နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရန် အချိန်ဇယားချမှတ်နိုင်ရေး ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရန် အချိန်ဇယားချမှတ်နိုင်ရေး ဆွေးနွေး
Published 14 July 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ဇူလိုင် ၁၃ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံမှုတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အချိန်ဇယားချမှတ်ဆောင်ရွက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် ကြုံတွေ့နေရသည့် အခက်အခဲများ ဖြေရှင်းနိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေရေး၊ ထိုသို့နည်းလမ်းများ ရှာဖွေနိုင်ရန်အတွက် အဓိကကျသည့် ခေါင်းဆောင်များအကြား ပိုမိုနီးကပ်စွာရှေ့သို့ ဆွေးနွေးနိုင်ရေးတို့ကို ဆွေးနွေးကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“အဲဒီအချက်တွေကိုတော့ တတိယအစည်းအဝေးပြီးတာနဲ့ အသေးစိတ်တွေ ဆက်ညှိပါမယ်။ ဆက်ညှိပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဝန်ကြီးဦးမင်းသူ၊ ဦးခင်မောင်တင်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဘက်မှ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS) မှ ဗိုလ်ချုပ်ဘောင်ခေးနှင့် ဗိုလ်မှူးကြီးစိုင်းငင်း၊ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်နှင့် ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူဇင်ကျုံး၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌခွန်မြင့်ထွန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌရဲဘော်သံခဲ၊ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေး၊ KNU/KNLA (PC) အဖွဲ့မှ အထွေထွေအတွင်းရေးမှူး နော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဒုတိယဥက္ကဋ္ဌ ကြာဟားတို့ တက်ရောက်ကြကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် PPST အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံခဲ့မှုနှင့်ပတ်သက်၍ ပဒိုစောကွယ်ထူးဝင်းက “တချို့ကိစ္စတွေက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အပိုင်းမှာကျတော့ ဖွဲ့စည်းပုံနဲ့ပတ်သက်တာတွေ ရှိသလို ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ပြီးတော့ ဒါကို မူဝါဒချမှတ်ပြီး ဆောင်ရွက်ရင် ပိုပြီးတော့ မြန်ဆန်လာမယ်ပေါ့။ နောက်တစ်ခုကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ဘယ်လိုပါဝင်နိုင်မလဲဆိုတာ့ နည်းလမ်းရှာဖွေ ဆွေးနွေးခဲ့ကြပါတယ်” ဟု ပြောကြားသည်။

တွေ့ဆုံပွဲတက်ရောက်လာသည့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေစဉ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ်အတွင်း ညီလာခံသုံးကြိမ်ပြုလုပ်ကာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံမူများ ရရှိအောင် ကြိုးစားသွားမည်ဟု ပြောကြားထားသည်။

ငြိမ်းချမ်းရေးုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အချိန်မဆွဲဘဲ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် လိုအပ်သည် ထက်ပိုပြီး အချိန်ကြာလာပါက ဘေးပယောဂများ၊ ဝင်ရောက်စွက်ဖက်မှုများ၊ ကြိုးကိုင်ခြယ်လှယ်မှုများ ရှိလာပြီး ရရှိထားပြီးဖြစ်သည့် ယုံကြည်မှုတည်ဆောက်ထားမှုများနှင့် ခက်ခက်ခဲခဲ တည်ဆောက်ရရှိထားသော သဘောတူညီချက်များ အားနည်းသွားနိုင်ကြောင်း ငြိမ်းချမ်းရေးညီလာခံ အဖွင့်အမှာစကားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့ကြောင့် အချိန်ပြည့်ညှိနှိုင်းဆွေးနွေးခြင်းများ၊ ရလဒ်ထွက်လာအောင် ဆွေးနွေးခြင်းများကို နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွားကို ထာဝစဉ်ရှေးရှုပြီး စိတ်စေတနာထက်သန်စွာဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လည်း အဖွင့်အမှာစကားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေး ဆောင်ရွက်သွားရန် အလေးထား တိုက်တွန်းကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

 

Most Read

Most Recent