ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးအား အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မဖြင့် စွဲချက်တင်ကြောင်း မြောက်ပိုင်းခရိုင်တရားရုံး အမိန့်ချ

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးအား အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မဖြင့် စွဲချက်တင်ကြောင်း မြောက်ပိုင်းခရိုင်တရားရုံး အမိန့်ချ
Published 10 July 2018

စွဲချက်တင်အမိန့် ချမှတ်ကြောင်း တရားရုံးချိန်း အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် ကိုဝလုံး ဖြေကြားနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် စွဲချက်တင်ကြောင်း မြောက်ပိုင်းခရိုင် တရားရုံးက ဇူလိုင် ၉ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

ယင်းကဲ့သို့ စွဲချက်တင် အမိန့်ချမှတ်ရသော အကြောင်းပြချက်မှာ အစိုးရလျှို့ဝှက်ချက် စာရွက်စာတမ်းများ၊ အစိုးရ အကျိုးစီးပွားကို ဆန့်ကျင်စေသော ရည်ရွယ်ချက်ဖြင့် စုဆောင်းခြင်း၊ ရယူရေးမှတ်ဖြန့်ဝေခြင်း ပေါ်ပေါက်သည် ဟုဆိုသော အကြောင်းပြချက်ဖြင့် အမှုကို စစ်ဆေးသည့် တရားသူကြီးက စွဲချက်တင်မိန့် ချမှတ်ခြင်း ဖြစ်ကြောင်း သတင်းထောက်နှစ်ဦး၏ ရှေ့နေက ပြောကြားသည်။

တရားစွဲခံရသည့် သတင်းထောက်နှစ်ဦး၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က   “စွပ်စွဲချက်တင်သင့် မတင်သင့်ကို တရားသူကြီးက အမိန့်ချတယ်။ အမိန့်ချတော့ ကိုဝလုံးရော ကိုကျော်စိုးဦးရော နှစ်ယောက်လုံးကို စွဲချက်တင်လိုက်ပါတယ်။ တင်တဲ့အကြောင်းပြချက်ကတော့ ကိုဝလုံးတို့ကို ဘယ်နေရာ ဘယ်အချိန်မှာ အစိုးရလျှို့ဝှက်ချက် စာရွက်စာတမ်းများ အစိုးရ အကျိုးစီးပွား ဆန့်ကျင်စေတဲ့ ရည်ရွယ်ချက်ဖြင့် ရန်သူနဲ့ ဆက်စပ်ရာ သဘောဖြင့် စုဆောင်းခြင်း ရယူခြင်း ရေးမှတ်ခြင်း ဖြန့်ဝေခြင်း အစရှိသည်ကို ပြုတယ်လို့ ပေါ်ပေါက်တဲ့ အတွက်ကြောင့် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် စွဲချက်တင်လိုက်သည်၊ မည်သည့်အတွက်ကြောင့် အပြစ်မပေးထိုက်ကြောင်း ထုချေပါလို့ တရားသူကြီးက အမိန့်ချမှတ်ကြောင်း ပြောပါတယ်။ နှစ်ယောက်စလုံးကို ထုချေခိုင်းတာပေါ့” ဟု မီဒီယာများအား ဖြေကြားသည်။

ထို့ကြောင့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးသည် နိုင်ငံတော်ကို ဆန့်ကျင်တဲ့ နိုင်ငံတော်ကို အကျိုးစီးပွား လုံးဝပျက်စီး စေလိုသော ရည်ရွယ်ချက် မရှိသည့်အကြောင်း၊ စာရွက်စာတမ်းများကိုလည်း စုဆောင်းခြင်း ဖြန့်ဝေခြင်း ရေးမှတ်ခြင်း မပြုခဲ့သည့်အကြောင်း၊ ဂျာနယ်လစ် တစ်ယောက်၏ ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ခဲ့ခြင်းကြောင့် အပြစ်မရှိကြောင်း တရားရုံးတွင် ထုချေခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဆက်လက် ပြောကြားသည်။

ရိုက်တာသတင်းထောက်နှစ်ဦး အနေဖြင့် ၎င်းတို့နှစ်ဦးကို တရားစွဲဆိုထားသော မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) အမှုကို ဆက်လက် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ရိုက်တာသတင်းထောက် ကိုဝလုံးက တရားရုံးမှ စွဲချက်တင်ကြောင်း အမိန့်ချခြင်းသည် မိမိတို့ကို အပြစ်ရှိသည်ဟု ဆုံးဖြတ်ခြင်း မဟုတ်ကြောင်း၊ စွဲချက်တင်တာနှင့် ပတ်သက်၍ လုံးဝတုန်လှုပ်သွားမည် မဟုတ်ဘဲ အပြစ်မရှိကြောင်း ရင်ဆိုင်ချေပ သွားမည်ဖြစ်ကြောင်း တရားရုံးချိန်း အပြီးတွင် ပြောကြားသည်။

“ဒီနေ့ စွဲချက်တင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ လက်လျှော့မှာ မဟုတ်ပါဘူး။ ရုံးတော်က ဆုံးဖြတ်လိုက်တာလည်း ကျွန်တော်တို့ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ခုခံချပြခွင့် ရှိပါတယ်။ ကျွန်တော်တို့မှာ အပြစ်မရှိဘူး ဆိုတာကို လာမယ့်ရုံးချိန်းမှာ ထွက်ဆိုသွားပါမယ်။ စွဲချက်တင်တာနဲ့ ပတ်သက်ပြီး လုံးဝတုန်လှုပ်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ ကိစ္စသည် သတင်းသမား ကျင့်ဝတ်နဲ့အညီ ရခိုင်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းဖော်ထုတ်ခဲ့တာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ဒါတွေကို ဆက်လက်ပြီး တရားရုံးတော်မှာ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ မတရားအမှုဟာ ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်” ဟု ရိုက်တာသတင်းထောက် ကိုဝလုံးက ပြောကြားသည်။

လာမည့်တရားရုံးချိန်းတွင် စွပ်စွဲခံရသူများဘက်မှ တင်သွင်းသော သက်သေများကို စစ်ဆေးမည်ဖြစ်ပြီး ကိုဝလုံးနှင့် ကိုကျော်စိုး ဦးတို့ကလည်း သက်သေအဖြစ် အစစ်ဆေးခံမည်ဖြစ်ကြောင်း၊ ရုံးချိန်းကို ဇူလိုင် ၁၆၊ ၁၇ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရ သည်။

 

Most Read

Most Recent