ကုန်သွယ်ရေးစစ်ပွဲ၏ လက်နက်များ

ကုန်သွယ်ရေးစစ်ပွဲ၏ လက်နက်များ
Published 9 July 2018

တရုတ်နဲ့ အမေရိကန်ကြားက ကုန်သွယ်ရေးစစ်ပွဲမှာ ပထမဆုံးပစ်ခတ်မှုတွေ ထွက်ပေါ်လာခဲ့ပါပြီ။ အဲဒီစစ်ပွဲဟာ ကမ္ဘာ့စီးပွားရေးကို ပျက်စီးစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

အင်အားကြီး နှစ်နိုင်ငံဟာ ဇူလိုင် ၆ ရက်မှာ နယ်ခြားဖြတ်သန်းကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး ဒေါ်လာဘီလျံနှင့်ချီလို့ အပြန်အလှန် သွင်းကုန်အတွက် အခွန်စည်းကြပ် ကောက်ခံမှုတွေ လုပ်ခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်လို အားကြီးတဲ့ ကုန်သွယ်ဖက်နဲ့ ကုန်သွယ်ရေး ပွတ်တိုက်မှု ဖြစ်ပွားတာဟာ အမေရိကန်ကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ သတိပေးမှုတွေကို ပယ်ချလိုက်ပေမဲ့ တိုက်ပွဲမှာ ထိခိုက်မှုတွေဖြစ်စေဖို့ သွင်းကုန်အပေါ် အခွန်စည်းကြပ်မှုတွေကို ကျော်လွန်တဲ့ တခြားလက်နက်တွေဟာလည်း တရုတ်မှာ ရှိနေပါတယ်။

 

■ ကိုယ့်ဒုက္ခ ကိုယ်ရှာခြင်း

တွမ်ခရုစ်ရဲ့ရုပ်ရှင်ကားတွေ၊ စတားဘတ်ကော်ဖီ၊ အိုင်ဖုန်းအိတ်စ်နဲ့  General Motors ထုတ် ဇိမ်ခံကားတွေ စတာတွေအားလုံးဟာ တရုတ်နိုင်ငံမှာ အရောင်းရဆုံးတွေ ဖြစ်ပြီး အာဏာပိုင်တွေဟာ သူတို့ဘဝကိုယ်သူတို့ ခက်ခဲအောင်လုပ်ဖို့ နည်းလမ်းအားလုံးကို ရှာဖွေနေသလိုမျိုး ဖြစ်နေတယ်လို့ အောက်စဖို့ဒ်စီးပွားရေးဌာနက အာရှရေးရာသုံးသပ်သူ လူဝီကူးယစ်က ဆိုပါတယ်။

“သွင်းကုန်အပေါ် အခွန်စည်းကြပ်ခြင်း သက်သက်ကိုကြည့်ရင် တရုတ်က လက်နက်အင်အား နည်းတယ်လို့ ဆိုနိုင်ပါတယ်၊ ဒါပေမဲ့ အမေရိကန်ကုမ္ပဏီတွေကို အထိနာစေနိုင်တဲ့ တခြားနည်းလမ်းအမျိုးမျိုး ရှိသေးတဲ့အကြောင်း သမိုင်းက ပြသခဲ့တယ်” လို့  ကူးယစ်က ပြောပါတယ်။

ကျန်းမာရေး၊ ဘေးကင်းလုံခြုံမှုနဲ့ အခွန် စစ်ဆေးမှုတွေကိုမြှင့်တင်ရင်း ကုန်ပစ္စည်းတင်သွင်းမှုကို ကြန့်ကြာအောင်လုပ်လို့ အမေရိကန်ကုန်ပစ္စည်းတွေကို သပိတ်မှောက်နိုင်တယ်လို့လည်း ကူးယစ်က ဆိုပါတယ်။

တရုတ်ဆိပ်ကမ်းအာဏာပိုင်တွေက အမေရိကန်ဝက်သားတွေနဲ့ ကားတွေကို စစ်ဆေးမှုတွေ စတင်မြှင့်တင်လိုက်တာကြောင့် အကြီးအကျယ် ကြန့်ကြာမှုတွေကို ဖြစ်စေခဲ့ပါတယ်။

 

■ ဇိမ်ခံကားသပိတ်

အခုအချိန်မှာ General Motors ကုမ္ပဏီဟာ အမေရိကမှာထက်စာရင် တရုတ်မှာ  ကားတွေ ပိုပြီး ရောင်းနေရတာပါ။ တခြား ထင်ရှားတဲ့ အမေရိကန်အမှတ်တံဆိပ် တော်တော်များများဟာလည်း အခုအခါမှာ အလျင်အမြန် ကြီးထွားလာနေတဲ့ တရုတ်ဈေးကွက်ကနေ ကြီးမားလှတဲ့ အကျိုးအမြတ် အချိုးအစားကို ရရှိနေပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကြိုးနီစနစ် သုံးလိုက်ခြင်း ဒါမှမဟုတ် တရုတ်ဝယ်ယူသူတွေ ထိထိရောက်ရောက် သပိတ်မှောက်အောင် အားပေးလိုက်ခြင်းတွေ လုပ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ကပ်ပီတယ် အီကောနောမစ်ဌာနက အာရှရေးရာစီးပွားရေးပညာရှင် မက်ဝီလျံက တရုတ်ဟာ ရောင်းချဖို့ အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့အတွက် လက်လှမ်းမီစေဖို့ အရာရှိတွေကို ခွင့်ပြုပေးတဲ့ ဝါဒဖြန့်ချိရေး လှုပ်ရှားမှုတစ်ရပ် စီစဉ်နိုင်တယ်လို့လည်း ဆို ပါတယ်။

“အတိတ်ကာလတုန်းက ဒါတွေဟာ လျင်မြန်ပြီး ထိရောက်ကြောင်း သက်သေပြခဲ့ပြီးပါပြီ” လို့ ဆိုပါတယ်။ နိုင်ငံရေးတင်းမာမှုဖြစ်ပွားစဉ်ကာလတွေက တောင်ကိုရီးယား နဲ့ ဂျပန်ကို အလားတူလှုပ်ရှားမှုမျိုးတွေ ဆောင်ရွက်ခဲ့တာကြောင့်  အဲဒီနိုင်ငံတွေက ကုမ္ပဏီတွေရဲ့ တစ်လအတွင်း ကားရောင်းချရမှုဟာ ရာခိုင်နှုန်း ၅၀ အထိ ကျဆင်းသွားစေခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်က တရုတ်ဝယ်ယူသူတွေ ဟာ တောင်ကိုရီးယားလက်လီရောင်းချရေး ကုမ္ပဏီဖြစ်တဲ့ Lotte ကို ရုတ်တရက် ထဆန့်ကျင်ခဲ့ကြပါတယ်။ တရုတ်က ဆန့်ကျင်နေတဲ့ အမေရိကန်ရဲ့ ဒုံးခွင်းစနစ်တစ်ရပ်ကို တောင်ကိုရီးယားမှာ ချထားဖို့ လက်ခံလိုက်တာမို့ပါ။ တရုတ်မှာရှိတဲ့ Lotte ဆိုင်တွေ လေးပုံသုံးပုံလောက်အထိ ပိတ်လိုက်ရတယ်။

 

■ ကျောင်းထုတ်လိုက်ခြင်း

တရုတ်အနေနဲ့ ပိုက်ဆံအကြီးအကျယ်သုံးနိုင်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ အမေရိကန်ကို နှစ်စဉ်သွားနေတဲ့ တရုတ်ကျောင်းသား ၃၅၀,၀၀၀ ကို အရေအတွက် ကန့်သတ်မှု အကြီးအကျယ် လုပ်လာနိုင်ပါတယ်။ အဲဒီလို လုပ်လိုက်ခြင်းက အမေရိကန်ဈေးကွက်အပေါ် ကြီးမားတဲ့ ရိုက်ခတ်ချက် ဖြစ်ပေါ်လာနိုင်ပါတယ်။

“အမေရိကမှာ ခရီးသွားလာမှု၊ ပညာရေးနဲ့ ပတ်သက်ပြီး တရုတ်တွေရဲ့သုံးစွဲမှုဟာ တရုတ်ရဲ့ အကြီးမားဆုံး ကုန်ပစ္စည်းဝယ်ယူမှု တွေဖြစ်ကြတဲ့ အမေရိကန်ပဲပုပ်၊ လေယာဉ်ပျံတွေနဲ့ ပတ်သက်ပြီး သုံးစွဲတဲ့ ပမာဏလောက်ရှိပါတယ်လို့ ဝီလျံက ဆိုပါတယ်။

တရုတ်ဟာ အရင်ကလည်း ထိုင်ဝမ်နဲ့ တောင်ကိုရီးယားကို ဖိအားပေးဖို့ အဲဒီကိုသွားတဲ့ ခရီးသည်တွေကို ကန့်သတ်ခဲ့ဖူးတဲ့အကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

ဒါပေမဲ့ ဝီလျံက “ထရန့်အစိုးရလက် အောက်မှာ အမေရိကန်တက္ကသိုလ်တွေဟာ အရှိန်အဝါ အကန့်အသတ်ရှိတယ်လို့ တရုတ်တွေ ခံစားလာရနိုင်ပြီး ကျောင်းသားဦးရေ ကန့်သတ်လိုက်တာက တရုတ်ရဲ့နည်းပညာနဲ့ သိပ္ပံစွမ်းရည်တွေကို မြှင့်တင်ဖို့ အားထုတ်မှုကို လျော့ပါးစေနိုင်တယ်” လို့ ဆိုပါတယ်။

ဇူလိုင် ၆ ရက်က ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘိချ်ဆိပ်ကမ်းတွင် ကွန်တိန်နာများအား သင်္ဘောပေါ်သို့ တင်ဆောင်နေစဉ် (Photo: SCMP)

■ ဘိုးအင်းကုမ္ပဏီ

ဘိုးအင်းကုမ္ပဏီဟာ သူထုတ်လုပ်တဲ့  လေယာဉ်လေးပုံတစ်ပုံကို တရုတ်ကို ရောင်းချရတာဖြစ်ပြီး ကမ္ဘာပေါ်မှာ သူ့အတွက် ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်ပါတယ်။ အမေရိကန်လေယာဉ်ကုမ္ပဏီကြီးဟာ ဥရောပက ပြိုင်ဘက်ကုမ္ပဏီ အဲဘတ်စ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။

ဒါဟာ ဖိအားပေးဖို့ နောက်ထပ်အချက်တစ်ချက်ဖြစ်ပါတယ်။ တရုတ်လေကြောင်းလိုင်း အများစုဟာ အစိုးရထိန်းချုပ်မှုအောက်မှာ ရှိတာမို့ လေယာဉ်မှာယူမှုတွေကို တရုတ်အစိုးရက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်လိုက်တာမျိုး လုပ်နိုင်ပါတယ်။

မှာယူမှုတွေကို နောက်ငါးနှစ်စာအတွက် စီစဉ်ထားပြီးသား ဖြစ်တာတောင်မှပဲ  အစိုးရပိုင် အမျိုးသားရေးဝါဒီသတင်းစာ Global Times က တရုတ်ဟာ ဝယ်ယူမှုပမာဏကို ထိန်းညှိနိုင်တယ်လို့ပြောရင်း သတိပေးမှုပြုလုပ်ခဲ့ပါတယ်။

 

■ အကြွေနဲ့ ပြန်လည်အကဲဖြတ်ခြင်း

ကြီးမားလှတဲ့ အရန်ငွေကြေးရှိခြင်းနဲ့အတူ တရုတ်ဟာ အမေရိကန် ဘဏ္ဍာရေး စာချုပ်တွေမှာ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံဖိုး လောက် ကိုင်ထားပါတယ်။ အာဏာပိုင်တွေက ဝယ်ယူမှုတွေကို လျှော့ချခြင်း ဒါမှမဟုတ် ရပ်ဆိုင်းလိုက်ခြင်းတွေ စတင်ပြုလုပ်နေပြီလို့ ဆိုကြပါတယ်။

တချို့က ဒါကို အားကောင်းပြီး လျှော့ဈေးနဲ့ ရတဲ့လက်နက်လို့ ရှုမြင်ကြပေမယ့် ဘဏ္ဍာရေးစာချုပ်တွေကို ဥထားလိုက်တာက  ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်ပြီး တရုတ်ရဲ့ အသွားနှစ်လက်ပါတဲ့ ဓားတစ်လက် ဖြစ်တယ်လို့လည်း ရှုမြင်ကြပါတယ်။

တရုတ်ရဲ့ နောက်လက်နက်တစ်ခုက ယွမ်ငွေပါပဲ။ ယွမ်ငွေကို ဗဟိုဘဏ်က တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ ပြည်ပတင်ပို့မှုတွေ အားပေးမှာကို ချိုးနှိမ်ပစ်လိုက် နိုင်ပါတယ်။

ဒါဟာ အတန်အသင့်ရှိတဲ့ အရင်းအနှီးတွေ  တရုတ်ကနေ စီးထွက်သွားတာကို လှုံ့ဆော်တာမျိုးဖြစ်နိုင်တာမို့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့ နည်းလမ်းမျိုးလည်း ဖြစ်သွားနိုင်ပါသေးတယ်။

ကပ်ပီတယ် အီကောနောမစ်က ဂျူလီယန်အီဗန်ပရစ်ချက်က “အားနည်းသွားတဲ့ ငွေကြေးတစ်ရပ်က အမေရိကန်သွင်းကုန် စည်းကြပ်မှုကြောင့် ဖြစ်စေတဲ့ စီးပွားရေးထိခိုက်မှုတချို့ကို ကာမိစေနိုင်ပေမယ့် ဘဏ္ဍာရေး တည်ငြိမ်မှုအပေါ် အန္တရာယ်ပိုကြီးလာ တဲ့ စွန့်စားမှုမျိုးလုပ်ဖို့  မထိုက်တန်ပါဘူး”  လို့ ဆိုပါတယ်။

 

■ ကိုရီးယားပူးပေါင်းဆောင်ရွက်မှု

စီးပွားရေးလက်နက်တွေက အလုပ်မဖြစ်ဘူးဆိုရင် တရုတ်ဟာ နိုင်ငံရေးဘက် လှည့်သွားနိုင်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားရည်မှန်းချက်တွေကို ထိန်းချုပ်ဖို့ ထရန့်ဟာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် အကြီးအကျယ် မှီခိုနေရပါတယ်။

ကုန်သွယ်ရေးစစ်ပွဲကို ချဲ့ထွင်လိုက်ရင်  တရုတ်က ဒီပေါက်ကွဲနိုင်တဲ့ကိစ္စမှာ ကူညီ ဆောင်ရွက်ပေးမှု ရုတ်တရက် လျှော့ချလိုက်နိုင်ပါတယ်။

Most Read

Most Recent