ အခြားလူတွေလည်း အဲဒီနားမှာ လမ်းလျှောက်နေကြတာ။ ရေတွေကလည်း တက်လာတော့ ဓာတ်ကြိုးကို ဖုံးသွားတာပေါ့။ EPC အနေနဲ့ ဓာတ်ကြိုးပြတ်ကျနေ ရင် မီးကို မလွှတ်သင့်ဘူး။ ဒီလိုင်းကို ပိတ်ကိုပိတ်ရမှာ” ဟု ဓာတ်လိုက်သေဆုံးမှုဖြစ်စဉ်အနီးတွင် နေထိုင်သူ ဦးကျော်သင်းအောင်က ပြောကြားသည်။

ယင်းသို့ ဓာတ်လိုက်သေဆုံးခဲ့သော မောင်မျိုးမင်းထွန်း (၁၃ နှစ်) ၏ မိသားစုအတွက် တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးက ကူညီငွေ ကျပ် ၁၇ သိန်း ထောက်ပံ့ထားကြောင်း သိရသည်။

“မိသားစုဝင်တွေဆီ သွားရောက်တွေ့ဆုံပြီး ကူညီထောက်ပံ့တာတွေ လုပ်ပေးနေပါတယ်။  အသုဘ၊ ရက်လည်စရိတ် အကုန်လုံးပေါ့။ လက်တလောတော့ ကူညီထောက်ပံ့ငွေ ၁၇ သိန်းနဲ့ သြင်္ဂိုဟ်စရိတ်အပြီးအထိ ကျွန်တော်တို့တာဝန်ယူပေးထားပါတယ်” ဟု တောင်ဥက္ကလာပမြို့နယ် EPC ရုံး၏ တာဝန်ခံဖြစ်သူက ပြောကြားသည်။

ဓာတ်လိုက်သေဆုံးခဲ့သူ၏ မိသားစုဝင်များက အဆိုပါ သေဆုံးမှုကို ရဲစခန်းတွင် အမှုဖွင့်ထားခြင်း မရှိကြောင်း သိရသည်။ ဇူလိုင် ၁၃ ရက်ညနေ ၅ နာရီက သံသုမာလမ်းမပေါ် ပြတ်ကျနေသာ ဓာတ်ကြိုးနှင့်ထိမိပြီး မောင်မျိုးမင်းထွန်း (၁၃နှစ်) သည် ကျူရှင်တစ်ခုတွင် စာသင်ယူနေခြင်းဖြစ်ကြောင်း သိရသည်။ ကျူရှင်၌ စာသင်ယူနေစဉ် ဗိုက်ဆာသဖြင့် မုန့်ထွက်စားပြီးအပြန် ယခုလို ဓာတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

“အန်တီ့သားလေးက ၅ နာရီဆိုရင် အိမ်ကိုပြန်လာနေကျ။ သူပြန်လာရင် ဗိုက်ဆာတတ်တာကြောင့် ထမင်းအိုးတည်ဖို့ဆန်ဆေးနေတုန်း သိရတာ။ အန်တီရောက်သွားတော့ ကားသမားတွေကို အကူအညီတောင်းပြီး သူတို့ကားနဲ့ပဲ စံပြဆေးရုံခေါ်သွားတာ။ ဆေးရုံကိုပို့တော့ ကလေးက နှုတ်ခမ်းတွေကပြာနှမ်းနေပြီ။ ဆေးရုံမှာ နှလုံးခုန်နှုန်းတွေ စမ်းကြည့်တော့ မရတော့ဘူး။ သေသွားပြီတဲ့”  ဟု ဓာတ်လိုက်သေဆုံးသူ အဋ္ဌမတန်းကျောင်းသား ၏မိခင် ဒေါ်အေးမြင့်က ပြောကြားသည်။

သေဆုံးခဲ့သော အဋ္ဌမတန်း ကျောင်းသားသည် တောင်ဥက္ကလာမြို့နယ် အလက (၂) တွင် ပညာသင်ယူနေသူဖြစ်ပြီး ကျောင်းစာတော်၍ လိမ္မာရေးခြားရှိသူဖြစ်ကြောင်း သိရသည်။

“ကလေးက စာလည်းတော်ပြီး အရမ်းလိမ္မာရေးခြားရှိလို့ အားလုံးက ဝိုင်းချစ်ကြတယ်။  ဆရာမတွေကလည်း ယူကျူံးမရဖြစ်ပြီး ငိုကြတယ်။ ကျောင်းစာလည်းတော်ပြီး လိမ္မာရေးခြားရှိတဲ့ ကလေးသေသွားတော့ မိဘ တစ်ယောက်အနေနဲ့ ယူကျုံးမရဖြစ်ရတယ်။ အရူးတစ်ယောက်လိုပဲ။ ပြန်ရှင်လာမှာမဟုတ်တော့တဲ့အတွက် တရားနဲ့ပဲ ဖြေနေပါတယ်။ စိတ်ထဲတော့ ဘယ်ကောင်းမလဲ” ဟု သေဆုံးသူ၏ မိခင်ဖြစ်သူက ဆက်လက်ပြောကြား သည်။

ဓာတ်လိုက်သေဆုံးခဲ့သော မောင်မျိုးမင်းထွန်း (၁၃ နှစ်) သည် တောင်ဥက္ကလာပမြို့နယ် (၇) ရပ်ကွက် ရှင်သိဒ္ဓိ ၁၁ လမ်း (ခ)တွင် နေထိုင်သူဖြစ်ပြီး ဖခင် ဦးဆန်းငွေနှင့် မိခင်ဒေါ်အေးမြင့်တို့၏ မွေးချင်း ခြောက်ဦးရှိသည့်အနက် ငါးဦးမြောက် ကလေးဖြစ်ကြောင်း သိရသည်။

ဓာတ်လိုက်သေဆုံးသူ၏ ရုပ်အလောင်းကို ဇူလိုင် ၁၅ ရက် ညနေ ၅ နာရီတွင် ရေဝေးသုသာန်တွင် သြင်္ဂိုဟ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent