၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် နိုင်ငံသားဖြစ်မှုအတွက် လက်ရှိကာလတွင် အခြေခံရသည့် ဥပဒေဖြစ်သည်ကို အသိအမှတ်ပြုသော်လည်း အစိုးရအနေဖြင့် ဥပဒေအား ပြန်လည် သုံးသပ်သည့် လုပ်ငန်းစဉ် စတင်သင့်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အကြံပြု

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် နိုင်ငံသားဖြစ်မှုအတွက် လက်ရှိကာလတွင် အခြေခံရသည့် ဥပဒေဖြစ်သည်ကို အသိအမှတ်ပြုသော်လည်း အစိုးရအနေဖြင့် ဥပဒေအား ပြန်လည် သုံးသပ်သည့် လုပ်ငန်းစဉ် စတင်သင့်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အကြံပြု
Published 25 August 2017

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာနှင့် ပတ်သက်၍ သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ရှင်းလင်းစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် နိုင်ငံသားဖြစ်မှုအတွက် လက်ရှိကာလတွင် အခြေခံရသည့် ဥပဒေဖြစ်သည်ကို အသိအမှတ်ပြုသော်လည်း အစိုးရအနေဖြင့် ဥပဒေအား ပြန်လည် သုံးသပ်သည့် လုပ်ငန်းစဉ် စတင်သင့်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအား ထုတ်ပြန်ရှင်းလင်းပွဲကို သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ နိုင်ငံသားဖြစ်မှုနဲ့ လွတ်လပ်စွာ သွားလာခွင့် ကိစ္စရပ်များနဲ့ပတ်သက်တဲ့ အကြံပြုချက်များဟာ ရခိုင်ပြည်သူလူထုက စိုးရိမ်နေမှုများ ရှိတယ်ဆိုတာ ကျွန်တော်တို့ ကောင်းစွာ သိရှိထားပါတယ်။ သို့သော်လည်းပဲ ကော်မရှင်အနေနဲ့ အဲဒီလို ထိလွယ်ရှလွယ်တဲ့ ကိစ္စရပ်များကို ကိုင်တွယ်ဖို့ ရွေးချယ်လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို ချန်ရစ်ထားခဲ့မယ် ဆိုရင် ရခိုင်ပြည်နယ်ရဲ့ အနာဂတ်၊ တကယ်တော့ မြန်မာတစ်နိုင်ငံလုံးရဲ့ အနာဂတ် နောက်ပြန်လှည့်လို့ မရတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်လို့ ဖြစ်ပါတယ်။ ဒီအကြောင်းရင်းကြောင့် ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက လူ့အဖွဲ့အစည်းများအကြား တင်းမာမှု လျှော့ချနိုင်ဖို့ လူ့အဖွဲ့အစည်းများအကြား အပြန်အလှန် ဆွေးနွေးဖို့နဲ့ ပြန်လည် သင့်မြတ်မှုကို တိုးမြှင့်နိုင်မယ့် အကြံပြုချက်များစွာ ပြုလုပ်ပေးထားပါတယ်”ဟု ကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်က ရှင်းလင်းပွဲ အဖွင့်အမှာစကားတွင် ပြောကြားသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်ရန် ကော်မရှင်အနေဖြင့် တိုက်တွန်းကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်အတွင်း အစိုးရအနေဖြင့် ရှင်းလင်းသော ဗျူဟာနှင့် အချိန်ဇယား ရှိသင့်ပြီး ကျယ်ပြန့်သော ကွင်းဆင်းလှုံ့ဆော်မှုများဖြင့် ဆက်သွယ် လုပ်ဆောင်သင့်ကြောင်း၊ နိုင်ငံသားစိစစ် ခံရပြီးသူများကိုလည်း နိုင်ငံသားတို့ ရရှိထိုက်သော ခံစားခွင့် အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ချက်ချင်း ခွင့်ပြုသင့်ကြောင်း၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကန့်ကွက်တိုင်တန်း အရေးဆိုမှုများကို စိစစ်ရေး လုပ်ငန်းစဉ်တွင် တာဝန်ရှိသော ဌာနများ မဟုတ်သည့် လွတ်လပ်သော အစိုးရအာဏာပိုင်အဖွဲ့ တစ်ခုက ချက်ချင်းအလေးပေး ကိုင်တွယ်ရန် ကော်မရှင်က အကြံပြုကြောင်း အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံသား လျှောက်ထားမှုကို ပယ်ချခံရသူများ၏ အခွင့်အရေးကိုလည်း ထုတ်ဖော်ရှင်းလင်းရန် တောင်းဆိုကြောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်သော နိုင်ငံသား မဟုတ်သူများ၏ အခွင့်အရေးအတွက် ဥပဒေစည်းမျဉ်းများ ထုတ်ပြန်ရန်နှင့် နေထိုင်ခွင့်အတွက် ရှင်းလင်းထုတ်ပြန်ရန် တောင်းဆိုကြောင်းလည်း အစီရင်ခံစာ အကျဉ်းချုပ်တွင် ရေးသားထားသည်။

ထို့အတူ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအား ပြန်လည်သုံးသပ်ရာတွင် နိုင်ငံတကာ စံနှုန်းများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း၏ ပုဒ်မ (၇) နှင့် ပုဒ်မ(၈) အပါအဝင် မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးထားသော နိုင်ငံတကာစာချုပ်များနှင့် ချိန်ညှိခြင်း၊ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ ကွဲပြားသော အမျိုးအစားများဖြင့် ခွဲခြားသတ်မှတ်ထားခြင်းကို ပယ်ဖျက်ခြင်း အပါအဝင် ဥပဒေပြုခြင်းကို အကောင်းဆုံး စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်ခြင်း၊ အများလက်ခံထားသည့် အချက်မှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခံရခြင်းကြောင့် နိုင်ငံမဲ့ ဖြစ်သွားစေမည့် အခြေအနေသို့ ရောက်ရှိစေရန် မပြုလုပ်ရခြင်း၊ နိုင်ငံသားဖြစ်တည်မှု ဆုံးရှုံးခဲ့သူများ (သို့မဟုတ်) နိုင်ငံသားဖြစ်တည်မှုကို ရုပ်သိမ်းခံခဲ့ရသူများအား နိုင်ငံမဲ့ မဖြစ်သွားစေရန် ပြန်လည် လျှောက်ထားခွင့်ပြုခြင်း၊ မြန်မာနိုင်ငံအတွင်း ကာလရှည်ကြာစွာ အခြေချနေထိုင်ခဲ့ပြီး သူများအတွက် နိုင်ငံမဲ့ မဖြစ်စေရေးအတွက် ပြုနိုင်ငံသားအဖြစ် လျှောက်ထားနိုင်ရန်အတွက် ပြဋ္ဌာန်းချက် သတ်မှတ်ခြင်း၊ လက်ရှိ နိုင်ငံသားဖြစ်မှုနှင့် တိုင်းရင်းသား လူမျိုးစုဖြစ်မှုတို့ ဆက်နွှယ်နေခြင်းကို ပြန်လည်ဆန်းစစ်ခြင်းတို့ကို ထည့်သွင်း စဉ်းစားလိုပါက စဉ်းစားနိုင်ရန် ဖော်ပြကြောင်း အပြီးသတ် အစီရင်ခံစာတွင် ရေးသားထားသည်။

အလားတူ သင့်လျော်သည့် အချိန်ကာလ တစ်ခုအတွင်း အစိုးရအနေဖြင့် နိုင်ငံသား ဥပဒေအား ပြန်လည် သုံးသပ်ခြင်း လုပ်ငန်းစဉ်ကို စတင်နိုင်ရန်အတွက် စီမံချက်တစ်ခုကို ပြင်ဆင် တင်ပြသင့်ကြောင်း၊ ဥပဒေအသစ် တစ်ခု (သို့မဟုတ်) လက်ရှိ ဥပဒေကို ပြင်ဆင်မှုပြုခြင်း မပြီးသေးခင် အချိန်ကာလတွင်မူ အစိုးရအနေဖြင့် လက်ရှိ ကျင့်သုံးနေသော ဥပဒေအား နိုင်ငံတကာမှ လိုက်နာကျင့်သုံးနေသော အချက်များ၊ စံနှုန်းများနှင့် ချိန်ညှိပြီး ၁၉၈၂ ခုနှစ်က ဖြစ်တည်ခဲ့သော အခြေအနေများနှင့် ယနေ့ခေတ်၏ လိုအပ်ချက်များ ပြောင်းလဲလာမှုကို နှိုင်းယှဉ်မှု ပြုထားသည့် လေ့လာဆန်းစစ်မှုများအပေါ် အခြေခံကာ ခွဲခြားနှိမ့်ချ ဆက်ဆံခြင်း သဘော၊ အပြုအမူများ မပါသည့် ကြားဖြတ်လေ့လာ သုံးသပ်မှုများကို ပြုလုပ်ရန် အဆိုပြုသင့်ကြောင်းနှင့် နိုင်ငံသားဥပဒေသည် နိုင်ငံသား အားလုံးအတွက် ကွဲပြားမှု၊ ခွဲခြားမှု မရှိစေဘဲ တူညီမျှတသော ဥပဒေတစ်ခု ဖြစ်စေရန် ပြန်လည် သုံးသပ်သင့်ကြောင်း ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လွတ်လပ်စွာ သွားလာခွင့်နှင့် ပတ်သက်၍ ရခိုင်နှင့် မွတ်စလင် နှစ်ရပ်စလုံးသည် ခရီးသွားလာခွင့် ကန့်သတ် ခံထားရပြီး အထူးသဖြင့် IDP စခန်းများမှ မွတ်စလင်များမှ အဓိကအားဖြင့် သက်ရောက်မှု ရှိနေကြောင်း၊ ယေဘုယျအားဖြင့် အစိုးရသည် ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံသား ဖြစ်တည်မှုတို့ အခြေခံသည့် ခွဲခြားမှုမပြုဘဲ လွတ်လပ်စွာ သွားလာခွင့်ရရှိရေး သေချာအောင် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း၊ ခရီးသွားလာခွင့်နှင့် ပတ်သက်၍ တည်ဆဲ ကန့်သတ်ချက်များကို စာရင်းပြုစု မြေပုံချရန်နှင့် တရားမဝင် ငွေပေးရမှုများ၊ မည်သို့ ဆုံးဖြတ်လုပ်ကိုင်မှန်း မသိသော လမ်းပိတ်ဆို့မှုများ အပါအဝင် အလွတ်သဘော တားမြစ်ပိတ်ဆို့မှုများမှ ရှောင်ကြည်နိုင်ရေး လုပ်ငန်းစဉ်များကို အစပျိုး လုပ်ဆောင်ရန် တောင်းဆိုကြောင်း ကော်မရှင်၏ အစီရင်ခံစာတွင် ပါရှိသည်။

ထိုကဲ့သို့ ကော်မရှင်၏ နိုင်ငံသားဖြစ်မှု ဥပဒေဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်၍ မည်မျှအကောင်းမြင်ကြောင်း ဘီဘီစီသတင်းဌာန (မြန်မာပိုင်း) ၏ မေးမြန်းမှုအပေါ် မစ္စတာ ကိုဖီအာနန်က “နိုင်ငံသားဖြစ်မှု၊ နောက်တစ်ခါ လွတ်လပ်စွာ သွားလာနိုင်မှု၊ နိုင်ငံသားဖြစ်မှု စိစစ်ရေး၊ ဒါတွေဟာ ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ သို့သော်လည်း အလွန်အရေးကြီးတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကို ကျွန်တော်တို့ အဓိကထားပြီးတော့ အကြံပြုချက်တွေကိုလည်း ဖော်ထုတ်ပြီး တင်ပြထားပါတယ်။ ဒီအကြံပြုချက်တွေက အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီစနစ်တကျ အကောင်အထည်ဖော်လိုက်မယ်ဆိုရင် တော်တော်များများ ပုံမှန်အနေအထား ပြန်ဖြစ်သွားနိုင်တယ်။ စာရွက်စာတမ်းများရှိပြီး တရားဝင် ဖြစ်သွားနိုင်တယ်။ ဒီလို အနေအထားမျိုးတွေ ရှိနိုင်တဲ့သူတွေ ရှိဖို့ ဖြစ်သွားဖို့ အကြံပြုထားပါတယ်။ အဲဒီတော့ မြန်မာမှာ နိုင်ငံမဲ့ အရေအတွက်က ကမ္ဘာမှာ အများဆုံးလောက် ဖြစ်နေပါတယ်။ အဲဒီတော့ ဒီအခြေအနေက ဆက်ပြီးတော့ သွားလို့ မသင့်တော်တဲ့ အခြေအနေပါ။ အဲဒီတော့ ကျွန်တော်တို့ ဒီအကြံပြုချက်တွေ အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီးတော့ အကောင်း ဘယ်လောက်မြင်သလဲဆိုရင် အကောင်းမြင်ပါတယ်။ အကောင်အထည် ဖော်နိုင်အောင်လည်း တတ်နိုင်သမျှ ကြိုးပမ်းအားထုတ်သွားဖို့ လိုတယ်လို့ ဒီလို ပြောချင်ပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် လူမှုစီးပွားရေး ဖွံ့ဖြိုးရေး၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံရေးကဏ္ဍနှင့် လူ့အဖွဲ့အစည်းများတွင် ကိုယ်တိုင်ပါဝင်မှုနှင့် ကိုယ်စားပြုမှု၊ IDP ကိစ္စရပ်များ၊ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးမှု၊ လူ့အဖွဲ့အစည်းများအကြား ပေါင်းစည်းရေး၊ လူ့အဖွဲ့အစည်း အားလုံး၏ လုံခြုံရေး၊ ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေ အကြံပြုချက်များ ဖော်ပြထားပြီး ရခိုင်နှင့် မွတ်စလင်ဟုသာ ရေးသားထားကာ ဘင်္ဂါလီ အသုံးအနှုန်းအား တစ်စုံတစ်ရာ ရေးသားထားခြင်း မရှိပေ။

အဆိုပါ ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာ ခုနစ်ခုနှင့် အလွတ်တန်းသတင်းထောက် တစ်ဦး မေးမြန်းခွင့် ရရှိခဲ့ပြီး ထိုသို့ မေးမြန်းမှုများတွင် ဘင်္ဂါလီသတင်းများ အစဉ်တစ်စိုက် ရေးသားလေ့ရှိသည့် BBC (မြန်မာပိုင်း)၊ BBC (အင်္ဂလိပ်ပိုင်း)၊ ရိုက်တာ၊ အယ်လ်ဂျာဇီးယား၊ CNA သတင်းဌာနများ အဓိကမေးမြန်းခွင့် ရရှိမှုအပေါ် ဝေဖန်မှုများ ရှိနေသည်။

Most Read

Most Recent