မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့တော်နယ်နိမိတ်အတွင်း နှစ်စဉ်ကောက်ခံရရှိသည့် အရပ်ရပ်အခွန်ငွေ စုစုပေါင်း၏ ငါးရာခိုင်နှုန်းအား ပစ္စည်းခွန် (Property Tax) အဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကောက်ခံမည်

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့တော်နယ်နိမိတ်အတွင်း နှစ်စဉ်ကောက်ခံရရှိသည့် အရပ်ရပ်အခွန်ငွေ စုစုပေါင်း၏ ငါးရာခိုင်နှုန်းအား ပစ္စည်းခွန် (Property Tax) အဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကောက်ခံမည်
Published 4 July 2018

ဗိုလ်တထောင်ဆိပ်ကမ်းအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့တော်နယ်နိမိတ်တွင်း နှစ်စဉ်ကောက်ခံရရှိသည့် အရပ်ရပ်အခွန်ငွေ စုစုပေါင်း၏ ငါးရာခိုင်နှုန်းဖြင့် ညီမျှသောငွေအား ပစ္စည်းခွန်အဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ၌ ဖော်ပြထားသည်။

“ကျွန်တော်တို့က ဥပဒေကို ဆွဲပေးတယ်။ အခုက ဆိပ်ကမ်းအာဏာပိုင်ဆီက ငါးရာခိုင်နှုန်း ကောက်မယ်ဆိုတဲ့ ပုံစံကို ချပေးတယ်။ စည်ပင်အခွန်ဌာနတို့ကို သီးခြားခွဲထုတ်လိုက်တယ်။ ဌာနတွေကို ခြုံလိုက်တဲ့ အခါကျတော့ ၁၀ ဖွဲ့ပဲရှိတော့တယ်။ အရင်က ၂၂ ဖွဲ့ရှိတယ်။ အခွန်ဌာနကို သီးခြားတော့ လုပ်ထားတယ်။ အခွန်ဌာနတို့ စစ်ဆေးရေးဌာနတို့ကို သီး ခြားလုပ်ထားတယ်}} ဟု ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် နိုင်ငံပိုင် အဆောက်အအုံနှင့် မြေများပေါ်တွင် ပစ္စည်းခွန်ကို တိုင်းဒေသကြီး၏ အခွန်အခ ဥပဒေနှင့်အညီ ကြီးကြပ်ကောက်ခံရမည် ဖြစ်ကြောင်း၊ ကော်မတီသည် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ မြို့တော်နယ်နမိတ်အတွင်း နှစ်စဉ်ရရှိသည့် အရပ်ရပ်အခွန်ငွေ စုစုပေါင်း၏ ငါးရာခိုင်နှုန်းနှင့် ညီမျှသောငွေကို ပစ္စည်းခွန်အဖြစ် ကြီးကြပ်ကောက်ခံရမည် ဖြစ်ကြောင်း ဥပဒေတွင် ပါရှိသည်။

ထို့ပြင် ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အခွန်အခ ဥပဒေနှင့်အညီ ပစ္စည်းခွန်၊ မြေခွန်၊ မြေခများနှင့် ပိုင်ဆိုင်ခွန်များ၊ ရေခွန်၊ ရေဖိုး၊ ရေခ၊ မိလ္လာခွန်၊ မိလ္လာခ၊ အမှိုက်နှင့် အညစ်အကြေးခွန်၊ အများသုံးအိမ်သာခွန်နှင့် အထွေထွေအခွန်များ၊ ယာဉ်များနှင့် သက်ဆိုင်သော ဘီးခွန်၊ ညအိပ်ခွန်၊ လမ်းအသုံးပြုခနှင့် ယာဉ်ရပ်နားခများ၊ ပုဂ္ဂလိကပိုင်ဈေးများ၊ ဆိုင်ခန်းများ၊ ရုပ်ရှင်ရုံများ၊ ကပွဲရုံများ၊ အပန်းဖြေရိပ်သာများ၊ အရောင်းပြခန်းများ၊ ကျန်းမာရေး စင်တာများ၊ သင်တန်းကျောင်းများ၊ မင်္ဂလာခန်းမများ၊ ရပ်နားခ ရယူထားသော ယာဉ်ရပ်နား အဆောက်အအုံများ၊ ပုဂ္ဂလိကပိုင် အားကစားကွင်းများ၊ စက်ရုံအလုပ်ရုံများ၊ စက်မှုလုပ်ငန်းများ၊ ကုန်တိုက်များ၊ ဂိုဒေါင်များ၊ ဆိပ်ကမ်းများ၊ ဆိပ်ကမ်း သင်္ဘောကျဉ်းများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၊ ဂေါက်ကွင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘော်ဒါဆောင်များ၊ တည်းခိုခန်းများ၊ အပေါင်ဆိုင်များ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ ဆီသိုလှောင်ရုံ၊ သိုလှောင်ကန်များ၊ ပုဂ္ဂလိကဘဏ်များ၊ ပွဲရုံများ၊ စက်မှုဇုန်ရှိ အဆောက်အအုံများ၊ အခန်းများ၊ စီးပွားရေး လုပ်ကိုင်သော မြေများ၊ မြေနှင့် အဆောက်အအုံများ အစရှိသည်တို့ကို ကောက်ခံရမည် ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံနှင့် မြေများပေါ်တွင် ပစ္စည်းခွန် ကြီးကြပ်ခြင်းမပြုခံရသည့် ကိစ္စရပ်များသည် ဘာသာရေးအတွက်ဖြစ်သော အဆောက်အအုံများ၊ မြေကွက်များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသည့် အစိတ်အပိုင်းများ၊ ကော်မတီပိုင် အဆောက်အအုံများ၊ မြေများ၊ သချုႋင်းမြေများ၊ အစိုးရအဖွဲ့မှ ကင်းလွတ်ခွင့်ပြုရန် သတ်မှတ်ထားသည့် အစိုးရဆေးရုံ၊ ပရဟိတရိပ်သာ စသည်တို့ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေကို ဇွန် ၂၅ ရက်နှင့် ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဥပဒေပါ အခန်း၊ အပိုဒ်ခွဲ၊ အပိုဒ်ခွဲငယ်များ၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ဖြည့်စွက်ခြင်းများကို ဆွေးနွေးပြီး အတည်ပြုပြဋ္ဌာန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဇွန် ၂၈ ရက်တွင် အတည်ပြု လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent