ပြည်တွင်းဘဏ်တွေ အကျပ်အတည်းကြုံနေပြီလား

ပြည်တွင်းဘဏ်တွေ အကျပ်အတည်းကြုံနေပြီလား
Published 9 July 2018

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာ့စီးပွားရေး စတင်ကျဆင်းတယ်လို့ သတ်မှတ်တဲ့ ၂၀၁၅ အကုန်ပိုင်းကနေ ၂၀၁၈ အထိ အမြဲတမ်းကြားနေရတာက အိမ်ခြံမြေ ဈေးကွက်ကျဆင်းမှုရဲ့ ဂယက်ရိုက်ခံရမှု အကျိုးဆက်ဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဘဏ်တွေကို ပြန်ပြီးတော့ ချေးငွေ ပြန်မဆပ်နိုင်မှုတွေပါ။

အဲဒီကာလမှာ ဘဏ်တွေကနေ ထုတ်ချေးထားတဲ့ ချေးငွေကလည်း ၂၀၁၆ ခုနှစ် မတ်လအထိ စာရင်းတွေအရ ကျပ် သုံးထရီလျံကျော်အထိ ရှိခဲ့တာဖြစ်ပါတယ်။

ဒီချေးငွေတွေကို လုပ်ငန်းရှင်တွေက ရယူထားပေမယ့် အတိုးရောအရင်းပါ ပြန်မဆပ်နိုင်ဘူးဆိုတဲ့ အခြေအနေတွေကလည်း လုပ်ငန်းရှင်တွေဘက်မှာရော၊ ဘဏ်တွေဆီကပါ အသံတွေထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အသံတွေထွက်လာတဲ့အချိန်မှာ ဘဏ်တွေကို ထပ်ဆင့်ထိုးနှက်ချက်အဖြစ် ဘဏ်တွေမှာ အပေါင်ဆုံးမြေတွေ စုပုံနေတယ်ဆိုတဲ့ အသံတွေကလည်း မကြာခဏ ထွက်လာနေပါတယ်။

ဒီလို ထွက်လာနေတဲ့ ဂယက်ရိုက်ခတ်သံတွေနဲ့အတူ ဘဏ်တွေပြိုလဲတော့မယ်ဆိုတဲ့ အသံတွေကလည်း မကြာခဏထွက်လာနေတာကြောင့် ဗဟိုဘဏ်က ဘဏ်တွေကို အာမခံကြောင်း မကြာခဏ ထွက်ရှင်းနေရတဲ့ ဖြစ်စဉ်တွေကလည်း ဒီနှစ်တွေထဲ ခပ်စိပ် စိပ်ဖြစ်လာခဲ့ပါတယ်။

ဘဏ်တွေဘက်က အကြွေးဆုံးတွေ ပုံနေတယ်လို့ သတင်းတွေထွက်ပေါ်နေသလို အိမ်ခြံမြေကျဆင်းမှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ကြွေးဆုံးတွေ မဆပ်နိုင်ဘူးလို့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း ဒီအချက်အလက်တွေသာ အမှန်ဆိုရင် မြန်မာ့စီးပွားရေးတစ်ခုလုံးပါ ပြိုဆင်းနိုင်တဲ့ အခြေအနေရှိနေတာမို့ ဘယ်သူ့ဘက်က မှ ပွင့်လင်းမြင်သာစွာထုတ်ပြောတာ မတွေ့ရပါဘူး။ ဒီလို မတွေ့ရသလို ဘဏ်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြိုလဲမှုတွေအတွက်လည်း ထိရောက်တဲ့အစီအမံ မမြင်ရတာဟာ ဒီနေ့ဆိုရင် သုံးနှစ်တိုင်ပါပြီ။

ဒီလို သုံးနှစ်တိုင်လာပြီဆိုပေမယ့် အကျပ်အတည်းတွေနဲ့ ရှေ့ဆက်နေရင်း မြန်မာ့စီးပွားရေး နှစ်စဉ်ကျဆင်းခြင်းကို ရင်ဆိုင်နေရချိန်မှာ ဘဏ်တွေပြိုလဲမှု မရှိရေးဟာ အရေးကြီးတဲ့ အခြေအနေတစ်ရပ်ဖြစ်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၆ ရက်မှာ ကျင်းပတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲမှာ ဖွင့်ဟလာပါတယ်။

“ဘဏ်စနစ်နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရမှာတွေကို အများကြီးဆောင်ရွက်ရမှာ တွေ့နေရပါတယ်။ ဒါကတော့ ပတ်သက်ရာ ပတ်သက်ကြောင်းမို့လို့ ချေးငွေထုတ်ပေးထားတယ်ဆိုတဲ့ စနစ်မျိုးဟာ အခုအချိန်မှာ မဖြစ်သင့်တော့သလို နိုင်ငံတော်ကချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ ပုဂ္ဂလိကကဏ္ဍက ဘဏ်တွေက ပြုပြင်ပြောင်းလဲလာတွေရှိပါတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေကို ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ဒါပေမဲ့ ဘဏ်တွေ မပြိုလဲဖို့က အရေးကြီးတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ စနစ်တကျ တိုးတက်မှုဖြစ်လာတဲ့အခြေအနေမှာ  ပွတ်တိုက်မှုတွေ၊ မူအရ လက်ခံနိုင်ပေမယ့် ကိုယ့်ရဲ့လုပ်ငန်းအရ လက်မခံနိုင်တာမျိုးတွေလည်း ရှိပါတယ်။ ဒီအခြေအနေတွေအပေါ်မှာ လေ့လာဆန်းစစ်သုံးသပ်မယ်ဆိုရင်  ကောင်းခြင်း၊ ဆိုးခြင်းဆိုတာ ဒွန်တွဲပါလာမှာ ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်ချိန်ကောင်းမွန်လာမယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲဖို့ ဆောင်ရွက်သင့်တယ်လို့ ပြောချင်ပါတယ်။  ဘာလို့လဲဆို ကျွန်တော်တို့ နှစ်နှစ်နဲ့သုံးလလောက် တာဝန်ယူလာတဲ့အချိန်မှာ ပြုပြင် ပြောင်းလဲမှုများစွာကို ပြည်ထောင်စုအစိုးရ မူဝါဒတွေနဲ့အညီ ဆောင်ရွက်တာကို တွေ့ရပါတယ်။ ဒီနယ်ပယ်တွေကို ကြည့်မယ်ဆိုရင် ရလဒ်ဟာ သုံးနှစ်လောက်မှာ ထွက်ပေါ်လာ တော့မှာဖြစ်ပါတယ်။ ဒါပေမဲ့  ဒီနေရာမှာ ပြု ပြင်ပြောင်းလဲမှု ဆောင်ရွက်ရတဲ့အတွက် တချို့ ဆေးခါးကြီးသောက်ရသလိုမျိုး ခံနေရတာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကို ကျော် လွန်သွားတဲ့အချိန်မှာတော့ ရောဂါပျောက်သလို ရလဒ်ကောင်းတွေ ထွက်လာနိုင်ပါတယ်။ ကမ္ဘာ့စီးပွားရေးရဲ့ ပြောင်းလဲနေတဲ့အခြေအနေနဲ့ ရိုက်ခတ်နေတဲ့ဒဏ်တွေကိုလည်း ကျွန်တော်တို့ မြန်မာနိုင်ငံက ခံရပါတယ်။ ကျွန် တော်တို့နိုင်ငံရဲ့ အနောက်ဘက်မှာ ပေါ်ပေါက်နေတဲ့ ဂယက်ကြောင့်လည်း ကျွန်တော်တို့ရဲ့ ပြည်တွင်းစီးပွားရေးကို ဂယက်ရိုက်ခတ်မှုဒဏ် ခံရတာလည်း ရှိပါတယ်” လို့ ဦးဖြိုးမင်းသိန်းက ဆိုခဲ့တာ ဖြစ်ပါတယ်။

ဘဏ်တွေရဲ့ အကျပ်အတည်းကို အစိုးရဘက်က သိနေတယ်၊ ကူညီမယ်ဆိုတဲ့ အခြေအနေလို့ ဦးဖြိုးမင်းသိန်း စကားက ဆိုနေတာလို့ မှတ်ချက်ယူနိုင်သလို ငါတို့က မင်းတို့ ဘဏ်တွေ ပိုကောင်းအောင် လုပ်ပေးထားတာ။ ဒီအခြေအနေကျော်လာရင်တော့ မင်းတို့ ပိုကောင်းလာမယ်ဆိုတဲ့ Message ကိုလည်း မြင်ရပြီ တောင့်ခံထားကြ။ မင်းတို့ကို ပြိုအောင်မလုပ်ပါဘူး။ ငါတို့ ကြည့်နေပါတယ်ဆိုတဲ့ Message ကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

 

■ ဘဏ်တွေကို ဘယ်သူ ဝါးကူနှစ်သလဲ

ပြည်ထောင်စုအဆင့်က မဟုတ်သလို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တာဝန်ရှိသူလည်း မဟုတ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှတ်ချက်ဟာ တွေးတောစရာ အပြည့်ပါ။

ဘဏ်တွေရဲ့ အခြေအနေပိုဆိုးလာလို့ ဒီစကားထွက်ပြောတာလားဆိုတဲ့ ယူဆစရာ အခြေအနေကို မြင်ရသလို ဗဟိုဘဏ်ရဲ့ စည်းမျဉ်းတွေကို တရွတ်ဆွဲလိုက်ရင်း ကြံ့ကြံ့ခံနေရတဲ့ အခြေအနေတွေကိုမသိဘဲ ပြောနေတာလား ယူဆစရာ အခြေအနေလည်း ဖြစ်လာခဲ့ ပါတယ်။

အကြွေးနွံထဲမှာ အခက်ကြုံနေတဲ့ဘဏ်တွေကို ထိုးနှက်ချက်ပြင်းခဲ့တာက ဗဟိုဘဏ်က ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်လေးစောင်ကြောင့်ပါ။

Basel Principles လို့ခေါ်ဆိုပြီး ဘဏ်တွေအတွက် ကောင်းမွန်လွန်းတဲ့ ဒီစည်းမျဉ်းတွေကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ဗဟိုဘဏ် ဒုဥက္ကဋ္ဌလေးဦးကို အပြောင်းအလဲ မလုပ်ခင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးကျဆင်းမှုမှာ အဓိကအချက်အဖြစ် ဘဏ်စနစ်ကောင်းမွန်မှု မရှိတာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းနေတာလို့ဆိုတဲ့ စကားကို ယုံစားပြီး ခွင့် ပြုပေးခဲ့တဲ့ ချေးငွေဆိုင်ရာ စည်းမျဉ်းလေးချက်ဟာ Basel Principles အပြည့်အ၀ ပုံစံတော့ မဟုတ်ဘဲ ကောင်းနိုးရာရာ ရောထည့်ပြီး ညွှန်ကြားခဲ့တဲ့ မြန်မာ့နည်း မြန်မာ့ဟန် Basel Principles ဖြစ်နေတာလို့ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ ဦးရဲမင်းဦးက ဆိုပါတယ်။

ဒီ Basel Principles ဟာ ဘဏ်တွေအတွက် မကောင်းဘူးလားဆိုတော့ မဟုတ်ပါဘူး။ ကောင်းလွန်းနေတာပါ။ ဒီလို ကောင်းလွန်းနေလို့လည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဘဏ်တွေတောင် မလိုက်နာနိုင်လို့ ပြန်ပြီးတော့ သုံးသပ်ဖြေလျှော့နေရတဲ့ စည်းမျဉ်းပါ။ ဒီလို ကောင်းလွန်းလှလို့ မြန်မာနိုင်ငံထက် ဖွံ့ဖြိုးတဲ့နိုင်ငံက ဘဏ်တွေတောင် စည်းမျဉ်းတွေ ပြန်သုံးသပ်နေရချိန်မှာ မြန်မာနိုင်ငံက ဘဏ်တွေကို ချုပ်ကိုင်ချိန်မှာတော့ မြန်မာ့ဘဏ်အားလုံးဟာ ဒုက္ခကြုံရပါတော့တယ်။ ဒီလိုအခက်ကြုံမှုဟာ ဦးဖြိုးမင်းသိန်းပြောတဲ့ ဆေးခါးကြီး အခြေအနေပါ။

တစ်ခုပဲဆိုးနေတာက မြန်မာ့ဘဏ်တွေ ဆေးခါးကြီးသောက်နေရတဲ့အချိန်ဟာ ကိုယ်ခံအား တောင့်တင်းနေချိန်မဟုတ်ဘဲ အိမ်ခြံ မြေပြိုတဲ့ဂယက်ကြောင့် အကြွေးဆုံးမြေတွေ ဘဏ်တွေမှာပုံနေပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက အတိုးမသတ်နိုင်၊ အရင်းမဆပ် နိုင်တဲ့ ကာလမို့လို့ပါ။

“ဒီအချိန်က ဆေးခါးကြီးတိုက်သင့်တဲ့အချိန်လားမေးရင် တကယ်တမ်းတော့ ဆေးက အဲဒီလောက်ကြီး မခါးတော့ပါဘူး။ လျှော့သင့်သလောက်လျှော့ထားပြီးပြီ။ နောက်တစ်ချက်က ဘယ်အချိန်ပဲဖြစ်ဖြစ် ပြုပြင်ပြောင်းလဲသင့်တာက ပြောင်းကို ပြောင်းလဲရမှာ။ နံပါတ် (၃) ကတော့ တကယ်တမ်းလိုအပ်နေတာက ရေရှည်ကို ကွဲကွဲပြားပြားရှင်းရှင်းလင်းလင်း မြင်ပြီးတော့မှ ဆက်တိုက် စဉ်ဆက်မပြတ် လာတဲ့ ပြုပြင်ပြောင်းလဲမှုမျိုး ဖြစ်ဖို့လိုတာ။ ဥပမာ ဥပဒေတစ်ခုကို ထုတ်လိုက်တယ်။ အဲဒီဥပဒေနောက်မှာ နည်းဥပဒေ လိုက်မလာဘူး။ လုပ်ထုံးလုပ်နည်း ထွက်မလာဘူး။ အဲဒါမျိုးက ပိုအရေးကြီးတယ်လို့ ထင်တယ်။ ဆေးခါးတာက အကြောင်းမဟုတ်ဘူး။ ဆေးခါးတာက မျိုချပြီးပြီ။ ပြီးရင် ရေသောက်စရာရှိရင် ဆက်ပြီးသောက်ရမယ်လေ။ ဆေးခါးကြီးတော့ မျိုခိုင်းတယ်။ ရေတော့မတိုက်ဘူးဆိုရင် မရဘူး။ တို့ငယ်ငယ်တုန်းကလည်း ဆေးခါးကြီးသောက်တာပဲ။ ပြီးရင် ရေလေးသောက်။ ပါးစပ်ထဲကို ချိုချဉ်လေးဖြစ်ဖြစ် ထည့်ပေးတယ်။ ဒီလိုမျိုးပေါ့။ ပြင်းထန်တဲ့ ဥပဒေတွေထွက်လာပြီးရင် အချိန်နဲ့တစ်ပြေးညီ လုပ်ထုံးလုပ်နည်းတွေ ထွက်လာပြီးမှ လူတွေဟာ ဒီနှစ်ဘာဖြစ်မယ်။ နောက်နှစ် ဘာဖြစ်မယ် ခန့်မှန်းနိုင်တဲ့ ဒီလိုမျိုး ဘဏ္ဍာရေး စနစ်ကြီးတစ်ခုလုံးကို ခေတ်မီသွားအောင် ပြုပြင်ပြောင်းလဲဖို့က ပိုအရေးကြီးတယ်လို့ ယူဆတယ်” လို့ အစိုးရရှယ်ယာ အများစုပါဝင်တဲ့ ဘဏ်တစ်ခုက အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။

ဒီနေရာမှာ အငြင်းပွားစရာရှိနေတာက အသံကျယ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေပါ။ ဘဏ်တွေမှာဆိုရင် ချေးငွေတွေကို ကဏ္ဍ ၁၀ ခု အကြမ်းဖျင်းခွဲထားပြီး ထုတ်ချေးပေးပါတယ်။ အဓိက သတ်မှတ်ထားတဲ့ ကဏ္ဍ ၁၀ ခုက စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ စက်မှုလက်မှု၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ဆောက်လုပ်ရေး၊ မွေးမြူရေး၊ ဝန်ဆောင်မှု၊ အထွေထွေ၊ SME Loan နဲ့ ဘဏ်တချို့မှာ စပြီးလုပ်နေတဲ့ Hire Purchase ၊ Home Loans ကဏ္ဍတွေပဲ ဖြစ်ပါတယ်။ ဘဏ်တွေဟာ ဆောက်လုပ်ရေးကဏ္ဍတစ်ခုတည်းကို ပုံပြီးတော့ ငွေထုတ်ချေးထားမှု မရှိသလို ဆောက်လုပ်ရေးလုပ်ငန်းတွေဟာလည်း ဘဏ်တွေက ထုတ်ချေးပေးထားတဲ့ ချေးငွေထဲမှာ အများဆုံးကဏ္ဍထဲတော့ မပါဝင်ပါဘူး။ ဒီလိုမပါဝင်ပေမယ့် ဆောက်လုပ်ရေး ကဏ္ဍကတော့ သူတို့ပြိုရင် မြန်မာ့စီးပွားရေး တစ်ရပ်လုံး ပြိုကျမတတ်အော်နေတာကတော့ စဉ်းစားစရာဖြစ်နေပြီး ငွေမည်းခဝါချခွင့် သုံးရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်းကို မဖြစ်မနေ ခွင့်ပြုပေးအောင်အော်နေတာလား မေးစရာဖြစ်လာပါတယ်။

သေချာတာကတော့ ငွေမည်းခဝါချခွင့် သုံးရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်းကို ဧပြီ ၁ ရက် မှာ မပေးရင် ဆောက်လုပ်ရေးကဏ္ဍတစ်ခုလုံး ရပ်သွားပြီး မြန်မာ့စီးပွားရေး ပြိုလဲသွားမယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဘက်က သတင်းစာရှင်းလင်းရင်း ပြောဆိုမှုကတော့ သုံးလကျော်လာတဲ့အထိ ထူးခြားတဲ့ မြန်မာ့စီးပွားရေး ကျဆင်းမှု မရှိခဲ့ပါဘူး။ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲနဲ့ ဗဟိုဘဏ်က နေ့စဉ်တိုးမြှင့်သတ်မှတ်နေတဲ့ နိုင်ငံခြားငွေလဲနှုန်းကြောင့် မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းမှုကိုတော့ သီးသန့်တွက်ဆရမှာပါ။

အခြားတစ်ဖက်မှာ ကြည့်မယ်ဆိုရင်လည်း ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ  ၂၀၁၇ ခုနှစ် ဇွန်လအထိ ပုဂ္ဂလိကဘဏ်တွေကနေ ပြည်တွင်းလုပ်ငန်းတွေဆီ ထုတ်ချေးထားမှုက ကျပ် ၁၉၅၁၇ ဒသမ ၉၆ ဘီလျံ ကျော်ပဲရှိပြီးတော့ နိုင်ငံပိုင်ဘဏ်တွေကနေ ထုတ်ချေးထားတဲ့ ပမာဏက ကျပ် ၂၈၂၄ ဒသမ ၁၈ ဘီလျံကျော်ပဲရှိနေတာ တွေ့ရပါတယ်။ ဒီလို ထုတ်ချေးထားတဲ့ပမာဏတွေကလည်း ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ကြွေးမြီ ဒဏ်ခံနိုင်စွမ်းတွေရဲ့ သတ်မှတ်ချက်အောက်မှာပဲ ထုတ်ချေးထားတာမို့လို့ ဆောက်လုပ် ရေးလုပ်ငန်းတွေ အသံကျယ်နေသလောက်တော့ စိုးရိမ်စရာအခြေအနေ ဖြစ်မနေတာကို တွေ့ရမှာပါ။

“ဘဏ်တွေရဲ့ သဘောကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ဘဏ္ဍာရေးစနစ်တစ်ခုလုံးကို ပြုပြင်မောင်းနှင်နေတဲ့ အင်ဂျင်လိုဖြစ်နေတာဆိုတော့ လိုတဲ့ပြုပြင်ပြောင်းလဲမှု ပြင်ဆင်မှုတွေကတော့  ဘယ်တော့မဆို လုပ်သွားရမှာပဲ။ တိုင်းပြည်စီးပွားရေးကျနေလို့ ဘဏ်တွေကို မပြင်သေးဘူး။ တိုင်းပြည်စီးပွားတက်မှ အဲဒီလိုမျိုးတော့မရှိဘူး။ တိုတိုပဲပြောလို့ရရင် ဆေးခါးကြီးတိုက်နေတာလား၊ ဆောက်လုပ်ရေး လုပ်ငန်းတွေက ကျနေတာလားဆိုလို့ရှိရင်တော့ အဲဒီနှစ်ခု အဲဒီလို အတင်းကြီး ဆက်စပ်လို့ရတဲ့ဟာတော့ မဟုတ်ဘူး။ အဲဒါက ကျော်ပြောတာနော်။ ခပ်ဝေးဝေးကို ကျော်ပြီးပြောတာပေါ့။ နိုင်ငံတကာမှာ ဘဏ်တွေ တိုးတက်လာပြီဆိုလို့ရှိရင် အရှိန်အဟုန်နဲ့ ပြောင်းလဲပြီး တက်လာပြီဆိုလို့ရှိရင် ပြန်ပြီးတော့ ညှိနှိုင်းထိန်းသိမ်းရမယ့် ကာလတစ်ခုကတော့ ဘယ်နိုင်ငံမဆို ရှိတာပေါ့။ အဲဒီလိုမျိုး လုပ်ရတော့မယ်ဆိုတဲ့ အချိန်ရောက်ရင်တော့  လုပ်ကိုလုပ်ရတာပဲ။ အဲဒီအချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အလုပ်ထိုး ကျနေတာတစ်ခုတည်းနဲ့တော့ တိုင်းပြည်ကြီး ပျက်သွားတယ်ဆိုတာမျိုးတော့မရှိဘူး။ အဲဒီလိုလည်း မရှိသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတည်းအပေါ်မှာ မှီခိုနေတဲ့ နိုင်ငံလည်း မဟုတ်ဘူး”  လို့ အများပိုင်ဘဏ်တစ်ခုရဲ့ MD က သုံးသပ်ပါတယ်။

 

■ ဗဟိုဘဏ်ရဲ့ စည်းမျဉ်းလေးချက်ကဘာတွေလဲ

အဓိက မ,တည်ငွေရဲ့ ရာခိုင်နှုန်း ၂၀ ကျော်လွန်ပြီး လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခုကို ထုတ်ချေးထားတဲ့ ချေးငွေတွေကို လျှော့ချဖို့၊ ပမာဏကြီးမားတဲ့ ချေးငွေတွေကို သုံးနှစ်သက်တမ်းအတွင်း အချိန်ကာလတစ်ခု သတ်မှတ်ပြီး လျှော့ချဖို့ အစီအစဉ် အပါအဝင် စည်းမျဉ်းလေးခုကို ထုတ်ပြန်ခဲ့ပါတယ်။ မ,တည် ငွေရင်းလုံလောက်မှုဆိုင်ရာ စည်းမျဉ်း၊ ရရန်ပိုင်ခွင့်များ အမျိုးအစားသတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာ စည်းမျဉ်း၊ ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာ စည်းမျဉ်းနဲ့ ငွေကြေးလွယ်ကူမှု အချိုးသတ် မှတ်ချက်ဆိုင်ရာစည်းမျဉ်းတွေပဲ ဖြစ်ပါတယ်။

ပြည်တွင်းဘဏ်တွေကနေ ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီ ချေးငွေတွေ ထုတ်ပေးထားရာမှာ ခွင့်ပြုပမာဏထက် ပိုမိုများပြားထုတ်ချေးနေတဲ့ ဖြစ်စဉ်တွေရှိနေချိန်မှာ ဗဟိုဘဏ်က ခြောက်လပဲသတ်မှတ်ခဲ့တဲ့ ချေးငွေဆိုင်ရာစည်းမျဉ်းကို အချိန်သုံးနှစ်အထိ တိုး မြှင့်ပေးလိုက်ပါတယ်။

ဗဟိုဘဏ်က ချမှတ်လိုက်တဲ့ စည်းမျဉ်းသစ်တွေမှာဆိုရင် အတိုးမပေးနိုင်တဲ့ ချေးငွေတွေကို ထိန်းချုပ်မယ့် စည်းကမ်း သတ်မှတ်ချက်တွေလည်း ပါဝင်ပြီး ပြည်တွင်းဘဏ်တွေမှာ ကြွေးဆုံးပမာဏ များပြားမှုမရှိစေဖို့အတွက် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းဘဏ်တွေမှာ အရည်အချင်းမပြည့်မီတဲ့ ချေးငွေ ထုတ်ချေးမှုတွေက အလွန်အကျွံဖြစ်နေတာနဲ့ ခန့်မှန်းထားတာထက် ပိုများနေမှာကို ဗဟိုဘဏ်က စိုးရိမ်နေတာကြောင့် အချိန်တိုးမြှင့်ခဲ့တာပါ။

တိုးမြှင့်ပေးလိုက်ရတဲ့ အကြောင်းရင်းတွေမှာတော့ ချေးငွေဆိုင်ရာ စည်းမျဉ်းကိုကာလတိုအတွင်း ဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးကဏ္ဍနဲ့ ဘဏ္ဍာရေးကဏ္ဍ ထိခိုက်နိုင်တယ်လို့ ပြည်တွင်းဘဏ်တွေက သတိပေးချက်တွေ ရရှိခဲ့တာကြောင့်လို့ ဆိုပါတယ်။

အချိန်တိုးမြှင့်ပေးနေလျက်သားနဲ့ ဘာလို့ ဘဏ်တွေမှာ အကျပ်အတည်းကြုံနေတာလဲမေးမယ်ဆိုရင် မြန်မာ့စီးပွားရေးကဏ္ဍစုံ ကျဆင်းမှုကြောင့်ပါ။ ပြည်သူတွေရဲ့အပ်ငွေကို ပြန်ချေးပေးရင်း လည်ပတ်ရတဲ့ဘဏ်တွေက ငွေချေးထားသူတွေ အတိုးမသတ်နိုင်ရင် အခက်ကြုံမှာသဘာဝပါပဲ။

ဥပမာအားဖြင့် ကျပ် ဘီလျံ ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံထားပြီး မိသားစု ၁၀၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ မိုးထိမိုးမိရွှေသတ္တုတူးဖော်ရေးလုပ်ငန်းကို အစိုးရဘက်က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ခွင့်ပြုမိန့်ပယ်ဖျက်လိုက်တဲ့ အခြေအနေက ဒီလုပ်ငန်းကို မှီခိုနေတဲ့ မိသားစုတွေ ကုမ္ပဏီတွေကိုတင်မကဘဲ ဘဏ်တွေကိုပါ ဂယက်ရိုက်စေခဲ့ပါတယ်။

ဘာကြောင့်ဂယက်ရိုက်ခဲ့သလဲဆိုရင် ဇူလိုင် ၆ ရက်ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှု အုပ်စုလီမိတက်က သူတို့လုပ်ငန်းအတွက် ကမ္ဘောဇဘဏ်က ငွေချေးယူထားတယ်ဆိုတာနဲ့ ဘဏ်ချေးငွေ စုစုပေါင်းက ကျပ် ဘီလျံ ၄၀ အထိရှိတယ်လို့ ပြောခဲ့တာကြောင့်ပါ။ ဒီလို ပြောခဲ့တဲ့အပြင် ဒီငွေ ဘီလျံ ၄၀ ကျော်ကို ပြန်ဆပ်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

မိုးထိမိုးမိပြဿနာမှာ အစိုးရဘက်က မှန်သည်ဖြစ်စေ၊ ကုမ္ပဏီဘက်က မှန်သည် ဖြစ်စေ လစဉ်စီးဆင်းနေတဲ့ ကျပ် ငါးဘီလျံကျော် ရပ်တန့်သွားတာ၊ နိုင်ငံတော်ကိုပေးသွင်းရမယ့် သုံးနှစ်စာအခွန်အခ ခြောက်ဘီလျံကျော်ကို ပေးသွင်းဖို့ အခက်အခဲဖြစ်တာ၊ နိုင်ငံတော်က လစဉ်ရမယ့် ကျပ် ၁ ဒသမ ၂ ဘီလျံကျော် မပေးသွင်းနိုင်တာ၊ ဘဏ်ချေးငွေ အတိုးအပါအဝင် အထွေထွေကုန်ကျစရိတ်တွေအတွက် နေ့စဉ် ကျပ်သိန်း ၆၀၀ ကျော် ကုန်ကျနေလို့ ဒီငွေကြေးကို တာဝန်ယူပေးနိုင်ဖို့ အခက်အခဲဖြစ်နေတာ၊ မိသားစု ၁၀၀၀၀ ကျော်အတွက် အခက်အခဲဖြစ်နေတာတွေကို ရှင်းလင်းခဲ့ပါတယ်။

ဦးစိုးထွန်းရှိန်တို့ရဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဘက်က လုပ်ငန်းရပ် ဆိုင်းခံရချိန်နဲ့တစ်ပြိုင်နက် လူမှုကွန်ရက်ကနေ ရေးသားမှုတွေကြောင့် ကမ္ဘာ့ရတနာဘဏ်ကိုလည်း ရိုက်ခတ်မှုရှိခဲ့ပြီး ဘဏ်ဘက်ကနေ ထွက်ပြီးတော့ ရှင်းလင်းရတဲ့ ဖြစ်စဉ် တွေကလည်း ရှိနေပြန်ပါတယ်။ ဦးစိုးထွန်းရှိန်ဘက်က ရှင်းလင်းနေပေမယ့် အစိုးရရဲ့ သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဘက်က တိတိပပ ရှင်းလင်းမှု မရှိသေးသလို ဒီလုပ်ငန်းတစ်ခုလုံး ရပ်ဆိုင်းပစ်မယ်။ ကာလရှည်ကြာ တရားရင်ဆိုင်နေမယ်ဆိုရင် ဘဏ်ချေးငွေ ကျပ်ဘီလျံ ၄၀ အတွက် ဝန်ကြီးဌာနဘက်က ဘယ်လိုစီမံပေးမယ်ဆိုတဲ့ ဖြေရှင်းချက်မျိုးလည်း တွေ့မြင်ရမှု မရှိသေးပါဘူး။

အခြားတစ်ဖက်မှာဆိုရင်လည်း ပုဂ္ဂလိကဘဏ်တချို့ဟာ ချေးငွေစည်းမျဉ်းမှာ ပိတ်မိ နေတာကြောင့် ပြည်သူတွေကို ငွေထုတ်ချေးခွင့် မရတဲ့ကာလကို ရင်ဆိုင်ခဲ့ရပါတယ်။  တချို့ဘဏ်တွေက အပ်ငွေတွေပဲ လက်ခံနေရပေမယ့် ငွေပြန်ချေးလို့မရတဲ့ အခြေအနေတွေ ကြောင့် အတိုးပေးဖို့အတွက် အခက်အခဲဖြစ်ရသလို မရှုံးအောင် ကျားကန်ပြီး ဝန်ထမ်းခံစားခွင့်တွေ ဖြတ်တောက်ရတဲ့ဘဏ်တွေ၊ အတိုးနှုန်း ပြင်ဆင်သတ်မှတ်ရတဲ့ ဘဏ်တွေလည်း ရှိခဲ့ပါတယ်။

“သူတို့မှာ တခြားဖြေရှင်းနည်းတွေ ရှိပါတယ်။ အဲဒါကတော့ သူတို့ဆီလာအပ်တဲ့  ငွေတွေကို တခြားဘဏ်တွေဆီ သွားပြီးထားလို့လည်း ရပါတယ်။ Interbanks  တွေ ရှိနေတယ်ဆိုတာ လူတွေက မသိကြလို့ပါ။ သူတို့က ရှစ်ကျပ်တိုးနဲ့ လက်ခံရင် တခြားဘဏ်မှာလည်း ရှစ်ကျပ်တိုးနဲ့ အဲဒီငွေ ပြန်သွားထားရင် အဲဒီပြဿနာ ပြေလည်သွားတာပေါ့။ ဒါပေမဲ့ မနိုင်မနင်းဖြစ်လာတာမျိုးရှိလို့ သူတို့ကလည်း လူတွေလာအပ်ချင်စိတ်မရှိအောင် အတိုးကို လျှော့ချထားတာလေ။ အတိုးရမှ ကျေနပ်မယ့်သူတွေက ငါးမူးတစ်မတ်လျော့ရင်ကို မကျေနပ်တော့ဘူး။ အဲဒီတော့ သူတို့က ငါးမူးတစ်မတ်လျော့တာနဲ့တင် ဒီဘဏ်မှာ အပ်ရင် ရှစ်ကျပ်ပဲရမယ်။ တခြားဘဏ်ဆို ကိုးကျပ်ရမယ်ဆိုပြီး ကိုးကျပ်မှာသွားထားမယ် ဆိုတာကလည်း သူတို့ဘဏ်အတွက် သက်သာတဲ့နည်းလမ်းပဲ။ ဒီဘဏ်မှ ဒီဘဏ်ပဲဆိုပြီး လာအပ်နေတဲ့သူတွေအတွက်လည်း တခြားဘဏ်ကို ပြန်အပ်တာတို့၊ ဗဟိုဘဏ်မှာ Bonds တွေ ပြန်ဝယ်တာတို့ ဒါမျိုးပြန်လုပ်ရတာပေါ့” လို့ ပြည်တွင်းဘဏ်က တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

အတိုးပေါ်မှီတည်ပြီး ရပ်တည်ရတဲ့ဘဏ်တွေက ငွေထုတ်ချေးခွင့် မရတော့ဘူးဆိုရင် အတိုးရငွေ နစ်နာရသလို အပ်ငွေအတိုးကိုလည်း စဉ်ဆက်မပြတ် ပေးနေရတာမို့ နှစ်ခါနစ်နာတဲ့သဘောပါ။ ဒီနေရာမှာ ပုဂ္ဂလိက ဘဏ်တွေမှာ ငွေထုတ်ချေးခွင့်မရတော့တဲ့ ဘဏ်တွေက အရှုံးကာမိအောင် ဘဏ်အချင်းချင်းအကြား ငွေအပ်တာတို့၊ အစိုးရငွေတိုက် လက်မှတ်၊ ငွေတိုက်စာချုပ်တွေ ဝယ်တာတို့ လုပ်နိုင်တယ်ဆိုပေမယ့် ကျပ်ဘီလျံ ရာနဲ့ချီရှိ နေတဲ့ အပ်ငွေတွေကို လက်ခံထားရတဲ့ ဘဏ် ကြီးတွေဆိုရင် ငွေအပ်နှံသူတွေကို ပုံမှန်ပေးနေရမယ့် ဘဏ်တိုးတွေကို ကာမိပါ့မလား တွေးဆစရာပါ။

“တိုင်းပြည်တစ်ပြည်ရဲ့ ဘဏ္ဍာရေးစနစ်ကြီးတစ်ခုလုံးက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတည်းအပေါ်မှာ မှီခိုနေတာ မဟုတ်ဘူးလို့ အောက်မေ့တယ်။ ဘဏ်တွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရမယ့်ဟာတွေ အကုန်လုံးက သူ့ဘာသာသိလာပြီးတော့ ပြုပြင်ပြောင်း လဲလို့ရမယ့် အချိန်ရောက်လာရင် ပြုပြင် ပြောင်းလဲရမှာပေါ့။ ဆေးခါးကြီးတိုက်မယ်ဆိုရင် ချိုအောင်လုပ်ပြီး တိုက်လိုက်ပေါ့။ ဆိုလိုတာက သကြားလေးဖုံးပြီး တိုက်ပေါ့။  ဆေးခါးကြီးတိုက်တာက မခါးခါးအောင်လုပ်ပြီး တိုက်တာတော့ မဖြစ်စေချင်ဘူး။ ပြီးတော့ ဒီဟာကြီးကို တိုက်လိုက်ရင် သေတော့မှာပဲလို့ ထအော်တာလည်း မဖြစ်စေချင်ဘူး။ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေးဆိုတာက တောက်လျှောက် Ongoing သွားနေတဲ့ သဘောပဲလေ။ Ongoing သွားနေတဲ့ သဘောဆိုတာက တိုင်းပြည်စီးပွားရေးဆိုတာ မြစ်ကြီးတစ်ခုလို စီးဆင်းနေတာ။ သူက အဲဒါကြီးမှာ ဘယ်လို လုပ်သင့်တယ်။ ဒီလိုလုပ်သင့်တယ်ဆိုတာကို  လှေနံဓားထစ် မှန်းတာမျိုးမရှိဘူးလေ။ တစ်ခုပဲ။ နှစ်ဖက်စလုံးမှာ မှန်နေတဲ့ကိစ္စတွေက ဖြေရှင်းရခက်တယ်။ တစ်ဖက်တည်းကမှန်နေရင် ဖြေရှင်းရခက်တယ်။ ဟုတ်တယ်။ စည်းမျဉ်းစည်းကမ်းတွေက ပြင်းထန်လွန်းနေရင် နည်းနည်းပါးပါး ပြန်လျှော့ပေးသင့်တယ်။  ဝက်အူဆိုတာ ၁၀ ရစ်ကို တစ်ရစ်တည်းနဲ့ တစ်ပြိုင်နက် လှည့်လို့မရဘူးလေ။ တစ်ရစ်စီ လှည့်ရ တာကိုး။ အဲဒီလို သဘောမျိုးမှာ ဗဟိုဘဏ်ကလည်း လိုအပ်သလို ဖြေလျှော့ပေးနေတယ်လို့ ယူဆတယ်။ အဲဒါကြောင့်လည်း ခြောက်လ သက်တမ်းတိုးပေးတာတို့၊ တစ်နှစ်  Period ပေးထားတာတို့ဆိုတော့ ဗဟိုဘဏ်ဘက်ကလည်း လျှော့သင့်သလောက် လျှော့ထားပြီးသားဖြစ်နေပါပြီ” လို့ မြန်မာနိုင်ငံသားများဘဏ်ရဲ့ CEO ဒေါက်တာသောင်းဟန်က ပြောကြားပါတယ်။

ချေးငွေအတိုးအရင်းဆပ်နိုင်မှု အားနည်းတာ၊ ဘဏ်တွေမှာ ပေါင်နှံထားတဲ့ အိမ် ခြံမြေတွေ အကြွေးဆုံး များလာတာ၊ ချေးငွေ ပြန်ထုတ်ချေးခွင့် မရချိန်မှာ အပ်ငွေတွေက ဖိစီးမှုဖြစ်လာတာ၊ မိဘနဲ့ သားသမီးဆက်ဆံရေး အဖြစ်ပဲရှိနေတဲ့ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိက ဘဏ်တွေအကြားမှာ ဘဏ်တွေက သွားချင်နေတဲ့ ခေတ်မီနည်းစနစ်တွေနောက်ကို ရှေးရိုးဆန်ပြီး မှားမှာကြောက်နေတဲ့ ဗဟိုဘဏ်က မလိုက်နိုင်တာတွေကြောင့် ပြည်တွင်းဘဏ်တွေကတော့ အခက်ကြုံနေတဲ့ အခြေအနေပါ။ လက်ရှိအချိန်မှာ တိုင်းပြည်စီးပွားရေး ကျဆင်းမှု အကျပ်အတည်းကလည်း ပြည်တွင်းဘဏ်တွေကို ရိုက်ခတ်တော့မယ့်အချိန်မှာ စိန်ခေါ်မှုအသစ်အဖြစ် ဈေးကွက်ဝေစု လုယူမယ့် ဘဏ်အသစ်တွေကလည်း ဒီနှစ်ထဲမှာပဲ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အကောင်းလွန်နေတဲ့ Basel Principles နဲ့ နီးစပ်ရာတွေကို ငွေပိုထုတ်ချေးပေးထားမှု အကျပ်အတည်းတွေထဲမှာ ပြည်တွင်းဘဏ်တွေ ဆေးခါးကြီးမျိုချနေရတာဟာ ကောင်းမွန်တဲ့အလားအလာဖြစ်လာမလားဆိုတာ စောင့်ကြည့်ချင်စရာပါ။

“လက်ရှိအချိန်မှာတော့ ပြည်တွင်းဘဏ်တွေက ဗဟိုဘဏ်ရဲ့ စည်းမျဉ်းတွေ နောက်ကို တရွတ်ဆွဲလိုက်နေရတယ်”လို့ ဦးရဲမင်းဦးက ဆိုပါတယ်။

တိုင်းပြည်စီးပွားရေး ကောင်းမွန်စွာ လည်ပတ်မှုအတွက် အရေးအကြီးဆုံးကဏ္ဍက ဘဏ်လုပ်ငန်းကဏ္ဍဆိုတာ ငြင်းစရာ၊ ပြောစရာ အကြောင်းမဟုတ်သလို လျှော့ချ ဖို့လိုအပ်နေတဲ့ ဘဏ်တိုးနှုန်း၊ ရှေးရိုးဆန်ပြီး အကြောက်ကြီးတဲ့ ဗဟိုဘဏ်မှာ ဦးဆောင်သူက ပြောင်းလဲရဲဖို့နဲ့ တိုင်းပြည်စီးပွားရေးကျဆင်းမှုကြောင့် ၁၃ ရာခိုင်နှုန်း အမြတ်ရဖို့ မသေချာချိန်မှာ ဝန်ဆောင်ခတွေပေါင်းထည့်ရင် ၁၅ ရာခိုင်နှုန်းလောက်ကျသင့်နေတဲ့ ဘဏ်ချေးငွေတွေကို လုပ်ငန်းရှင်တွေက ချေးယူဖို့ စိတ်မဝင်စားတော့ဘဲ ဘဏ်အပ်ငွေအတိုးနှုန်းပဲ ထိုင်စားတော့မယ့် ယူဆနေတဲ့ လူတွေကြားမှာ ပြည်တွင်းဘဏ်တွေဟာ အကျပ်အတည်းကြားက ရုန်းထွက်နိုင်ပါ့မလားဆိုတာနဲ့ ဘဏ်တွေအပြိုမခံပါဘူး ရပ်ကြည့်နေရင်းနဲ့ ဘဏ်တိုင်းကို ဗဟိုဘဏ်က ဝင်ပြီး ထိန်းသိမ်း၊ ကူညီရတော့မယ့် အခြေအနေတစ်ရပ် ဖြစ်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

Most Read

Most Recent