နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ်ရုံး၏ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာနဝန်ကြီး တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ်ရုံး၏ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာနဝန်ကြီး တွေ့ဆုံဆွေးနွေး
Published 11 July 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ်ရုံး၏ အတွင်းရေးမှူးတို့ တွေ့ဆုံဆွေးနွေးနေစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ်ရုံး၏ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာနဝန်ကြီး H.E.Mr.Huang Kumming ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံမှုနှင့်ပတ်သက်၍ သတင်းဓာတ်ပုံသာထုတ်ပြန်ထားပြီး မည်သည့်အကြောင်းများ ဆွေးနွေးခဲ့သည့်ကို ဇူလိုင် ၁၀ ည ၇ နာရီအထိ အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိပေ။

တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ်ရုံး၏ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာနဝန်ကြီးသည် ဇူလိုင် ၇ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ်ရုံး၏ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာနဝန်ကြီး  H.E.Mr.Huang Kumming ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင် ၈ ရက် ညနေပိုင်းက နေပြည်တော်ဟိုတယ်ဇုန်ရှိ ရွှေစံအိမ် ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်း နှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ကူညီပေးနေမှု အခြေအနေ၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

အလားတူ ဇူလိုင် ၉ ရက် နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန မြန်မာအသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးပြည်သူ့အသံလွှင့်ဌာန (GXBS) တို့ ပူးပေါင်းထုတ်လွှင့်မည့် ကာတွန်းကားအစီအစဉ် စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို နေပြည်တော်တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားနှင့် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ပြုလုပ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင်ပင်းရေးသားသည့် တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ်အား မြန်မာဘာသာပြန်ဆိုပြီး ထုတ်ဝေဖြန့်ချိမည့် မိတ်ဆက်ပွဲအခမ်းအနားနှင့် တရုတ်-မြန်မာနိုင်ငံရေးရာ စီမံခန့်ခွဲရေး ဆွေးနွေးပွဲသို့ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ်ရုံး၏ အတွင်းရေးမှူး နှင့်ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာနဝန်ကြီး H.E.Mr.Huang Kumming  တက်ရောက်ခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့ အလုံမြို့နယ် မင်းရဲကျော်စွာလမ်းရှိ တရုတ်ယဉ်ကျေးမှုစင်တာဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၇ ရက်က အဆိုပါစင်တာ၌ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ်ရုံး၏ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာနဝန်ကြီး တက်ရောက်ကာ စင်တာဖွင့်လှစ်ခြင်း အထိမ်းအမှတ်ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးခဲ့သည်။

Most Read

Most Recent