ထိုင်းလိုဏ်ဂူအတွင်းမှ ပိတ်မိကလေးများ ကယ်ဆယ်ရေး တတိယမြောက်နေ့တွင် ကျန်ရှိကလေးအားလုံးကို ကယ်ထုတ်နိုင်ခဲ့

ထိုင်းလိုဏ်ဂူအတွင်းမှ ပိတ်မိကလေးများ ကယ်ဆယ်ရေး တတိယမြောက်နေ့တွင် ကျန်ရှိကလေးအားလုံးကို ကယ်ထုတ်နိုင်ခဲ့
Published 11 July 2018

ဇူလိုင် ၁၀ ရက်တွင် ကယ်ဆယ်ရေးများ လုပ်ဆောင်နေသည့် Tham Luang ဂူဝန်းကျင်မှ လူနာတင်ယာဉ်တစ်စီး ထွက်လာစဉ် (Photo - AFP)

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ လိုဏ်ဂူထဲမှ ပိတ်မိကလေးများအား ကယ်ဆယ်သည့် တတိယမြောက်နေ့ ဇူလိုင် ၁၀ ရက်တွင် ကျန်ရှိနေသူငါးဦးစလုံးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

ယခင်နှစ်ရက်တွင် ကယ်ဆယ်ခဲ့သည့် ပုံစံများအတိုင်း ရေငုပ်သမားများသည်  တတိယမြောက်နေ့တွင် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ၌ ဂူထဲသို့ ဝင်ရောက်ခဲ့ကြကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် နာရောင်ဆက်  အိုဆော့တာနာကွန်းက ပြောကြားခဲ့သည်။

ထိုပိတ်မိကလေးများအား ကယ်ဆယ်မှုကို ကူညီရန် ကမ်းလှမ်းခဲ့သော အမေရိကန် နည်းပညာ စွန့်ဦးတီထွင်လုပ်ငန်းရှင် အီလန်မက်စ်သည် ဇူလိုင် ၁၀ ရက်တွင် ၎င်း၏ ရှေ့ပြေးပုံစံ မီနီရေငုပ်သင်္ဘောနှင့်အတူ ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။ မီနီရေငုပ်သင်္ဘောသည် အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊  ဂူအမှတ်-၃ မှ ပြန်လာပြီဖြစ်ကြောင်း ရေလွှမ်းနေသည့် ဂူတွင် ကယ်ဆယ်ရေးလုပ်နေမှုအား မှတ်တမ်းတင်ထားသည့် ဗီဒီယိုကို မက်စ်က Instagram တွင် တင်ခဲ့သည်။ ဂူ အမှတ်-၃ သည် ကယ်ဆယ်ရေးအခြေစိုက်ဖြစ်သည့် ဂူဝင်ပေါက်မှ ၁ ဒသမ ၂ မိုင်အကွာတွင် တည်ရှိနေသည်။ လတ်တလောတွင် ကယ်ဆယ်ရေးများသည် မက်စ်၏ ရေငုပ်သင်္ဘောကို အသုံးပြုရန် အစီအစဉ် မရှိသေးပေ။

ပြည်ပရေငုပ်သမားများနှင့် ထိုင်းရေတပ်ရေငုပ်သမားများသည် တစ်စိတ်တစ်ပိုင်း ရေလွှမ်းနေသော Tham Luang ဂူထဲမှ ကလေးများအနက် ရှစ်ဦးကို ဇူလိုင် ၈ ရက် နှင့် ၉ ရက်တို့တွင် လေးဦးစီ ကယ်ထုတ်နိုင်ခဲ့သည်။ ထိုရှစ်ဦးစလုံးသည် မည်သည့်နာဖျားမှုမှ မရှိဘဲ ကျန်းမာရေးကောင်းမွန်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာလည်း ကောင်းမွန်ကြောင်း အများပြည်သူကျန်းမာရေးဆိုင်ရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဂျက်ဆာဒါချော့ ဒမ်ရောင်ဆက်က ထိုကလေးများအား ကုသပေးနေသည့် ချင်းရိုင်ဆေးရုံ၌ ပြောကြားခဲ့သည်။

သို့သော် ထိုကလေးများသည် ဂူထဲမှ မည်သည့်ရောဂါမှ ကူးစက်ခံရမှုမရှိကြောင်း သေချာသည့် အချိန်အထိ ဆရာဝန်များက ၎င်းတို့အား သီးသန့်ခွဲထားမည်ဖြစ်သည်။ ညစ်ပတ်သောရေများအား သောက်ခြင်း သို့မဟုတ် ဂူထဲတွင် ငှက်နှင့် လင်းနို့များ၏ မစင်များနှင့် ထိတွေ့မိခြင်းတို့ကြောင့် အန္တရာယ်ကြီးသော ကူးစက်မှုများ ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးခဲ့သည်။ သို့သော် ကလေးရှစ်ဦးအား ဓာတ်မှန်ရိုက်ခြင်း နှင့် သွေးစစ်ခြင်းပြုလုပ်ခဲ့ရာ နှစ်ဦးတွင်သာ  အဆုတ်ရောင်ရောဂါလက္ခဏာများ တွေ့ရှိခဲ့ရသော်လည်း ဆေးသောက်ပြီးချိန်တွင်မူ ပုံမှန်အခြေအနေ၌ ရှိနေကြောင်း ဂျက်ဆာဒါက ပြောကြားခဲ့သည်။ ကလေးအချို့ကမူ ပေါင်မုန့်နှင့်ချောကလက်များ ကျွေးရန်တောင်းဆိုခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

Wild Boars လူငယ်ဘောလုံးအသင်းမှ အသက် ၁၁ နှစ်မှ ၁၆ နှစ်အကြားရှိ လူငယ် ၁၂ ဦးနှင့် အသက် ၂၅ နှစ်ရှိ ၎င်းတို့၏ လက်ထောက်နည်းပြဖြစ်သူတို့သည် မိုးသည်းထန်စွာ ရွာသွန်းနေစဉ် ဇွန် ၂၃ ရက်တွင် ထိုဂူထဲ၌ ပိတ်မိသွားခဲ့ခြင်း ဖြစ်သည်။ မှောင်မည်းပြီး ကျဉ်းမြောင်းသောလမ်းကြောင်းများရှိသည့် ထိုဂူထဲတွင် ကိုးရက်ကြာ ပိတ်မိနေခဲ့ပြီးနောက် ထိုကလေးများအဖွဲ့အား ဗြိတိန်ရေငုပ်သမား နှစ်ဦးက အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Ref ; AFP

Most Read

Most Recent