<

ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာအနီး မဟာကျောက်မျက်တူးဖော်ရေး လုပ်ကွက်တွင် မြေပြိုကျမှုဖြစ်ပွားရာ ရာဂဏန်းအထိ သေဆုံးနိုင်ပြီး လက်ရှိတွင် ၁၅ ဦး၏ အလောင်းများ တွေ့ရှိထား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီး မဟာ ကျောက်မျက် တူးဖော်ရေးလုပ်ကွက်တွင် မြေပြိုကျမှုဖြစ်ပွားရာ လူဦးရေ ရာဂဏန်းအထိ သေဆုံးနိုင်ပြီး လက်ရှိတွင် သေဆုံးသူ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး တစ်ဦး၏ ရုပ်အလောင်းများ တွေ့ရှိထားပြီး ဒဏ်ရာရသူ ၄၀ ၀န်းကျင် ရှိနေကြောင်း သိရသည်။ ထို့ပြင် ပြိုကျသည့် မြေအောက်တွင် ရှိနေနိုင်သည့် ကျန်ရှိအလောင်းများကိုလည်း ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။

မြင့်မြတ်သူ လူမှုကူညီရေးအသင်းမှ ဦးမင်းဇော်က “အခု ၁၅ လောင်းရပါပြီ။ ရှင်တာက လောလောဆယ် စာရင်းကောက်နေတယ်။ မြေအောက်မှာ မြုပ်နေတာ ရှိနေတယ်။ သေဆုံးစာရင်းက မြေအောက်မှာရော ဆိုရင် ဦးရေ ၅၀ အထက်မှာ ရှိနေနိုင်တယ်။ တူးဖော်ရေးက မြေတွေထပ်ထပ်ပြိုနေလို့ ဆက်မလုပ်နိုင်ဘူး။ အပေါ်က ကောက်လို့ရတဲ့သူရယ်၊ နွံထဲပါသွားတဲ့သူပဲ ကောက်လို့ရတယ်။ မြေထဲမှာရှိနေသူတွေ မဖော်နိုင်သေးဘူး။ ကမ်းပါးက အတောင် ၂၀၀ ကျော် ၃၀၀ နီးပါးရှိနေတော့ ထပ်ထပ်လိုက်(ထပ်ထပ်ပြို) နေတယ်။ ကျွန်တော်တို့ အနေနဲ့တော့ မိုးထပ်မကျရင် ဖော်စေချင်တယ်” ဟု ပြောကြားသည်။

လုံးခင်းနယ်မြေ ရဲစခန်းမှူး ဒုရဲမှူး စိန်မြင့်ထွန်းက “မြေပြိုတာက ၂ နာရီ ၁၅ လောက်ပေါ့။ ဆန်ခါကျေးရွာအပိုင် မဟာကျောက်မျက် တူးဖော်ရေး ၀ါကျဲ ၉ လုပ်ကွက်မှာ ပြိုတာပါ။ မြေပြိုတာက အမြင့်ပေ ၃၀၀ ခန့်၊ အလျားပေ ၇၀၀ ခန့် ပြိုလာတာ။ အခုလက်ရှိ အမျိုးသား ၁၄ လောင်း၊ အမျိုးသမီး တစ်ဦး ရထားတယ်။ ဒဏ်ရာရက ၄၀ လောက်ရှိတယ်။ ဆေးရုံမှာ ၀န်ထမ်းအင်အားနည်းတော့ စိစစ်နေတယ်။ မြေပြိုတဲ့ အောက်ခြေမှာလည်း ဘယ်လိုရှိမလဲဆိုတာ အတိအကျ ပြောမရဘူး။ မြေပြင်မှာတော့ မီးသတ်၊ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေအားလုံး ကူညီဆောင်ရွက် နေကြတယ်” ဟု ပြောကြားသည်။

မျက်မြင်သက်သေဖြစ်သူ ကိုဗိုလ်သိန်း (ခ) ကိုမင်းမင်းသိန်းက “ကျွန်တော်တို့က ရေမဆေးသွားရှာတာ။ ပြိုတာက ကျင်းဟောင်းအကျန်မှာ ကမ်းပါးမှာ လူတွေတူးနေကြတာ။ ပြိုတဲ့ဘက်က လက်ကျင်း ၅၀ လောက်ရှိတယ်။ တခြားဘက်ကမ်းပါးမှာ ကျင်း ၂၀ လောက်ရှိတယ်။ ကြားထဲမှာ ပေ ၁၅၀ လောက်က တူးထားပြီးသား။ အက်ကြောင်းက အရင်ကတည်းက ရှိတဲ့သဘောပါ။ လူတွေက သတိမထားကြဘူး။ လုပ်ကွက်ကပ်လျက်နဲ့ တစ်သုံးလုံး ကုမ္ပဏီရှိတယ်။ ထမင်းစားနားချိန်မှာ မိုင်းခွဲတယ်။ မိုင်းခွဲပြီးတော့ တုန်ခါအားနဲ့ ပြိုတာပဲ။ မိုင်းခွဲပြီးတာနဲ့ မကြာဘူး။ ပြိုကျတာ။ ဒီဘက်ကမ်းပါးပြိုတော့ ရေရိုက်ပြီး တစ်ဖက်ကမ်းက လူတွေကို ရေလှိုင်းက ဆွဲချပစ်လိုက်တာ။ ကမ်းပါးနှစ်ဖက်မှာ လူက ၁၀၀ အထက်မှာရှိတယ်။ ကမ်းပါးပြိုတဲ့ဘက် ကျင်းတူးတဲ့သူ ၄၀ လောက်။ ဈေးသည်က နှစ်ဦးလောက်ရှိတယ်။ အလောင်း ၂၀ လောက်ရပြီ။ အခု သယ်နေကြတုန်း မပြီးသေးဘူး။ မြေအောက်မှာ ဘယ်လောက်ကျန်သလဲ မပြောနိုင်ဘူး။ ဒီဘက်ကမ်းမှာကို လူ ၄၀ လောက် ဒဏ်ရာနဲ့ ထွက်လာတာရှိတယ်။ ပြိုတာက မဟာကုမ္ပဏီထဲမှာ။ ငိုးပင်မှော် ၀ါကျဲဆိုက်ပါ။ ဆန်ခါ ရွာနောက်ဖေးမှာ။ ကျွန်တော်က မနက်က ပြိုတဲ့နေရာ ရောက်တယ်။ ဈေးလည်း ၀ယ်ခဲ့သေးတယ်။ ကျွန်တော်က မြေနိမ့်ပိုင်းမှာ လေမတိုက်လို့ ကုန်းပေါ်တက်လာတာ။ အဲဒါကြောင့် လွတ်တာ။ ကျွန်တော်က ကျင်းသမား မဟုတ်တော့ ၁၁၁ လုံးဘက်မှာ ကျောက်ရှာတာ။ ပြန်တာနဲ့ မကြာဘူး ပြိုတာပဲ” ဟု ပြောကြားသည်။

ဖားကန့်ဒေသတွင် ရွှေ့ပြောင်းလုပ်သား ၂၀၀၀၀၀ ကျော်ရှိပြီး မကြာခဏ မြေပြိုမှုများကြောင့် တစ်နှစ်လျှင် ၃၀၀ ကျော် လူသေဆုံးမှုများ ဖြစ်ပေါ်နေသည်ဟု နာရေးကူညီသူများနှင့် ရဲစခန်းမှတ်တမ်းများအရ သိရသည်။

ဖားကန့်ဒေသတွင် မြေပြိုမှုမှာ လစဉ် နေရာအနှံ့ ဖြစ်နေပြီး အထူးသဖြင့် မိုးဦးရာသီတွင် မိုင်းဒဏ်၊ သဘာဝဒဏ်များကြောင့် အက်ကြောင်းများ မိုးရေ၀င်ကာ လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန်များ လျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံများ မြေလျှောခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။ ဖားကန့်မြို့နယ်တွင် ဖားကန့်မြို့နှင့် လုံးခင်းကျေးရွာအုပ်စုမှ ဆိပ်မူကျေးရွာ အုပ်စုအထိ (အလျားမိုင် ၂၀ ကျော်) ကျောက်စိမ်းလုပ်ကွက်များ အနီးရှိ ကျေးရွာပေါင်း ၂၀ ကျော်တွင် မြေပြိုမည့် အန္တရာယ် ရှိနေကြောင်း သိရသည်။

ဖားကန့်ဒေသ၌ လက်ရှိတွင် ခန့်မှန်းမှုအရ ရေမဆေးကျောက် ရှာဖွေသူ နှစ်သိန်းအထက်ရှိနေပြီး ၎င်းတို့နှင့် ဆက်နွှယ်သည့် ပြဿနာများလည်း ဖြေရှင်းရန် ခက်ခဲသည့် အခြေအနေ ဖြစ်နေကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများက ဥရုမြစ်နှင့် ယင်းမြစ်လက်တက်များပေါ်တွင် စည်းကမ်းမဲ့ မြေစာများ စွန့်ပစ်နေခြင်းကြောင့် ဥရုမြစ်ကြမ်းပြင် ပေ ၂၀ ကျော် မြင့်တက်လာကာ ဖားကန့်မြို့ နှင့် ယင်းဒေသ ကျေးရွာများတွင် နှစ်စဉ် ရေလွှမ်းမိုးခံရသည်မှာ ၁၀ နှစ်နီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။

 

July 14, 2018














Copy Protected by Chetan's WP-Copyprotect.