ဖြိုဖျက်ခံရသည့် သင်္ဘောကွေ့ကျေးရွာသားများ ကျောက်ပန်းတူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေကြပြီး သက်ဆိုင်ရာ၏ ထောက်ပံ့ပစ္စည်းကို လက်မခံဟု ငြင်းဆန်ထားကြောင်း သင်္ဘောကွေ့ကျေးရွာသားများ ပြောကြား

ဖြိုဖျက်ခံရသည့် သင်္ဘောကွေ့ကျေးရွာသားများ ကျောက်ပန်းတူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေကြပြီး သက်ဆိုင်ရာ၏ ထောက်ပံ့ပစ္စည်းကို လက်မခံဟု ငြင်းဆန်ထားကြောင်း သင်္ဘောကွေ့ကျေးရွာသားများ ပြောကြား
Published 11 July 2018

ဖြိုဖျက်ခံရသည့် သင်္ဘောကွေ့ကျေးရွာသားများ ကျောက်ပန်းတူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေသည်ကို ဇူလိုင် ၁၀ ရက်က တွေ့ရစဉ်

ဖြိုဖျက်ခံရသည့် သင်္ဘောကွေ့ကျေးရွာသားအများစု ကျောက်ပန်းတူ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ယာယီခိုလှုံနေကြပြီး သက်ဆိုင်ရာက ထောက်ပံ့ပစ္စည်းလာပေးသည်ကို ငြင်းဆန်ခဲ့ကြောင်း ကျေးရွာသားများ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်မတို့ကို ပြောင်းရမယ်ဆိုပြီး အိမ်ကထွက်ခိုင်းပါတယ်။ ကျွန်မတို့ကလည်း လက်ဗလာ ထွက်လာရပါတယ်။ ပြီးရင် ကျွန်မတို့ အိမ်ကပစ္စည်းတွေကို အားလုံးကားပေါ်တင်ကြပါတယ်။ ကျွန်မတို့မှာ ဘာမှယူခွင့်မရပါဘူး။ ကျွန်မတို့မှာရှိတဲ့ အားလုံးတစ်ခုမကျန် ကားပေါ်တင်ယူသွားကြတယ်။ အားလုံးအင်း ဒင်ရွာကို ပြောင်းသွားပါတယ်။ ကျွန်မတို့ကို အင်းဒင်ရွာမှာနေရာချဖို့ ပြောပါတယ်။ ကျွန်မတို့က အင်းဒင်ရွာမှာ လုံးဝမနေပါ။ အိမ်မှာမွေး ထားတဲ့ ဝက်၊ ကြက်၊ ဆိတ်၊နွားအားလုံးတစ်ခုမှ ယူခွင့်မရခဲ့ပါ။ တချို့ဆို မိုးရေထဲမှာ ထီးမပါဘဲ လမ်းလျှောက်လာကြရလို့ နေမကောင်းဖြစ်နေကြပါပြီ။ မနေ့ညက ကျောက်ပန်းတူကျေးရွာ သားတွေက ထမင်းကျွေးပါတယ်။ ဒီကနေ့ မနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ လာကြပါတယ်။ ပြီးတော့ ကျွန်မတို့ အတွက်ဆိုပြီး ဆန်၊ ဆီ၊ အဝတ်တွေပါတဲ့ အထုပ်ကို ကျောင်းမှာထားခဲ့ပါတယ်။ ကျွန်မတို့ လုံးဝလက်မခံပါ။ သူတို့ပေးတာကို လုံးဝမယူပါ။ ကျွန်မတို့ ပိုင်ဆိုင်တာအားလုံးကို ယူသွားပြီ။ ကျွန်မတို့ နေအိမ်တွေကိုလည်း ဖျက်လိုက်ပြီဆိုတော့ သူတို့ပေးတာမစားတော့ပါ။ မြို့နယ်အုပ်ချုပ်ရေးမှူး ပြောသွားတာကတော့ သူတို့စီမံတဲ့ နေရာမှာနေ၊ သူတို့စီမံတာ ကိုလက်မခံရင် မနေနဲ့လို့ပြောသွားပါတယ်။ ဒီကနေ့လည်း ရွာမှာကျန်တဲ့အိမ်တွေကို ဆက်လက်ဖြိုနေပါတယ်” ဟု သင်္ဘောကွေ့ ကျေးရွာသူ မချိုချိုအေးက ပြောကြားသည်။

လက်ရှိတွင် အစိုးရ၏ ထောက်ပံ့ပစ္စည်းများကို ငြင်းဆန်ထားသော်လည်း အခြားကူညီထောက်ပံ့မှုများကို လက်ခံကြောင်းနှင့် မည်သို့ဆက်လက်နေထိုင်မည်ကို မသိရှိရသေးကြောင်းလည်း ကျေးရွာသားများက ပြောကြားသည်။

“အခုဆိုရင် ရွာကိုလည်းအဖျက်ခံရပြီ။ အိမ်ကပစ္စည်းတွေကိုလည်း ဘာတစ်ခုမှ ယူခွင့်မရဘူး။ ဝတ်ဖို့ပုဆိုးတောင်မရှိဘူး။ ညက မိုးရေစိုစိုနဲ့ ဝတ်လာတဲ့အဝတ်တွေနဲ့ပဲ နေနေရတယ်။ ဘုန်းကြီးကျောင်းမှာလည်း နေရတာလူများတော့ အဆင်မပြေပါ။ အခုမောင်တောက ထောက်ပံ့ရေးအဖွဲ့တွေကလာပြီးတော့ ရိက္ခာတွေလာထောက်ပံ့ပါတယ်။ ကျွန်တော်တို့ ဘယ်လိုဆက်လုပ်မလဲဆိုတာကတော့ ကျွန်တော်တို့ရွာက ခေါင်းဆောင်နှစ်ယောက်ကို ဖမ်းထားပါတယ်။ သူတို့ပြန်လွတ်ဖို့ အရေးကြီးပါတယ်။ သူတို့လွတ်မှ သူတို့နဲ့တိုင်ပင်ပြီး ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားရပါမယ်။ အခုတော့ ကျွန်တော်တို့ ရွာကခေါင်းဆောင်နှစ်ဦး အမြန်ဆုံးလွတ်ဖို့ အရေးကြီးပါတယ်။ ဒီကနေ့ မြို့နယ်အုပ်ချုပ်ရေးမှူးလာတယ်။ ထောက်ပံ့ပစ္စည်းပေးပါတယ်။ ပြီးရင်သူတို့ နေရာချပေးတဲ့နေရာမှာ နေပါလို့ပြောပါတယ်။ ကျွန်တော်တို့က သူတို့ချပေးတဲ့ အင်းဒင်မှာ လုံးဝမနေပါ။ သူတို့ပေးတဲ့ ထောက်ပံ့ပစ္စည်းကိုလည်း မယူပါလို့ငြင်းလိုက်ပါတယ်။ အခုလောလောဆယ်မှာ အခက်အခဲတော့ အများကြီးပါ။ လသားအရွယ်ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေဆို ပိုဆိုးပါတယ်” ဟု သင်္ဘောကွေ့ကျေးရွာသား ဦးကျော်ဝင်းက ပြောကြားသည်။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်သည် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက ကျောက်ပန်းတူ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသည့် သင်္ဘောကွေ့ကျေးရွာသားများနှင့် သွားရောက်တွေ့ဆုံကာ ရိက္ခာထောက်ပံ့ခြင်း၊ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျောက်ပန်းတူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသည့် သင်္ဘောကွေ့ကျေးရွာသား စုစုပေါင်း ၁၀၀ ကျော်ရှိနေပြီး ၎င်းတို့အတွက် ယာယီစားသောက်ရန် ဆန်အပါအဝင် ရိက္ခာများကို မောင်တောမြို့မှ လူမှုကူညီရေးအဖွဲ့များ စုပေါင်း၍ လှူဒါန်းခဲ့ကြောင်း သိရသည်။

“အခုသင်္ဘောကွေ့ရွာသားတွေက ကျောက်ပန်းတူ ဘုန်းကြီးကျောင်းမှာ  ရောက်နေတာ ၁၁၀ လောက်ရှိတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်နဲ့ တခြားနာမကျန်းဖြစ်တဲ့ ရွာသားတစ်ယောက်က စစ်တွေဆေးရုံကို ဆေးကုဖို့သွားကြပါတယ်။ သူတို့မှာက ချက်ပြုဖို့ အိုးခွက်ပန်းကန်လည်းယူလို့မရခဲ့တော့ အားလုံးအခက်အခဲ ဖြစ်နေတယ်။ ဝတ်ဖို့ အဝတ်လည်း မပါလာကြဘူး။ သူတို့ပစ္စည်းတွေကို သက်ဆိုင်ရာကကားတွေနဲ့ အင်းဒင်ရွာကို ပြောင်းရွှေ့ထားတယ်လို့ ပြောကြတယ်။ ကျွန်တော်တို့မှာက ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥ အစရှိတဲ့ စားသောက်ဖို့ ရိက္ခာနဲ့ အိပ်ဖို့ ထိုင်းဖျာ၊ အမျိုးသမီးတွေအတွက် အဝတ်အထည်တွေ လာရောက်လှူဒါန်းတာပါ” ဟု လာရောက် လှူဒါန်းသည့် မောင်တောမြို့ အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီမှ ဦးစိန်လှဖြူက ပြောကြားသည်။

လက်ရှိနေရာတွင်နေ၍ မရသည့်အတွက် အင်းဒင်ရွာသစ်ကို ပြောင်းရွှေ့ရမည်ဖြစ်ပြီး နေရေးစားရေးအတွက် အဆင်သင့်ပြင်ဆင် ထားကြောင်း၊ အင်းဒင်ရွာသစ် မပြောင်းရွှေ့ လိုဘဲ လက်ရှိနေရာတွင်သာ နေလိုလျှင်လည်း ဥပဒေနှင့်အညီ ရွာတည်ခွင့်ရသည့်အချိန် ပြန်လာနေထိုင်နိုင်ပြီး လက်ရှိတွင် ပြောင်းရွှေ့ ရမည်ဖြစ်ကြောင်း သင်္ဘောကွေ့ကျေးရွာသား များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း လက်ရှိနေရာတွင် နေထိုင်ခွင့်မရကြောင်း နှင့် အကောင်းဆုံးဖြစ်အောင် တာဝန်ယူလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ကျေးရွာသားများအား ပြောကြားသည်။

“ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ကျွန်တော်ကိုယ်တိုင် သတင်းပို့လိုက်ပါတယ်။ တစ်ခုပဲပြောလိုက်ပါတဲ့။ ဒီနေရာမှာနေတာခွင့် မပြုပါဘူး။ အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်လို့ အာမခံပေးလိုက်ပါတဲ့” ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။

သင်္ဘောကွေ့ကျေးရွာသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှစ၍ မောင်တောဒေသသို့ အခြေ ချရန်ရောက်ရှိလာကြသည့် သံတွဲ၊ ရသေ့ တောင် အပါအဝင် မြို့နယ်ခြောက်ခုမှ ရခိုင် တိုင်းရင်းသားများနေထိုင်သည့်ကျေးရွာဖြစ် ကြောင်း သိရသည်။

အဆိုပါ မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ (မီးလောင်ပြင်) နေရာ၌ သက်ဆိုင်ရာက တစ်စုံတစ်ရာခွင့်ပြုချက်မရဘဲ တရားမဝင် ယာယီတဲများ ဆောက်လုပ်နေထိုင်ခြင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်  (၁၅ / ၂၀၁၈ )ဆုံးဖြတ်ချက်အရ တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက် ရန် အကြောင်းကြားလာသဖြင့် အဆိုပါ နေရာ၌ တရားမဝင် ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ နေထိုင်မှုအား ဆက်လက်ဆောင်ရွက်ခြင်း မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက မတ် ၂၀ ရက်တွင် သတိပေးအကြောင်းကြားခဲ့ကြောင်း သိရသည်။

ဖြိုဖျက်ခံရသည့် သင်္ဘောကွေ့ ကျေးရွာသားများအားအစိုးရက အင်းဒင်ကျေးရွာအနီးတွင် ပြောင်းရွှေ့နေရာချထားရန် စီစဉ်ထားကြောင်း သိရသည်။

ဇူလိုင် ၉ ရက်က သင်္ဘောကွေ့ကျေးရွာမှ နေအိမ်များကို အစိုးရက စတင်ဖြိုဖျက်ပြီး တိုင်းရင်းသားများကို အင်းဒင်ကျေးရွာသို့ ပြောင်းရွှေ့ခဲ့သော်လည်း ဒေသခံများက မပြောင်းရွှေ့ဘဲ ကျောက်ပန်းတူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တလာရောက် ခိုလှုံလျက်ရှိကြောင်း သိရသည်။

သင်္ဘောကွေ့ကျေးရွာကို အစိုးရ၏ ခွင့်ပြုချက်မပါဘဲ တည်ထောင်ခဲ့သည့်အတွက် ဦးဆောင်တည်ထောင်ခဲ့သူ ဦးထွန်းမြင့်ဦး၊ ဒေါ်ဥမ္မာကျော်နှင့် ဦးအောင်နိုင်တို့ သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူ ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့ နှစ်ဦးကို မောင်တောမြို့နယ် တရားရုံး၌ ဇူလိုင် ၁၀ ရက်က ချုပ်ရမန်ယူကာ ဘူးသီးတောင်အကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်းနှင့် လာမည့် ဇူလိုင် ၁၆ ရက်တွင် ပထမဆုံးအကြိမ် ရုံးချိန်းဆိုထား ကြောင်း သိရသည်။

သင်္ဘောကွေ့ကျေးရွာကို ရခိုင်ပြည်နယ်အတွင်း မြို့နယ်ခြောက်ခုမှ တိုင်းရင်းသားများ ပြောင်းရွှေ့နေထိုင်ပြီး တည်ထောင်ထားခြင်းဖြစ်ကာ လူဦးရေ ၂၀၀ ခန့် (အိမ်ထောင်စု ၄၈ စု) ရှိကြောင်း သိရသည်။

သင်္ဘောကွေ့ကျေးရွာရှိနေအိမ်များအားလုံး အပြီးသတ်ဖြိုဖျက်နေကြောင်းနှင့် တိုင်းရင်းသားများကိုလည်း လာရောက်စာရင်း ကောက်ယူခြင်း၊ ထောက်ပံ့မှုပေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

 

Most Read

Most Recent