ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာတွင် လေယာဉ်သံ ကြားသည်ဟုဆိုကာ နားလေဘုန်းတော်ကြီးကျောင်း၊ ကုန်းစုံကျောင်းတို့တွင် စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်တိုးလာဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာတွင် လေယာဉ်သံ ကြားသည်ဟုဆိုကာ နားလေဘုန်းတော်ကြီးကျောင်း၊ ကုန်းစုံကျောင်းတို့တွင် စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်တိုးလာဟုဆို
Published 15 July 2018

စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းတွင် လေယာဉ်သံကြားသဖြင့် စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် တိုးလာသည်ဟု ဇူလိုင် ၁၃ ရက်တွင် သတင်းရရှိသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်တွင် တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့ မိုင်းကိုင်မြို့နယ် ဟိုခိုင်း-ဟမ်းငိုင်းဒေသ၌ ဇူလိုင် ၁၀ ရက်တွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် ပထမရက်တွင် လူဦးရေ ၄၀၀ ကျော် ထွက်ပြေးနေရပြီး ဒုတိယရက်တွင် လူဦးရေ ၆၀၀ ကျော်လာပြီဖြစ်ကာ တတိယရက်တွင် လူတစ်ထောင်ကျော် များလာကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

မိုင်းကိုင်မြို့နယ်ရှိ နားလေကျေးရွာ၊ ဝမ်ထမ်+နမ့်အွတ်ကျေးရွာ၊ စမ်ပေါင်ရွာ၊ ကုန်းညောင်ဖာစားကျေးရွာနှင့် နောင်တောင်းရွာခြောက်ရွာတို့မှ အိမ်ထောင်စုပေါင်း ၂၂၃ စု၊ ကျား - ၂၅၈၊ မ - ၄၁၅ ဦး၊ လူဦးရေပေါင်း ၆၇၃ ဦးတို့သည် ဒုတိယရက်တွင် ပြေးလာခြင်းဖြစ်ကာ တတိယရက်တွင် နောက်ထပ် ၆၀၀ ကျော် တိုးလာကြောင်း၊ ဟမ်းငိုင်းရွာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။ ဟမ်းငိုင်းကျေးရွာရှိ နားလေဘုန်းတော်ကြီးကျောင်း၊ ကုန်းစုံကျောင်း၊ လွယ်စက်တော်ကျောင်းနှင့် ပါချိန်နေအိမ်တို့တွင် စစ်ဘေးခိုလှုံနေရကြောင်း သိရသည်။

“လေယာဉ်သံကြားလို့ နောက်ထပ် ဒုက္ခသည်ပေါင်း ခြောက်ရာကျော် တိုးလာတယ်။ အားလုံးပေါင်း တစ်ထောင်ကျော်သွားပြီဖြစ်ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ အများဆုံး ဖြစ်ပါတယ်” ဟု ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိန်းက ပြောကြားသည်။

ထိုသို့ တိုက်ပွဲများရက်ရှည်ဖြစ်ပွားမည်ဆိုလျှင် စားနပ်ရိက္ခာများ လိုအပ်ဦးမည် ဖြစ်ပြီး နောက်ထပ်ရောက်လာမည့် ဒုက္ခသည်များအတွက်လည်း အကူအညီများစွာ လိုအပ်နေကြောင်း၊ စစ်ဘေးရှောင်ခိုလှုံမည့် ရက်ကြာလျှင် ကြာသလောက် ကူညီကယ်ဆယ်ရေး များ ဆောင်ရွက်ရန်အတွက် အကူအညီများစွာ လိုအပ်နေကြောင်း သိရသည်။

“ခုထိလည်း ဆက်ပြီး လာနေသေးတုန်းပဲ။ လသားကလေးတွေနဲ့ အဘိုးကြီး အဘွားကြီးတွေ ပါတယ်။ အမျိုးသမီးကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ များတယ်။ သံဃာတွေရော ထွေအုပ်ရော။ အမျိုးသမီးအရပ်ဘက် အဖွဲ့တွေလည်း လာကြပါတယ်” ဟု မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ စိုင်းပန်က ပြောကြားသည်။

ဇူလိုင် ၁၃ ရက်တွင် SNLD ပါတီ၊ SNDP ပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများမှ လာရောက်လှူဒါန်းကြသဖြင့် စားဝတ်နေရေးအဆင်ပြေပေမယ့် အဝတ်အထည်နှင့် စောင်များ လိုအပ်နေသေးကြောင်း သိရသည်။

ယခုဖြစ်ပွားရာနေရာသည် မိုင်းကိုင်မြို့နယ်အရှေ့ဘက် သီပေါနှင့် ကျေးသီးမြို့နယ် အစပ်နားတွင် ဖြစ်ပွားခြင်းဖြစ်သဖြင့် လေးငါးမိုင်အကွာအဝေးရှိ ဟမ်းငိုင်းသို့ ထွက်ပြေးရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ဘေးရှောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းအမျိုးသမီးအဖွဲ့ များနှင့် အရပ်ဘက်အဖွဲ့များက လာရောက်ကူညီကြပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မိုင်းကိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် ကျေးသီးပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့ကလည်း အားပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent