ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား (၁၆) ကြိမ်မြောက် ရုံးထုတ်ကာ တရားလိုပြသက်သေ တစ်ဦးကို စစ်ဆေးခဲ့

ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား (၁၆) ကြိမ်မြောက် ရုံးထုတ်ကာ တရားလိုပြသက်သေ တစ်ဦးကို စစ်ဆေးခဲ့
Published 10 July 2018

ဒေါက်တာအေးမောင်တို့အား ဇူလိုင် ၉ ရက်က ရုံးထုတ်လာစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ စာပေဟောပြောပွဲတွင် ဟောပြောခဲ့မှုကြောင့် ပုဒ်မသုံးခုဖြင့် တရားစွဲ ခံထားရသော စာရေးဆရာ ဝေဟင်အောင်နှင့် ဒေါက်တာအေးမောင်တို့အား ၁၆ ကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုပြသက်သေ တစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးထုတ်တွင် လက်ရှိကျင်းပတော့မည့် တတိယပင်လုံတွင် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးအား ဖိတ်ကြားသင့်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

“အခုပင်လုံက စတော့မယ်ဗျ။ ကျွန်တော်ကတော့ တောင်းဆိုတယ်။ တိုင်းရင်းသား ခေါင်းဆောင်ဖြစ်တဲ့ ဦးခွန်ထွန်ဦးကို ဖိတ်ခေါ်ဖို့ တောင်းဆိုတယ်။ ရှမ်းမှာစခဲ့တဲ့ ပင်လုံ၊ တတိယ ပင်လုံပေါ့၊ အနှစ်သာရ ပြည့်ဝဖို့အတွက် ရှမ်းခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင် လိုတယ်။ နောက်တစ်ခုက မြစ်ဆုံပေါ့၊ မြစ်ဆုံဆိုတာ ဦးသိန်းစိန်ရဲ့ အင်မတန်ကောင်းတဲ့ ထောက်ကွက်၊ အင်မတန်ကို အနှစ်သာရရှိရှိနဲ့ နောက်ကိုဆုတ်တာ၊ သို့သော်လည်းပဲ ချောင်းဆုံမှာ မွန်နဲ့ ပြဿနာဖြစ်တယ်။ အင်မတန် သနားစရာကောင်းတဲ့ အခင်းအကျင်း၊ အဲဒီတော့ ရခိုင်မှာ ပြဿနာပြန်ဖြစ်တယ်၊ မဟာမုနိရှိတဲ့၊ ဗုဒ္ဓဗျာဒိတ်တော် ပေးခဲ့တဲ့ ဓညဝတီပြည်ကြီးမှာ ဖြစ်ခဲ့တဲ့ သွေးမြေကျမှုဟာ အင်မတန် မှားယွင်းတဲ့ ချဉ်းကပ်မှုပဲ။ အဲဒီတော့ တတိယတစ်ကြိမ် ကရင်နီပြည်မှာဖြစ်တယ်။ အကောင်းဆုံးကတော့ အားလုံးသိတဲ့ အတိုင်းပဲ။ ပင်လုံမှာ ဆာစပန့်လုပ်ပေးပါ၊ အာဏာရှင်စနစ်ဆိုတာ ပြောသာပြောကြတာပါဗျာ။ ဒုတိယ ကမ္ဘာစစ် မတိုင်ခင် ဖက်ဒရယ် ဂျာမန်နိုင်ငံမှာ ဘယ်လိုဖြစ်ခဲ့လဲ။ ရွေးကောက်ပွဲကြောင့် တက်လာတဲ့ အဒေါ့ဖ်ဟစ်တလာဟာ ဘယ်လိုဖြစ်ခဲ့သလဲ ကမ္ဘာကြီးမှာ။ အဲဒါကြောင့် အာဏာရှင်စနစ်တစ်ခု မဖြစ်ဖို့ လိုတယ်။ စစ်အာဏာရှင်စနစ်ကို လက်ညှိုးထိုး နေတာထက် အာဏာရှင်စနစ်တစ်ခု မဖြစ်ဖို့အတွက် အားလုံးမှာ တာဝန်ရှိတယ်။ အဓိက ဒီပင်လုံမှာ ဆွေးနွေးစေချင်တယ်” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ဟောပြောမှုများနှင့် ပတ်သက်ပြီး ယင်းတို့နှစ်ဦးအား ပုဒ်မ ၁၂၂ ၊ ပုဒ်မ ၁၇(၁)နဲ့ ၅၀၅(ခ)(ဂ)တို့ စွဲဆိုထားခြင်းဖြစ်ကာ စစ်တွေခရိုင် တရားရုံးတွင် အမှုသုံးခုစလုံးကို စစ်ဆေးခွင့် ရရှိထားကြောင်းလည်း သိရှိရသည်။

ဇူလိုင် ၉ ရက်ရုံးချိန်းတွင် တရားလိုပြ သက်သေဖြစ်သည့် ရသေ့တောင်ရဲစခန်းမှ တပ်ကြပ်ကြီး တင်လှအား စစ်ဆေးခဲ့ပြီး ရုံးချိန်းကို ဇူလိုင် ၁၆ ရက်သို့ ချိန်းဆိုခဲ့သည်။ ဇွန် ၂၇ ရက်ရုံးချိန်းတွင် တရားလိုပြသက်သေ တစ်ဦးဖြစ်သော ဒုရဲအုပ်စိုးနိုင်ထွန်းအား စစ်ဆေးခဲ့သည်။

ဒေါက်တာအေးမောင်၏ အမှုကို ဖျက်သိမ်းရန် ဒေါက်တာအေးမောင်၏ ရှေ့နေများက ပြည်နယ် တရားလွှတ်တော်သို့ ရာဇဝတ် အထွေထွေ အမှုလျှောက်ထားခြင်းအား ပြည်နယ် တရားလွှတ်တော်က ပယ်ချထားသည်။

အစိုးရတစ်ရပ်၏ ပုံရိပ်မှာ အရေးကြီးကြောင်း၊ ပြည်နယ်အစိုးရဖြစ်ဖြစ် တိုင်းဒေသကြီး အစိုးရဖြစ်ဖြစ် လုပ်ဆောင်မှု ကောင်းမွန်ခြင်း မရှိပါက ပြည်ထောင်စုအစိုးရအား ပုံရိပ်ကျဆင်းစေကြောင်း၊ အစိုးရအနေဖြင့် ပြည်သူလူထုအား မည်မျှအလုပ်အကျွေး ပြုနိုင်သလဲ ဆိုသည်မှာ အရေးကြီးကြောင်း၊ လူထု၏ ထောက်ပြဝေဖန်ချက်များကို မည်မျှအထိ လိုက်နာမည်လဲ ဆိုသည်မှာ အရေးကြီးကြောင်း ဇွန် ၂၇ ရက် ရုံးထုတ်တွင် ပြောကြားထားသည်။

 

Most Read

Most Recent