ယာဉ်သွားလမ်းပေါ်ရှိ ရေအိုင်ထဲပြတ်ကျနေသော ဓာတ်ကြိုးကိုနင်းမိပြီး အဋ္ဌမတန်းကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု တောင်ဥက္ကလာမြို့နယ်တွင် ဖြစ်ပွား

ယာဉ်သွားလမ်းပေါ်ရှိ ရေအိုင်ထဲပြတ်ကျနေသော ဓာတ်ကြိုးကိုနင်းမိပြီး အဋ္ဌမတန်းကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု တောင်ဥက္ကလာမြို့နယ်တွင် ဖြစ်ပွား
Published 14 July 2018

ယာဉ်သွားလမ်းပေါ်ရှိ ရေအိုင်ထဲပြတ်ကျနေသော ဓာတ်ကြိုးကိုနင်းမိသည့် အဋ္ဌမတန်းကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုကို စီစီတီဗွီမှတ်တမ်းမှ တွေ့ရစဉ်

ယာဉ်သွားလမ်း လမ်းမပေါ်ရှိ ရေအိုင်ထဲ ပြတ်ကျနေသော ဓာတ်ကြိုးကို နင်းမိသည့် အဋ္ဌမတန်းကျောင်းသားတစ်ဦး ဓာတ်လိုက် သေဆုံးမှု တောင်ဥက္ကလာမြို့နယ်တွင် ဇူလိုင် ၁၃ ရက် ညနေက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓာတ်လိုက်သေဆုံးသည့် မောင်....(၁၃ နှစ်) သည် အလက (၂) တောင်ဥက္ကလာတွင် ပညာသင်ကြားနေသော အဋ္ဌမတန်းကျောင်းသားဖြစ်ပြီး ဇူလိုင် ၁၃ ရက် ညနေ ၅ နာရီခန့်တွင် တောင်ဥက္ကလာမြို့နယ် ချယ်ရီဥယျာဉ် လမ်းဘက်မှ သံသုမာလမ်းအတိုင်း လျှောက်လာစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လမ်းလျှောက်လာစဉ် သံသုမာလမ်းအတိုင်းမောင်းနှင်လာသော ကားတစ်စီးကို ရှောင်တိမ်းရာမှ ရေအိုင်ထဲသို့ ပြတ်ကျနေသည့် ဓာတ်ကြိုးနှင့်ထိမိပြီး လဲကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်အနီးတွင် တပ်ဆင် ထားသော စီစီတီဗွီမှတ်တမ်းအရ သိရသည်။

လမ်းမပေါ်ရှိ ရေအိုင်ထဲသို့ ဓာတ်ကြိုး ပြတ်ကျနေသည့်အကြောင်းကို ယင်းနေရာအနီးတွင် နေထိုင်သူတစ်ဦးက တောင်ဥက္ကလာ လျှပ်စစ်ရုံးသို့ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့သည်ဟု သိရသည်။

“၃ နာရီခွဲလောက်မှာ ရှေ့လမ်းမပေါ်မှာ ဓာတ်ကြိုးပြတ်ကျနေလို့ တောင်ဥက္ကလာ EPC ရုံးကို ဖုန်းဆက်ခဲ့တယ်။ ဒါပေမဲ့ ဖုန်းမကိုင်လို့ လျှပ်စစ်ဝန်ထမ်းတစ်ယောက်ကို ဖုန်းဆက်ပြီး ပြောလိုက်တယ်။ အဲဒီတုန်းက မီးပျက်နေတယ်။ မီးပြန်လာရင် ဒီဟာ ဒုက္ခရောက်မယ်လို့ အန်ကယ် သူ့ကို ပြောလိုက်တယ်။  ၄ နာရီကျော်လောက်မှာ မီးပြန်လာတယ်။ မိုးရွာလို့  ရေကတက်လာတော့ ဓာတ်ကြိုးကို ရေမြုပ်သွားတယ်။ ၅ နာရီလောက်မှာ လမ်းလျှောက်လာတဲ့ကလေးက ကြိုးကို တက်နင်းမိပြီး ဓာတ်လိုက်သွားတာ”ဟု ဖြစ်စဉ်အနီးတွင်ရှိနေသူ ဦးကျော်သင်းအောင်က ပြောကြားသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အဆိုပါ နေရာသို့ တောင်ဥက္ကလာ EPC ရုံးမှ လျှပ်စစ်ဝန်ထမ်းများ လာရောက်၍ ဓာတ်ကြိုး ပြန်လည်တပ်ဆင်ခြင်ခဲ့ပြီး  စည်ပင်သာယာဝန်ထမ်းများက ဓာတ်ကြိုးနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများကို  ခုတ်ထွင်ရှင်းလင်းခဲ့သည်။

ဓာတ်လိုက်သေဆုံးမှုနှင့် ပတ်သက်၍ တောင်ဥက္ကလာ EPC ရုံးမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ပြတ်ကျနေသော ဓာတ်ကြိုးကိုပြန်လည်ပြုပြင်တပ်ဆင်ထားကြောင်းနှင့် သေဆုံးခဲ့သော ကလေးငယ်၏ အလောင်းရှိရာ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ၎င်းတို့ ရောက်ရှိနေကြောင်း ပြန်လည် ဖြေကြားသည်။

ဓာတ်လိုက်သေဆုံးမှုကို တောင်ဥက္ကလာ မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁၉/၂၀၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

 

Most Read

Most Recent